စစ်ကောင်စီတပ်က ကနီမြို့နယ်၊ ဆူးလေကုန်းကျေးရွာကို ယနေ့ နံနက် ၁၂ နာရီခွဲခန့်က လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)မှ ပါရာမော်တာ(paramotor)နှစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကနီမြို့နယ် ပ.က.ဖ တာဝန်ခံက The 74 media ကိုပြောသည်။
“(တိုက်ပွဲတွေ၊ စစ်ကြောင်းတွေ) ဘာမှမရှိပါဘူး ပုံမှန်အခြေအနေပါပဲ။ ရမ်းသမ်းပြီးလာပစ်တဲ့ သဘောဟုတ်ပါတယ်။ ပြည်သူတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ။ သေဆုံးတဲ့သူကတော့ ပွဲချင်းပြီး ဆေးကုသမှုမခံလိုက်ရပါဘူး” ဟုပြောသည်။
စစ်ကောင်စီတပ်မှ ကြဲချလိုက်သော ဗုံးသည် ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်နှင့် ကားတစ်စီး ထိခိုက်ပျက်စီးသွားခဲ့သည်။
အခြားဗုံးမှာ ကျေးရွာအနောက်မြောက်ဘက်ရှိ လူနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမျိုးသားတစ်ဦးသေဆုံးက တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကနီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကြောင်းထိုးခြင်း မရှိသော်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ နှစ်ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ကနီမြို့နယ်အတွင်းမှ ထောက်ကြံ့ကုန်းကျေးရွာကို ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ပြည်သူနှစ်စုစုပေါင်းလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
သတင်း – Dureng
ပုံ – ထိခိုက်ပျက်စီးသွားသည့်နေအိမ်နှင့် ဘုန်းကြီးကျောင်း (ဓါတ်ပုံ – ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့)