ဆောင်းပါး – ကောင်းထက်မြတ်

“ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဌာန်ပြုပေ ထိန်းသိမ်းစို့လေ၊ တို့ဘိုးဘွားအမွေအစစ်မို့ ချစ်မြတ်နိုးပေ”

နိုင်ငံတော်သီချင်းဖြစ်သည့် ကမ္ဘာမကျေ သီချင်းကို ငယ်စဉ်တောင်ကျေး ကျောင်းနေအရွယ် ကလေးဘဝမှစပြီး နိုင်ငံသားတိုင်း သီဆိုခဲ့ကြဖူးသည်။

အဆိုပါစာသားများတွင် အခြားအဓိပ္ပါယ်များ ရှိနိုင်မည်ဖြစ်သော်လည်း ပြည်ထောင်စုနယ်မြေအတွင်းရှိ သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘိုးဘွားများ၏ အမွေအနှစ်များဟု အဓိပ္ပါယ်ဖွင့်ဆိုလျှင် မှားယွင်းမည် မဟုတ်ချေ။

အမွေအနှစ်သည် နိုင်ငံတစ်ခု၊ လူမျိုး၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းတို့၏ ဖြစ်တည်မှုကို မီးမှောင်းထိုးပြနေသောကြောင့် နိုင်ငံတော်သီချင်းတွင် ထည့်သွင်းရခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း အဖိုးတန်ရှေးဟောင်းအမွေအနှစ်များတည်ရှိနေသော နယ်မြေဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ၊ ပဋိပက္ခများဖြစ်ပွားလျက်ရှိသည်။

နိုင်ငံနှင့်ပြည်သူများအပေါ် သစ္စာစောင့်တည်မည်ဟုဆိုသော စစ်ကောင်စီတပ်သည် ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေသည့်အပြင် နိုင်ငံ၏ အဖိုးတန် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရမည့်အစား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေသည်။

 

စစ်ကောင်စီတပ် ဘာတွေ ဖျက်ဆီးခဲ့လဲ

လွတ်လပ်သော သတင်းမီဒီယာများ၊ ဒေသခံများ၏ ဖော်ပြချက်အရ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းတို့မှ အမွေအနှစ် (၆) နေရာကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းနှင့် တပ်စွဲခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော အမွေအနှစ်များတွင် ဂျပန်ခေတ်က ဓမ္မာရုံတစ်ခုလည်းအပါအဝင်ဖြစ်သည်။ အဆိုပါ ဓမ္မာရုံသည် စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဧရာဝတီမြစ်အနီးရှိ မင်းတန်းကျေးရွာမှာတည်ရှိပြီး ရှေးဟောင်းသစ်လုံးကြီးများဖြင့် ဆောက်လုပ်ထားသော တစ်ထပ်အဆောက်အအုံဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလက စစ်ကောင်စီတပ်က နှစ်တစ်ရာကျော်သက်တမ်းရှိသော အဆိုပါရှေးဟောင်းဓမ္မာရုံကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဓမ္မာရုံအတွင်းရှိ ပရိဘောဂများ၊ အသံချဲစက်များ၊ ဆိုင်းဝိုင်းများနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများ မီးလောင်ပြာကျခဲ့သည်။

မင်းတန်းဒေသခံများသည် အဆိုပါဓမ္မာရုံတွင် ဘာသာရေးပွဲ၊ သာရေးနာရေးနှင့် ရပ်ရွာအစည်းအဝေးများ ပြုလုပ်နေပြီး ဒေသခံများကို အကျိုးပြုနေသာ အဆောက်အအုံဖြစ်သည်။

ဒုတိယမြောက်ဖြစ်စဉ်သည် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဟန်ဟင်းပျူမြို့ဟောင်းနယ်မြေတွင် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၂ခုနှစ်က တပ်စွဲကာ ပျူမြို့ဟောင်းဧရိယာအတွင်းရှိ ဟန်လင်းကြီးရွာ၊ ကံကြီးတောရွာနှင့် ငပိအိုးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဟန်လင်းမြို့ဟောင်းနယ်မြေအတွင်း တပ်စွဲထားချိန် ဘုန်းကြီးကျောင်းတစ်ခုမှ ခရီးသွားပြည်သူများကို ပြသထားသည့် အဖိုးတန်ရှေးဟောင်း ပစ္စည်းများ ခိုးယူခံခဲ့ရပြီး မှန်ဘောင်များလည်း ရိုက်ခွဲဖျက်ဆီးခံခဲ့ရသည်။

ပြီးခဲ့သည့် မေလ တတိယအပါတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများပူးပေါင်းကာ ဟန်လင်း ပျူမြို့ဟောင်းတွင် ရွှေရှာစက်များဖြင့် ရှေးဟောင်းပစ္စည်းများကို လိုက်လံရှာဖွေနေကြောင်း ဒေသခံများထံမှသိရသည်။

ယခင်က ရှေးဟောင်းသုတေသနဦးစီးဌာနဝန်ထမ်းများ စောင့်ကြည့်နေသည့်ကြားမှ ဟန်လင်းပျူမြို့ဟောင်းရှိ ရှေးဟောင်းပစ္စည်းများ ခိုးယူခံရခြင်းနှင့် ဖျက်ဆီခံနေရခြင်းများ ကြုံတွေ့ခဲ့ရပြီး လက်ရှိကာလတွင် စောင့်ကြည့်ခြင်း၊ အရေးယူခြင်း ကင်းမဲ့နေသော အခြေအနေတွင် ဟန်လင်းပျူမြို့ဟောင်း၏ အနာဂါတ်သည် စိုးရိမ်ဖွယ်ဖြစ်နေသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့် ပဋိပက္ဖဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းကဲ့သို့ ဒေသများအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးနေသည်သာမကပဲ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် မြို့ပြများမှ ရှေးဟောင်းအမွေအနှစ်များကိုလည်း ပေါ်ပေါ်တင်တင် ဖျက်ဆီးနေသည်။

ပြီးခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းက မန္တလေးတိုင်း တောင်တမန်ရှိ ကျောက်ခေတ်နှောင်းပိုင်းက ရှေးဟောင်းအမွေအနှစ်များ တူးဖော်တွေ့ရှိသည့် နေရာကို မြေတူးစက်များဖြင့် ဖျက်ဆီးကာ ကျောက်အပိုင်းအစများဖြင့် လမ်းပြုလုပ်ခဲ့သည်။

လက်ရှိ ထိုနေရာတွင် “၁၉၇၁ ခုနှစ်က ကျောက်ခေတ်ယဉ်ကျေးမှု အထောက်အထားများ တူးဖော်သည့်နေရာဖြစ်သည်” ဟု ရေးသားထားသော ကျောက်စာတိုင်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုတွင် အဆောက်အအုံ၊ အမွေအနှစ်နယ်မြေများတင်မကဘဲ အာဆီယံအမွေအနှစ်ဥယျာဉ်လည်း ပါဝင်သည်။

ချင်းပြည်နယ်၏ အထင်ကရဒေသတစ်ခုဖြစ်သည့် ခေါနုသုမ်တောင်ကို စစ်ကောင်စီစစ်ကြောင်းက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ကန်ပက်လက်မြို့မှ မတူပီမြို့သို့ စစ်ကြောင်းထိုးချိန် ခေါနုသုမ်တောင်ခြေရှိ ဒေသအခေါ် ဝမ်ဘူတောင်မှ စတင်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဧက ရာဂဏန်း မီးလောင်ပျက်စီးသွားခဲ့သည်။

သစ်ပင်များမီးလောင်ကျွမ်းခြင်းနှင့်အတူ သားငှက်တိရစ္ဆာန်များ ခေါနုသုမ်တောင်ကို စွန့်ခွာသွားကြောင်း ဒေသခံများကဆိုသည်။

ခေါနုသုမ်တောင်သည် ပြည်တွင်းပြည်ပမှ တောင်တက်ဝါသနာရှင်များ၊ ရုက္ခဗေဒပညာရှင်များ၊ ငှက်ဝါသနာရှင်များနှင့် အလည်အပါတ်လာရောက်သူများကြောင့် ဒေသခံများအတွက် ဝမ်းစာရှာပေးနေသော အမျိုးသားဥယျာဉ်တစ်ခုဖြစ်သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က ချင်းဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခံရခြင်းများ ကျူးလွန်ခဲ့သည့်အပြင် အာဆီယံအမွေအနှစ်ဥယျာဉ်ဖြစ်သော ခေါနုသုမ် ခေါ် နတ်မတောင်မှ သဘောဝပေါက်ပင်နှင့် တောရိုင်းတိရစ္ဆာန်များကိုပါ မီးရှို့သတ်ဖြတ်ခဲ့သည်။

ငါးခုမြောက်အဖြစ် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ မြောင်မြို့မှ ကိုလိုနီ‌ခေတ်က ဗိသုကာလက်ရာဖြစ်သည့် ဝက်မစွတ်ကျောင်းတိုက်တွင် တပ်စွဲခြင်း၊ ညစဉ်ကင်းပုန်းဝပ်ကာ ပြည်သူများကို ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါရှေးဟောင်းကျောင်းတိုက်မှာ နှစ်ထပ်ကျောင်းတိုက်အမျိုးအစားဖြစ်ကာ ကြောင်လိမ်လှေကားများ၊ စတိုခန်းများ၊ ကနုတ်လက်ရာများ၊ ဘုရားခန်း၊ စာတိုက်အပြင် မျက်နှာကျက်တွင် အင်္ဂလန်နိုင်ငံမှ မှာယူခဲ့သော ရွှေအစစ်များဖြင့် ပြုလုပ်ထားသည့် ဖန်ပွတ်လုံးများလည်းရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ညစဉ်ကင်းပုန်းဝပ်ခဲ့သည့် ဝက်မစွတ်ကျောင်းတိုက်တွင် ရှေးဟောင်းပစ္စည်းများ ဖျက်ဆီးခံရခြင်း၊ ပျောက်ဆုံးခြင်း ရှိ၊ မရှိကိုမူ မသိရှိရသေးပါ။

နောက်ဆုံးဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က ဥရောပတိုက်သား ပေါ်တူဂီလူမျိုးများ၏ မျိုးဆက်များဖြစ်သော ဘရင်ဂျီများနေထိုင်ရာ ချမ်းသာကျေးရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ခရစ်ယာန်ဘာသာဝင် ဘရင်ဂျီများ၏ နှစ်ပေါင်း ၁၂၉နှစ် သက်တမ်းရှိ သမိုင်းဝင်ရှေးဟောင်း မယ်တော်သခင်မ ဘုရားကျောင်းတွင် တပ်စွဲကာ အတွင်းပစ္စည်းများကို မွှေနှောက်ခြင်း၊ အရက်သေစာသောက်စားပြီးနောက် ပရိဘောဂများကိုစုပုံကာ ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

၎င်းတို့၏ သမိုင်းဝင်ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံရသောကြောင့် ပေါ်တူဂီနွယ်ဖွား ဘရင်ဂျီများက ငိုကြွေးကာ ယူကြုံးမရ ခံစားခဲ့ရကြောင်း သတင်းများတွင် ဖြေကြားထားသည်။

ကက်သလစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ချမ်းသာရွာမှ ရှေးဟောင်းဘုရားကျောင်းမီးရှို့ဖျက်ဆီးခံရမှုအပေါ် ဝမ်းနည်းစကားဆိုခဲ့သော်လည်း မြန်မာနိုင်ငံ ကက်သလစ်သာသနာပိုင် ကာဒီနယ်ချားလ်စ်ဘိုမှာမူ ဖြစ်စဉ်အပေါ် တိတ်ဆိတ်နေခဲ့သည်။

သတင်းများအရ ချမ်းသာကျေးရွာနှင့် ရှေးဟောင်းဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းမှာ လက်သည်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်း မော်လိုက်မြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၃၆၄) နှင့် ရန်ကုန်တိုင်း မှော်ဘီအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၇၀၁) တို့ဖြစ်သည်။

 

ရှေးဟောင်းအမွေအနှစ်ကို ဖျက်ဆီးရင် စစ်ရာဇဝတ်မှု‌မြောက်တယ်  

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်နေသည်ဟု ကြွေးကြော်နေသော စစ်ကောင်စီတပ်သည် ယဉ်ကျေးမှု အမွေအနှစ်များ မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ၎င်းတို့ လက်ကိုင်စွဲထားသော အမျိုး၊ ဘာသာ၊ သာသနာကို အမှန်တကယ် စောင့်ရှောက်နေသည်ဟုဆိုသော ပြောဆိုချက်များမှာ လက်တွေ့တွင် မေးခွန်းထုတ်စရာဖြစ်နေသည်။

ယူနက်စကို၏ ရှေးဟောင်းအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး နိုင်ငံတကာဥပဒေတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားသကဲ့သို့ ပြီးခဲ့သည့် ဧပြီလက တရုတ်နိုင်ငံတွင်ပြုလုပ်ခဲ့သည့် အာရှယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့တွင်လည်း မြန်မာနိုင်ငံလက်မှတ်ရေးထိုးခဲ့သည်။

လက်မှတ်ရေးထိုးထားသော်လည်း စစ်ကောင်စီတပ်က မြန်မာနိုင်ငံမှ အမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ရမည့်အစား မီးရှို့ဖျက်ဆီးခြင်းနှင့် ရှေးဟောင်းဘာသာရေး အဆောက်အအုံများကို အကာအကွယ်ယူကာ စစ်ရေးအတွက် အသုံးပြုနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ရေးပြင်းထန်နေသော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် နေရာများကို ကြားကာလအမွေအနှစ်များစာရင်းအဖြစ်သတ်မှတ်ထားသည်။

ထိုနေရာများတွင် စစ်ရေးမပြုလုပ်ရန်၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ တပ်စွဲခြင်းမပြုလုပ်ရန်နှင့် ခိုးယူခြင်း၊ ရောင်းချခြင်း၊ ကုန်သွယ်ခြင်း မပြုလုပ်ရန် ကြေညာထားသည်။ တားမြစ်ချက်များကို ကျူးလွန်ခဲ့လျှင် ဥပဒေ (၃) ခုဖြင့် အရေးယူသွားမည်ဟုထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ်က မာလီနိုင်ငံ တင်ဘတ်တူမြို့က ဘာသာရေးယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးခဲ့သော အစ်စလမ်မစ်သူပုန်အဖွဲ့ဝင် အယ်လ်မာဒီဆိုသူကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့သည်။

ထိုသူသည် အမွေအနှစ်ဖျက်ဆီးမှုကြောင့် ICC တွင် ပထမဆုံးတရားစွဲဆိုခံရသူဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်သည်။

ကမ္ဘာ့သမိုင်းတွင်လည်း တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံမှ အေဒီ ၆ ရာစုက လက်ရာဖြစ်သော ဗုဒ္စရုပ်ပွားတော်နှစ်ဆူကို ၂၀၀၁ ခုနှစ်က ဗုံးခွဲဖျက်ဆီးခြင်း၊ အိုင်စစ်စ်အဖွဲ့က ဆီးရီယားနိုင်ငံ ပါလ်မိုင်ရာမြို့ဟောင်းမှ ရှေးဟောင်းအမွေအနှစ် ဘုရားကျောင်းတစ်ခုကို ၂၀၁၅ ခုနှစ်က ဖောက်ခွဲဖျက်ဆီးခဲ့သည့် ဖြစ်ရပ်များလည်းရှိခဲ့သည်။

ထို့ကြောင့် စစ်ရာဇဝတ်မှု (War Crime) တွင် လူသတ်ခြင်း၊ ညည်းပန်းနှိပ်စက်ခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်းတို့တင်မကပဲ အမွေအနှစ်အဖြစ် ထိန်းသိမ်းထားသော နယ်မြေများကို ဖျက်ဆီးလျှင်လည်း စစ်ရာဇဝတ်မှုဖြင့် ICC တွင် တရားစွဲဆိုသွားမည်ဟု ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၁၇ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။

သမိုင်းဝင်အမွေအနှစ်များကို ဖျက်ဆီးသူသည် အကြမ်းဖက်သမား

ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသောနိုင်ငံများတွင် သမိုင်းဝင်အမွေအနှစ်တည်ရှိသောနေရာများ၊ အဆောက်အအုံများကို ငွေကြေးအကုန်အကျခံကာ ထိန်းသိမ်းစောင့်ရှောက်နေပြီး အမွေအနှစ်နယ်မြေများကို စည်းမျည်းစည်းကမ်းနှင့် ဥပဒေများဖြင့် ကာကွယ်ထားကြသည်။

လူသားတစ်ဦး သေဆုံးသွားလျှင် ပြန်အသက်မရှင်နိုင်သကဲ့သို့ ရှေးဟောင်းအမွေအနှစ်များသည် ဖျက်ဆီးခံရလျှင် ပြန်အစားထိုး၍ မရသောကြောင့် ရှေးဟောင်းအမွေအနှစ် ဖျက်ဆီးသူများကို အကြမ်းဖက်သမားများဟု ပညာရှင်များက နှိုင်းယှဉ်ပြောဆိုနေကြသည်။

ရှေးဟောင်းသုတေသနအရေးကျွမ်းကျင်သူ ကိုသူရအောင်က ရှေးဟောင်းအမွေအနှစ်များကို ဖျက်ဆီးသည့်လုပ်ရက်သည် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုနည်းတူ ပြစ်မှုကြီးမားကြောင်းနှင့် ပဋိပက္ခများကြောင့် ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှု တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း RFA သတင်းဌာနကိုဖြေကြားသည်။

လက်ရှိ စစ်ရေးတင်းမာနေသည့် မြန်မာနိုင်ငံရှိ အခြားဒေသအသီးသီးများတွင် ရှေးဟောင်းအမွေအနှစ်များတွင် တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ သုတေသနဝန်ထမ်းများနှင့် စောင်ကြပ်သူများ မရှိသောကြောင့် အမွေအနှစ်များ မီးရှို့ဖျက်ဆီးခြင်း၊ ခိုးယူခြင်းနှင့် ရောင်းဝယ်ခြင်းများဖြစ်ပွားလာမည်ကို ရှေးဟောင်းသုတေသနပညာရှင်များနှင့် အဖွဲ့အစည်းအသီးသီးက စိုးရိမ်နေကြသည်။

ဟန်လင်း ပျူမြို့ဟောင်းကဲ့သို့ စစ်ကိုင်းတိုင်း ဒေသအချို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သမိုင်းဝင် အဆောက်အအုံများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်နေသည်ဟုဆိုခဲ့သော်လည်း နယ်မြေစိုးမိုးနိုင်ခြင်းမရှိခြင်းက ၎င်းတို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။

လက်ရှိစစ်ရေးတင်းမာနေသော ဒေသများတွင် သမိုင်းဝင်းရှေးဟောင်းအဆောက်အအုံများ၊ အမွေအနှစ်နေရာများ၊ အာဆီယံဥယျာဉ်များ တည်ရှိနေသောကြောင့် တော်လှန်ရေးကာလကို အခွင့်ကောင်းယူကာ အမွေအနှစ်များကို ခိုးယူမည့်သူများ၊ ကုန်ကူးမည့်သူများနှင့် ဖျက်လိုဖျက်ဆီးပြုလုပ်လိုသူများအတွက် အကောင်းဆုံးအချိန်ဟုပင် ဆိုနိုင်သည်။

စစ်ကောင်စီတပ်၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပုဂံကဲ့သို့သော ရှေးဟောင်းအမွေအနှစ်နေရာများသို့ သွားရောက်ကာ ကာကွယ်ထိန်းသိမ်းရန် ပြောဆိုနေချိန်၌ မြေပြင်တွင်ရှိသော ၎င်း၏ စစ်ကောင်စီစစ်ကြောင်းများက ထင်ရာစိုင်းနေသည်။

နယ်ချဲ့ဖက်ဆစ်ဂျပန်တို့ပင် မီးရှို့ဖျက်ဆီးခြင်းမရှိခဲ့သော ရှေးဟောင်းသမိုင်းဝင်ဓမ္မာရုံကို စစ်ကောင်စီလက်ထက်တွင် ဆုံးရှုံးခဲ့ရသော မင်းတန်းဒေသခံ အသက် ၂၈ နှစ်အရွယ် တောင်သူတစ်ဦးက The 74 Media ကို ယခုလို ပြောသည်။

“ဂျပန်ခေတ်က လူမျိုခြားတွေကတောင်မှ ကျန်တာတွေမီးရှို့တယ်ဆိုပေမယ့် ဒီဓမ္မာရုံကြီးကို မီးရှို့မရှို့ခဲ့ကြဘူး။ ဒီမင်းအောင်လှိုင် လက်ထက်မှပဲ” ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်မှုဖြစ်သော ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု၊ အာဏာသိမ်းပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအပြင် နောက်ထပ် အမွေအနှစ်များကိုပါ ဖျက်ဆီးထားသည့် ရာဇဝတ်မှုများကို ကျူးလွန်ထားသည်။

ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုဒ္စဘာသာဘုရားကျောင်းကန်များအပြင် အဖိုးတန် ယဉ်ကျေးမှုအမွေအနှစ်များကို မီးရှို့ဖျက်ဆီးနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီအပေါင်းအပါများသည် ပြည်ထောင်စုအမွေအနှစ်များကို ထိန်းသိမ်းကြမည်၊ ချစ်မြတ်နိုးသည်ဟုဆိုကာ နိုင်ငံတော်သီချင်းကို အရှက်တရားကင်းမဲ့စွာဖြင့် ဆက်လက်သီဆိုနေဦးမည်ဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ