ကချင်ပြည်နယ် မြစ်ဆုံကနေစတင်စီးဆင်းတဲ့ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့အဓိက အသက်သွေးကြော မြစ်တစ်စင်းဖြစ်သလို မြစ်ဆုံဆိုတာ ဒေသခံတွေအတွက် သမိုင်းကြောင်းအရ အရေးပါတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

“ဧရာဝတီ မြစ်ဖျားအစ မေခမလိခ ပေါင်းဆုံရာဒေသ၊ သုံးမြောင့်ပုံသဏ္ဍာန် တြိဂံနယ်မြေ၊ မြောက်ပိုင်းရဲ့ ကုန်းမြင့်မှာတည်ရှိနေ၊ စိမ်းလန်းသောမြက်ခင်းများစိုစိုပြေ” ဆိုတဲ့ သီချင်းစာသားတွေဟာ မြစ်ဆုံဒေသရဲ့ လှပမှုကို ဖော်ကျူးနေသလို မြန်မာနိုင်ငံသားအားလုံးအတွက် ဂုဏ်ယူရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဒီလို လှပပြီး သမိုင်းဝင်နေရာ မြစ်ဆုံဒေသမှာ ဒီနှစ် (၂၀၂၁) မေလကနေစပြီး ဒေသခံလုပ်ငန်းရှင်တွေ စက်ယန္တရားနဲ့ ရွှေတူးဖော်နေကြပါတယ်။

လက်ရှိစက်ယန္တရားကြီးတွေနဲ့တူးဖော်နေတဲ့နေရာကတော့ မြစ်ဆုံအထက် လေးဖာလုံခန့်အကွာ မလိခမြစ်ဘေးမှာဖြစ်ပြီး ပေ ၁၀၀ လောက်နက်တဲ့အထိ တူးဖော်နေတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတွေကပြောပါတယ်။

ဒီလို တူးဖော်ခွင့်ကို NLD အစိုးရက လေးဧကတူးဖော်ခွင့် ချပေးခဲ့တာဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မေလကနေ စတင်တူးဖော်နေတာဖြစ်ပြီး ဘယ်နှစ်ဧကအထိ တူးဖော်နေသလဲဆိုတာကို အတိအကျမသိသေးပါဘူး။

မြစ်ဆုံမှာရွှေတူးနေတာ ဘယ်သူတွေလဲ

မြစ်ဆုံဒေသမှာ ရွှေတူးဖော်နေတာဟာ ကချင်လူထုအပေါ်ဩဇာလွမ်းမိုးမှုရှိတဲ့ ဂျိတ်လန်းကုမ္ပဏီပိုင်ရှင် ဦးယွပ်ဇော်ခေါင်ရဲ့ ဂျိတ်လန်းကုမ္ပဏီ (Jadeland Company Ltd.) ဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ Peace Talk Creation Group (PCG) မှာ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်နေသူ ဦးယွပ်ဇော်ခေါင်ဟာ စစ်ကောင်စီခန့် လက်ရှိ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ခမည်းခမက်တော်စပ်သူဖြစ်ပါတယ်။

ဦးယွပ်ဇော်ခေါင်ဟာ ကချင်လုပ်ငန်းရှင်တစ်ဦးလို့ဆိုပေမယ့် ယခင်က ကျောက်စိမ်းလုပ်ငန်း၊ သစ်လုပ်ငန်းနဲ့ ရွှေတူးဖော်တဲ့လုပ်ငန်းတွေကို အဓိကလုပ်ကိုင်သူပါ။

ကချင်လူထုအပေါ်မှာ ဦးယွပ်ဇော်ခေါင်အနေနဲ့ လွမ်းမိုးမှုရှိနေတာဟာ PCG မှာ ပါဝင်နေတဲ့အတွက်ကြောင့်ပဲတော့ မဟုတ်ပါဘူး။

ကချင်လူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ရိုးရာမနောင်ကွင်းတည်ဆောက်တဲ့လုပ်ငန်းစဉ်၊ မနောင်ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌအနေနဲ့ နှစ်ပေါင်းများစွာ ပါဝင်ခဲ့တဲ့အတွက် ကချင်လူထုက အသိအမှတ်ပြုလေးစားတဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

မြစ်ဆုံမှာ ရွှေတူးဖော်တာနဲ့ ပတ်သက်ပြီး ကချင်လူထုကြားမှာ သဘောထားကွဲလွဲ

မြစ်ဆုံဒေသမှာရွှေတူးဖော်တာကို တန်ဖရဲကျေးရွာဒေသခံတွေနဲ့ လက်ရှိ အောင်မြင်သာမှာနေထိုင်ကြတဲ့ ပြည်သူလူထုက အစဉ်တစိုက်ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။

ဒေသခံလူထုတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ ဆန့်ကျင်ကန့်ကွက်နေကြပေမယ့် ထူးခြားမှုမရှိတာကြောင့် အောက်တိုဘာလ ၁၄ရက်နေ့ကမှာ ထုတ်ပြန်ကြေညာချက်တစ်ခုကို ထပ်မံထုတ်ပြန်ကန့်ကွက်ခဲ့ပါတယ်။

ကချင်ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေဟာလည်း ဖမ်းဆီးခံရမယ့်အန္တရာယ်ရှိပေမယ့် မြစ်ဆုံဒေသရေရှည်တည်တံ့ရေး လှုပ်ရှားမှုတစ်ခုကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်ခဲ့ကြပြီး ဒေသခံလူထုနဲ့အတူရပ်တည်ကြောင်း ပြသခဲ့ပါတယ်။

ဒီလို ဆန့်ကျင်ကန့်ကွက်နေကြပေမယ့် အကြီးစားရွှေတူးဖော်တဲ့လုပ်ငန်းက ရပ်တန့်မသွားသလို လုံခြုံရေးတွေအထူးတင်းကြပ်ထားပြီး ဒီနေ့အထိ ဆက်လက်တူးဖော်နေဆဲပါ။

တစ်ဖက်မှာလည်း ဦးယွပ်ဇော်ခေါင် ယခင်ကလုပ်ဆောင်ခဲ့တဲ့ ပရဟိတလုပ်ငန်းတွေကြောင့် မြစ်ဆုံဒေသမှာရွှေတူးဖော်တာကို အပြစ်မမြင်ဖို့ ပြောဆိုနေကြသူတွေရှိကြပါတယ်။

ဒီလိုပြောဆိုနေကြသူတွေထဲမှာ ကချင်နာမည်ကြီးအဆိုတော်နဲ့ တေးရေးဆရာ ဦးဇုန်းကိလည်း ပါဝင်ပါတယ်။

ဦးဇုန်းကိဟာ စောင့်ကြည့်သူ (follower) နှစ်သောင်းကျော်ရှိတဲ့ သူ့ရဲ့ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဦးယွပ်ဇော်ခေါင်ကို အပြစ်မမြင်ကြဖို့နဲ့ သူ့ရဲ့ ပေးဆပ်မှုတွေရှိတဲ့အကြောင်းရေးသားဖော်ပြခဲ့ပါတယ်။

ဒီလိုရေးသားဖော်ပြခဲ့တာကို မျှဝေသူ ၂၀၀ နီးပါးရှိပြီး မှတ်ချက်ပေးသူ ၂၀၀ ကျော်မှာ အများစုက သူ့ကိုလေးစားအားကျကြောင်းရေးသားထားကြပါတယ်။

ဦးယွပ်ဇော်ခေါင်အနေနဲ့ လွန်ခဲ့တဲ့အချိန်တုန်းက ဘာတွေကောင်းတာပဲလုပ်ခဲ့ပါစေ ကချင်တွေရဲ့သမိုင်းဝင်နေရာ၊ နိုင်ငံရဲ့ အသက်သွေးကြောနေရာကို ကိုယ်ကျိုးအတွက် ဖျက်ဆီးပစ်တာဟာ ဘယ်လိုဆင်ခြေနဲ့မှ လက်ခံနိုင်စရာမရှိပါဘူး။

မြစ်ဆုံဒေသမှာ ရွှေတူးတဲ့ကိစ္စဟာ KPICT အတွက် စာမေးပွဲတစ်ခု

ကြားကာလရဲ့ ကချင်ဒေသဆိုင်ရာစီမံအုပ်ချုပ်ခွင့်ကို ရယူဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Kahin Political Interim Coordination Team (KPICT) ရဲ့ ပြောရေးဆိုခွင့်ရှိသူက The 74 Media နဲ့ အင်တာဗြူးမှာ ဖြေကြားခဲ့ပေမယ့် မြစ်ဆုံဒေသမှာ ရွှေတူးဖော်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်အထိ တရားဝင် ကန့်ကွက်တာ၊ တားဆီးတာမျိုးတွေ မတွေ့ရသေးပါဘူး။

KPICT ကိုယ်စား အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) မှာ သဘာဝသယံဇာတရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာတူးခေါင်ဟာလည်း ကြားကာလ သဘာဝ သယံဇာတ စီမံခန့်ခွဲရေးနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းကို ရေးဆွဲထားပြီးဖြစ်ပေမယ့် CRPH နဲ့ ညှိနှိုင်းဆွေးနွေးရဦးမယ်လို့ ဆိုထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအတွက် မူဝါဒရေးဆွဲနေရတာဖြစ်လို့ အချိန်ယူရဦးမှာဖြစ်တဲ့အတွက် နားလည်ပေးကြဖို့အတွက် ဒေါက်တာတူးခေါင်က သူ့ရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာ ဂျိန်းဖောဘာသာနဲ့ ရေးသားထားပါတယ်။

ရွှေတူးဖော်တာဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးဝါးစွာဖျက်ဆီးပစ်တာဖြစ်တဲ့အပြင် ဒေသခံတွေ အဆက်မပြတ်ကန့်ကွက်နေတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက် ဦးယွပ်ဇော်ခေါင် အပါအဝင် မြစ်ကြီးနားမြို့၊ အင်ဂျန်းယန်မြို့နဲ့ ဆွမ်ပရာဘွမ်မြို့တွေမှာ စက်ယန္တရားတွေနဲ့ ရွှေတူးဖော်နေတဲ့ ကချင်လုပ်ငန်းရှင်တွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာဟာ KPICT အနေနဲ့ အနှေးနဲ့ အမြန်ဖြေရမယ့် စာမေးပွဲတစ်ခုဖြစ်ပါတယ်။

မြစ်ဆုံကို ဖျက်ဆီးနေပေမယ့် KBC ဘာကြောင့်နှုတ်ဆိတ်နေသလဲ

ကက်သလစ်အသင်းတော် မြစ်ကြီးနားဂိုဏ်းအုပ်သာသနာက ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အချက် ငါးချက်ပါဝင်တဲ့ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး စက်ယန္တရားနဲ့ ရွှေတူးဖော်တာကို ရပ်တန့်ဖို့တောင်းဆိုလိုက်ပါတယ်။

တောင်းဆိုချက် ငါးချက်မှာ သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပျက်စီးစေတဲ့ စက်ယန္တရားနဲ့ ရွှေတူးဖော်တာရပ်တန့်ဖို့၊ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင်းအရေးကို အသိအမှတ်ပြုဖို့၊ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာ အုပ်ချုပ်ရေးအဖွဲ့တွေ ဖြေရှင်းပေးဖို့၊ လူမှုအဖွဲ့အစည်းတွေအနေနဲ့ လူထုနဲ့ တစ်သားတည်းရပ်တည်ပြီး ကူညီဖြေရှင်းပေးဖို့နဲ့ သယံဇာတတူးဖော်တာကို လျှော့ချပြီး လူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်တဲ့ စီးပွားရေးလုပ်ငန်းကို ဖော်ဆောင်ဖို့ဆိုတာတွေ ပါဝင်ပါတယ်။

ကက်သလစ်အသင်းတော်က တောင်းဆိုချက်တွေကို ထုတ်ပြန်ခဲ့ပေမယ့် ကချင်လူထုအပေါ် ဩဇာရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဟာ မြစ်ဆုံဒေသမှာ ရွှေတူးဖော်တာနဲ့ပတ်သက်ပြီး ဒီနေ့အချိန်အထိ နှုတ်ဆိတ်နေတာဟာ အံ့ဩစရာကောင်းနေပါတယ်။

“ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း” ဆိုတဲ့ စကားပုံလိုပဲ မြစ်ဆုံဒေသကိုဖျက်ဆီးပစ်နေတာကို မကန့်ကွက်ဘဲ နှုတ်ဆိတ်နေတာဟာ မေးခွန်းထုတ်စရာဖြစ်နေပြီး KBC အနေနဲ့ ဒီဖြစ်စဉ်မှာ လူထုနဲ့ ရပ်တည်ကြောင်း အမြန်ဆုံး ပြသသင့်ပါတယ်။

ကချင်လူထုရဲ့ ဘာသာရေးသာမက လူမှုစီးပွားရေးနဲ့ လူမှုနိုင်ငံရေးကိစ္စရပ်တွေကို အမြဲဦးဆောင်ပါဝင်ခဲ့တဲ့ KBC အနေနဲ့ မြစ်ဆုံဒေသကို ဖျက်ဆီးနေတဲ့သူတွေကို တရားဝင်ကန့်ကွက်တာနဲ့ ဆုံးမတာကို အမြန်ဆုံး လုပ်ဆောင်သင့်ပါတယ်။

ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါတယ်

မြစ်ဆုံဒေသမှာ တရုတ်ကုမ္ပဏီတွေ ရေကာတာစီမံကိန်းပြုလုပ်ဖို့ကြိုးစားခဲ့ကြတုန်းက တစ်နိုင်ငံလုံးက သွေးချင်းညီအစ်ကိုတွေ ဝိုင်းဝန်းကန့်ကွက်ခဲ့တဲ့အတွက် ၂၀၁၁ ခုနှစ်ကနေ ဒီနေ့အချိန်အထိ စီမံကိန်းရှေ့ဆက်မတိုးနိုင်ဘဲ ရပ်ဆိုင်းခဲ့ရပါတယ်။

မြစ်ဆုံဒေသဟာ နိုင်ငံရဲ့အရေးကြီးတဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် ဒီနေရာမှာ ရွှေတူးဖော်တာကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာဟာလည်း ရေကာတာစီမံကိန်းလုပ်လို့ ပျက်စီးတာနဲ့ အတူတူပဲဖြစ်ပါတယ်။

ဒါကြောင့် မြစ်ဆုံရေကာတာကို ကန့်ကွက်ခဲ့သလို ပြည်သူလူထုအားလုံးအနေနဲ့ မြစ်ဆုံဒေသမှာ စက်ယန္တရားတွေနဲ့ ရွှေတူးဖော်တာကို ကန့်ကွက်ကြရမှာပါ။

“ကမ္ဘာကြီးကို ဘိုးဘေးတွေဆီက အမွေဆက်ခံခဲ့တာမဟုတ်ဘူး။ အနာဂတ်မျိုးဆက်တွေဆီက ငှားထားတာပါ” ဆိုတဲ့ ဌာနေအမေရိကန်စကားပုံလိုပဲ မြစ်ဆုံကိုလည်း အနာဂတ်မျိုးဆက်တွေဆီက လက်ရှိမျိုးဆက်တွေ ငှားရမ်းထားတာပါ။

မြစ်ဆုံဒေသကို အနာဂတ်မျိုးဆက်တွေကို ပကတိသဘာဝအတိုင်းလှပစွာ ပြန်ပေးခဲ့နိုင်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဦးယွပ်ဇော်ခေါင်အနေနဲ့ လွန်ခဲ့တဲ့အချိန်တုန်းက လူမျိုးအတွက်၊ ဒေသအတွက်လုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေ၊ ပရဟိတလုပ်ငန်းတွေအားလုံးကို မြစ်ဆုံဒေသမှာ ရွှေတူးဖော်ပြီး ချေဖျက်တာမျိုး မလုပ်သင့်ဘူးလို့ တိုက်တွန်းတင်ပြချင်ပါတယ်။

မင်းနိုင်

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ