မည်သူမဆို ပူအိုက်လောင်မြိုက်ကာ ချွေးတသီးသီးဖြစ်နေမည့် ရာသီဥတုမျိုးကို ကြိုက်နှစ်သက်လိမ့်မည် မဟုတ်ပါ။

ထိုကဲ့သို့ ပူအိုက်လောင်မြိုက်သည့် ရာသီဥတုဖြစ်လာစေသည့် နောက်ကွယ်တွင် သစ်တောပြုန်းတီးမှုသည် တစ်ခုအပါအဝင်ဖြစ်သည်။

သစ်ပင်များသည် လူသားများအတွက် ရေသန့်၊ လေသန့်၊ အေးမြမှုနှင့် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်ပေးထားပြီး ကမ္ဘာပေါ်တွင် သစ်ပင်များမရှိပါက သက်ရှိများအားလုံး ပျောက်ကွယ်သွားမည်ဟု ပညာရှင်များကဆိုသည်။

လေ့လာချက်တစ်ခုအရ ဆေးရုံတက်နေသောလူနာတစ်ဦးသည် ဆေးရုံပြတင်းပေါက်မှ သစ်ပင်များကို အမြဲတမ်းမြင်တွေ့နေရလျှင် အခြားလူနာများထက် ၈ ရာခိုင်နှုန်း ဆေးရုံပိုစောကာ ဆင်းရသည်ဟုဆိုသည်။

သစ်ပင်များသည် လူသားများအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနေသော်လည်း မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် သစ်တောပြုန်းတီးမှုကို ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိကြောင်း သုသေသနအစီရင်ခံစာများ၏ ကိန်းဂဏန်းများကဖော်ပြနေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပဋိပက္ခ၊ အကျင့်ပျက်ချစားမှု၊ တရားဥပဒေယိုယွင်းမှုနှင့်အတူ နိုင်ငံအနှံ့အပြားတွင် တရားမဝင်သစ်ခိုးထုတ်မှုများ အရှိန်မြှင့်လာသည်။ ထိုတွင် စစ်ကိုင်းတိုင်းသည် ၂၀၂၂ခုနှစ်မှစတင်ပြီး သစ်ခိုးထုတ်မှုအခြေအနေသည် ထိန်းချုပ်မှုကင်းမဲ့နေသည်ဟုဆိုသည်။

ဘယ်ဒေသတွေမှာ သစ်ခိုးထုတ်နေလဲ

၂၀၁၅ ခုနှစ်က စစ်ကောင်စီ သစ်တောဦးစီးဌာနမှ ထုတ်ပြန်ထားသော အချက်အလက်များအရ စစ်ကိုင်းတိုင်းတွင် သစ်တောကြိုးဝိုင်းအရေအတွက် ၁၆၀ ရှိပြီး ကြိုးဝိုင်းတောဧရိယာ စုစုပေါင်း ၆ သန်းခန့်ရှိသည်။ သစ်တောဖုံးလွှမ်းမှုမှာ မြန်မာနိုင်ငံတွင် ဧက ၁၁ သန်းဖြင့် တတိယနေရာတွင်ရပ်တည်နေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သဘာဝတွင်းထွက်သယံဇာတများ ဒေသအသီးသီးတွင် အထိန်းအကွပ်မဲ့ ဥပဒေမဲ့ ခိုးထုတ်နေသကဲ့သို့ တိုင်းပြည်ရတနာတစ်ခုဖြစ်သော သစ်ပင်များ တစ်နေ့တခြား အထိန်းအကွပ်မဲ့ ခိုးထုတ်ခံနေရကြောင်း စစ်ကိုင်းဒေသခံများထံမှသိရသည်။

ဒေသခံများ၏ ပြောပြချက်နှင့် သတင်းမီဒီယာများ၏ ရေးသားချက်အရ လက်ရှိ အလွန်အကျွံ သစ်ခိုးထုတ်နေသည့် ဒေသများမှာ စစ်ကိုင်းတိုင်းမှ ကသာခရိုင်ဖြစ်သည်။ ကသာခရိုင်တွင် အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်၊ ကသာမြို့နယ်တို့ပါဝင်သည်။

အင်းတော်မြို့နယ် သူရောင်းကျေးရွာတွင် သစ်ခိုးထုတ်ယာဉ်မျိုးစုံ အစီး ၂၀ နှင့် ၅၀ ကြား ဖြတ်သန်းသွားလာနေသည်ကို နေ့စဉ်မြင်တွေ့နေရကြောင်း မော်လူးဒေသခံ တောင်သူတစ်ဦးက ပြောသည်။

“ဘယ်လောက်ထိဆိုးဝါးနေလဲဆိုရင် နေ့နေ့ညည အစိုးရကျွန်းစိုက်ခင်းတွေပါမကျန် ခိုးထုတ်နေကြတာ။ ကျွန်တော်တို့ ရွာအနောက်ဘက်က တော ဆိုရင်ဘာမှမရှိတော့ဘူး။ တန်ဖိုးရှိတဲ့ သစ်တွေကတော့ ပြောင်ကုန်ပြီပေါ့ဗျာ” ဟုဆိုသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က ၎င်းရိုက်ကူးထား‌သော ဓါတ်ပုံများအရ သစ်အတုံးလိုက်တင်ထားသော ၆ ဘီးကားနှင့် သုံးဘီးဆိုင်ကယ်များအပြင် အချောထည်ဖြတ်သားများ တင်ဆောင်ထားသော ယာဉ်မျိုးစုံ အစီး ၅၀ ခန့်ကို တစ်ရက်အတွင်းတွေ့ရှိခဲ့သည်ဟုဆိုသည်။

နယ်နိမိတ်ချင်းထိစပ်နေသော အင်းတော်နှင့်ဗန်းမောက်မြို့နယ်ရှိ သစ်တောကြိုးဝိုင်းနှင့် သစ်တောနယ်မြေများမှ တန်ဖိုးရှိသစ်ပင်များ ခိုးထုတ်ခံနေရကြောင်း အသက် ၂၃ နှစ်အရွယ် အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခု အင်းတော်မြို့နယ် မဲဇာနဲ့ဝန်းသိုကြားမှာ တောတွေရှိတယ်။ အဲ့မှာတွေ အခုထုတ်နေတယ်။ အဓိကထုတ်နေတဲ့ သစ်ကတော့ ကျွန်းပေါ့နော်။ နောက်တစ်ခုက တမလန်းတို့၊ ပျဉ်းကတိုးတို့ပေါ့နော်” ဟု ပြောသည်။

အင်းတော်ဒေသခံတစ်ဦး ပေးပို့ခဲ့သော အင်းတော် – မော်လူးလမ်းပိုင်းတစ်နေရာ၏ သစ်ခိုးထုတ်ခံရမှု နှိုင်းယှဉ်ဓါတ်ပုံကို The 74 Media ကရရှိထားသည်။

၎င်း၏ နှိုင်းယှဉ်ဓါတ်ပုံအရ ၂၀၂၀ တွင် အရွယ်အစားစုံ သစ်ပင်များကို တွေ့ရသော်လည်း ၂၀၂၃ တွင် သစ်ခိုးခုတ်ခံရသောကြောင့် လမ်းဘေးဝဲယာတစ်လျှောက် သစ်ပင်များ ပြောင်တလင်းခါသွားသည်။

အလားတူ ကသာခရိုင်တွင်ပါဝင်သော ထီးချိုင့်မြို့နယ် မကျီးပင်နှင့် သစ်ပုံညိုကျေးရွာအနီး သစ်တောကြိုးဝိုင်းမှ ကျွန်းသစ်ပင်များ ယခုနှစ် ဇန်နဝါရီလပိုင်းမှစတင်ကာ ခိုးထုတ်ခံနေရကြောင်း ထီးချိုင့်ဒေသခံ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

“ဘယ်လောက်ဆိုးလဲဆို သစ်တောဝင်းကြီးကို ကုန်သွားပြီရော။ ဦးဇင်းတို့ ငယ်ငယ်တုန်းက သွားခုတ်ရတဲ့ မန်ကျည်းပင်(ရွာ) သစ်တောဝင်းကြီး။ ကျွန်းတွေပဲ ထုတ်တာ” ဟုမိန့်သည်။

သစ်ခိုးထုတ်နေသူများသည့် ခြောက်ဘီးကားများဖြင့် ညအချိန်တွင် ခိုးထုတ်နေပြီး နေ့ပိုင်းအချိန်တွင် သယ်ဆောင်ခြင်းမရှိကြောင်း သူက ဆက်မိန့်ကြားသည်။

ဤသည်မှာ ကသာခရိုင်အတွင်း သစ်ခိုးထုတ်မှုအခြေအနေအချို့ဖြစ်ပြီး ဒေသခံများ၏ပြောပြချက်အရ မြေပြင်အခြေအနေများကို မှန်းဆနိုင်သည်။

ဘယ်သူတွေ သစ်ခိုးထုတ်နေလဲ

လက်ရှိ ကသာခရိုင်အတွင်း သစ်ခိုးထုတ်နေသူများမှာ အခြားဒေသများမှ ငွေရှင်ကြေးရှင်များ၊ ဒေသခံများအပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အချို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ NUG လက်အောက်ရှိ သံယဇာတအဖွဲ့ဆိုသူများလည်းပါဝင်နေကြောင်း စုံစမ်းသိရှိရသည်။

ဗန်းမောက်မြို့နယ်တွင် သစ်ခိုးထုတ်နေသူများမှာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း နေထိုင်သူများ ပါဝင်နေကြောင်း သစ်ခိုးထုတ်သူများအကြောင်း နှံ့စပ်စွာသိသော ဗန်းမောက်ဒေသခံ CDM ဝန်ထမ်း အမျိုးသားတစ်ဦးကပြောသည်။

“ဗန်းမော်သားတွေ၊ မံစီသားတွေ အဲ့မှတ်ပုံတင်ကိုင်ထားတဲ့သူတွေ ပြီးတော့ လွယ်ဂျယ်ဘက်က။ သူတို့က အဝယ်တော်တွေ လွတ်ထားတာရှိတယ်ကွ။ သူတို့ကတော့ အပေါ်ကနေ ကောက်စားပေါ့ အဲ့လို ပုံစံမျိုး။ ငါတို့ ဒေသခံတွေကို ပိုက်ဆံပေးပြီး ခိုင်းထားတာပေါ့” ဟုဆိုသည်။

သစ်ခိုးထုတ်နေသည့် လုပ်ငန်းခွင်များ၌ လုပ်ကိုင်နေသော အခြေခံလုပ်သားများမှာ အင်းတော်နှင့် ဗန်းမောက်မြို့နယ်မှ ဒေသခံများဖြစ်ပြီး သစ်တစ်ပင်ခုတ်လှဲခအတွက် ငွေကျပ် သုံးသောင်းနှင့် လေးသောင်း၊ နေ့စားခအတွက် တစ်ရက်လျှင် နှစ်သောင်းနှုန်းဖြင့် ဒေသခံများထံမှသိရသည်။

ဗန်းမောက်မြို့နယ်အတွင်း သစ်ခိုးထုတ်သူများက နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တို့ကို အခွန်များပေးဆောင်နေရကြောင်း သစ်ခိုးထုတ်ရာအနီး ရွှေမှော်တွင် နေထိုင်သော အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ၎င်းမြင်တွေ့ခဲ့ရသည့် အခြေအနေကိုပြောသည်။

“သစ်ထုတ်တဲ့အခါ အဲ့မှာရှိတဲ့ နယ်မြေခံ ပကဖ၊ ပအဖ တွေကိုအခွန်ပေးရတယ်။ ပကဖတွေ အခွန်ကောက်လာရင် ဆွဲကြိုးတွေ၊ လက်စွပ်တွေကို ပြူးလို့” ဟု ၎င်းကဆိုသည်။

ထီးချိုင့်မြို့နယ်တွင် သစ်ခိုးထုတ်နေသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ သယံဇာတကော်မတီနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ဖြစ်ကြောင်း ထီးချိုင့်ဒေသခံ သံဃာတော်တစ်ပါးက မိန့်သည်။

“တော်လှန်ရေးက မအောင်သေးဘူး။ သစ်တွေကပြောင်နေပြီ။ သူတို့ကအကုန်လုံးကို လုပ်စားပစ်တော့တာ။ ဘယ်လိုလုပ်စားလဲဆိုရင် သူတို့စကားနှုတ်က ထွက်တာ။ သုံးရက်ကို သိန်းတစ်ထောင်ရတော့ အရှင်ဘုရား တပည့်တော်တို့ ရခါတုန်းသာလုပ်တော့မယ်တဲ့။ မရတဲ့အခါ တပည့်တော်တို့ မလုပ်တော့ဘူးတဲ့” ဟု မိန့်သည်။

၎င်းအနေဖြင့် သစ်ခိုးထုတ်မှုနှင့်ပတ်သက်ပြီး ဒေသခံများကန့်ကွက်မှုကြောင့် တွေ့ဆုံဆွေးနွေးငြှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရှိသေးကြောင်း ဆက်လက်မိန့်ကြားသည်။

ကသာခရိုင်အတွင်း သစ်ခိုးထုတ်နေသူများမှ အချို့သည် မည်သူမည်ဝါဖြစ်ကြောင်း ကနဦးသိရှိထားသော်လည်း အချက်အလက်များဖြင့် အတည်ပြုနိုင်ရန် အသေးစိတ်ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သစ်ခိုးထုတ်သူများကို ဖမ်းဆီးခြင်း မရှိသည့်အပြင် မြို့ပေါ်ရှိ သစ်စက်များတွင် တရားမဝင်ငွေကြေး လိုက်လံကောက်ခံနေကြောင်း မော်လူးဒေသခံ တောင်သူတစ်ဦးက ဆိုသည်။

“ရဲစခန်းရှေ့ဖြတ်မောင်းရင်တော့ သူတို့သိတဲ့ ကားဆိုရင်တော့ အိမ်အထိလိုက် ငွေတောင်းတာပဲကြားမိတယ်” ဟုပြောသည်။

ခိုးထုတ်သွားတဲ့ သစ်တွေ ဘယ်ရောက်သွားလဲ

ကသာခရိုင်ရှိ မြို့နယ်အသီးသီးမှ ခိုးထုတ်လာသော သစ်ကားမျိုးစုံသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်၊ စစ်ကောင်စီဂိတ်အချို့ကို အဆင့်ဆင့်ဖြတ်သန်းပြီးနောက် ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာကာ တရုတ်ပြည်နယ်စပ်အထိ သယ်ဆောင်သွားသည်။

တရုတ်ပြည်နယ်စပ်မရောက်မှီ လမ်းတစ်လျှောက်ရှိ တော်လှန်ရေးအဖွဲ့၏ စစ်ဆေးရေးဂိတ် အသီးသီးတွင် သစ်တစ်တန်လျှင် အနည်းဆုံး ငါးသောင်းကျပ်မှ တစ်သိန်းခွဲအထိ အခွန်ကောက်ခံနေသည့်အပြင် ကချင်လွတ်မြောက်ရေးတပ် (KIA) ကလည်း အခွန်ကောက်ခံမှုများရှိနေသည်ဟု ဒေသခံများကဆိုသည်။

စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်ဘက်မှ သစ်ခိုးထုတ်လာသော ကားကြီး၊ ကားငယ်များကို တစ်ရက်လျှင် ဆယ်စီးထက်မနည်း နေ့စဉ်ဖြတ်သန်းသွားလာနေသည်ကို မြင်တွေ့နေရကြောင်း ကချင်ပြည်နယ် မံစီမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကိုင်းနဲ့ ရှမ်းပြည်ဘက်ကနေ ခိုးထုတ်လာတဲ့သစ်တွေက ရွှေကူနဲ့ ကသာလမ်းဘက်က လာပြီးတော့ တရုတ်ပြည်ဘက်ပြန်ပို့တာ။ တရုတ်ဘက်တော့ လွတ်လွတ်လပ်လပ်သွားလာလို့ မရတော့ မံစီမြို့အထက်နားလေးမှာ ကားပြန်လဲပြီးတော့ တရုတ်ပြည်ဘက်ပြန်သယ်ကြတာ”ဟုပြောသည်။

၎င်း၏မြင်တွေ့ချက်အရ သစ်အတုံးလိုက်တင်ဆောင်ထားသော သစ်လုံးများတွေ့သကဲ့သို့ အချောထည် ဖြတ်သားများကို တင်ဆောင်လာသော ကားများကိုလည်း တွေ့မြင်နေသည်ဟုဆိုသည်။

ကသာခရိုင်အတွင်းမှ ခိုးထုတ်နေသော သစ်များကို ဒေသတွင်းအသုံးပြုမှုထက် အားလုံးနီးပါးကို တရုတ်ပြည်သို့ ခိုးထုတ်နေခြင်းဖြစ်ကြောင်း ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များကဆိုသည်။

ISP Myanmar ၏ အချက်အလက်များအရ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က ဒေသခံများ၏ နေအိမ်၊ အဆောက်အအုံ လေးသောင်းသုံးထောင်ကျော်ကို မီးရှို့ဖျက်ဆီးထားသည်။

တော်လှန်ရေးအလွန်ကာလတွင်‌ စစ်ကိုင်းဒေသခံများ နေအိမ်ပြန်လည်ဆောက်လုပ်ရန် သစ်ပင်များ လိုအပ်နေမည်ဖြစ်သော်လည်း လက်ရှိတွင် သစ်ခိုးကားများ တရုတ်နိုင်ငံသို့ တဖွဲဖွဲ ဝင်ရောက်သွားသည်။

သစ်ခိုးထုတ်မှုနဲ့ NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လစဉ်ထုတ်ဝေနေသော စာစောင်အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ဖေဖော်ဝါရီလအတွင်း သစ်ခိုးထုတ်မှု ၂၂ မှုကို ဖမ်းဆီးနိုင်ခဲ့ကြောင်းဖော်ပြထားသည်။

NUG က သစ်ခိုးထုတ်မှု ကျူးလွန်သူများကို ပြန်လွှတ်ပေးခဲ့ပြီး ဖမ်းဆီးရမိခဲ့သော ကျွန်းသစ်များအပါအဝင် အခြားသစ်များကို ပြည်သူ့ဘဏ္ဍအဖြစ်သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

The 74 Media က ရရှိထားသော စာချုပ်တစ်ခုအရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဖမ်းဆီးရရှိမိခဲ့သော ကျွန်းသစ် ၂ တန်ကို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ အင်းတော်မြို့နယ် သဘာဝသယံဇာတကော်မတီက တစ်တန်လျှင် ဆယ်သိန်းကျပ်ဖြင့် လေလံတင်ရောင်းချထားသည်ကို တွေ့ရှိခဲ့သည်။

ကောက်ခံရရှိလာသည့် အခွန်ငွေများကို ကာကွယ်ရေး၊ ဒေသတွင်းအုပ်ချုပ်ရေးနှင့် သယံဇာတဝန်ကြီးဌာနတို့တွင် ခွဲဝေအသုံးပြုရန် စီမံခန့်ခွဲထားကြောင်း အင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၏ တာဝန်ခံကပြောသည်။

“အင်းတော်မြို့နယ်ထဲမှာရှိတဲ့ ကာကွယ်ရေးတပ်တွေ အကုန်လုံးကို ပို့ပေးရတယ်။ အင်းတော်တစ်မြို့နယ်လုံးက ရင်းငါးရင်း (PDF တပ်ရင်းငါးခု) ကို ရိက္ခာပေးရတယ်။ အဲ့ကရတဲ့ အခွန်အခငွေနဲ့ လုံးဝမပြည့်နိုင်ဘူး” ဟုပြောသည်။

ကသာခရိုင်အတွင်းရှိ မြို့နယ်များမှ နယ်မြေခံ ပကဖ အချို့၊ ပအဖ အချို့ နှင့် သယံဇာတကော်မတီဝင်အချို့သည် သစ်ခိုးထုတ်သူများထံမှ ကောက်ခံရရှိသော အခွန်ငွေများအပြင် ၎င်းတို့ကိုယ်တိုင် သစ်ခိုးထုတ်ကာ ကိုယ်ကျိုးအတွက် သုံးစွဲမှုများရှိနေကြောင်း ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင်များက စွပ်စွဲမှုများ ရှိနေသည်။

ကောက်ခံရရှိခဲ့သော အခွန်ငွေများကို မည်သည့်နေရာတွင် မည်ကဲ့သို့အသုံးပြုခဲ့သည်ဆိုသော စာရင်းဇယားမရှိဘဲ ကောက်ခံနေကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အခုက တော်လှန်ရေးအသုံးချပြီး လုပ်စားတာတွေကများနေတယ်ဗျ။ အခုက ပညာရေး၊ ကျန်းမာရေးကအစ ကိုယ်ထူကိုယ်ထလုပ်နေရတယ်။ ရဲဘော်တွေဆိုလည်း ကိုယ့်ရိက္ခာ ကိုယ်ရှာစားနေရတာနဲ့ တခြားအဖွဲ့ ထောက်ပံ့ပေးနေတာ‌တွေနဲ့ ဒါတွေနဲ့ပဲ ရပ်တည်နေတာ” ဟုဆိုသည်။

သစ်ထုတ်ခြင်းမှရရှိလာသော အခွန်အခ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး မြေပြင်တွင် ကွင်းဆင်းစစ်ဆေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာခရိုင်၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၏ တာဝန်ခံကပြောသည်။

“တချို့ဟာတွေလည်းပဲ ဘောက်ချာပျောက်သွားသလား ဘာလဲဆိုတာတော့ ကျွန်တော်တို့အနေနဲ့ လောလောဆယ် ရှုပ်ထွေးနေတယ်ပေါ့နော်။ တိုင်စာ တောစာတွေရော အဲ့လိုဖြစ်နေတယ်။ ကျွန်တော်တို့တောင် လောလောဆယ် စွပ်စွဲခံထားရတဲ့အထဲ ပါနေသေးတယ်” ဟုဆိုသည်။

ကသာခရိုင်တွင် သစ်ခိုးထုတ်စွပ်စွဲချက်များနှင့်ပတ်သက်ပြီး မြို့နယ်၊ ခရိုင်နှင့် ပြည်ထောင်စုအဆင့်တို့ အစည်းအဝေးပြုလုပ်ရန် စီစဉ်နေကြောင်းသူကပြောသည်။

NUG အစိုးရအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များကို အခွန်ငွေကောက်ခံမှုနှင့်ပတ်သက်ပြီး ကောင်းမွန်သော မူဝါဒချမှတ်ပေးရန်နှင့် မြေပြင်တွင် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်စေလိုကြောင်း သစ်ခိုးထုတ်မှုကို နေ့စဉ်မြင်တွေ့နေရသော မော်လူးဒေသခံတောင်သူတစ်ဦးက သူ့အမြင်ကိုပြောသည်။

“ပကဖ၊ ပလဖတွေကို ဂိတ်ဖွင့်ခိုင်းပြီး လက်နက်ပြ ငွေကြေး ကောက်ခံခိုင်းနေတာဟာ စစ်ကောင်စီနဲ့မခြား ပိုဆိုးလာတယ်လို့ မြင်တွေ့နေရပါပြီ။ ပြည်သူ့အသံတွေကို နားထောင်ပေးကြပါ” ဟုပြောသည်။

NUG အစိုးရ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို သစ်ခိုးထုတ်မှု၊ အခွန်ကောက်ခံနေခြင်း မူဝါဒနှင့်ပတ်သက်ပြီး The 74 Media က မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။

သစ်ခိုးထုတ်မှုကို အမြန်ဆုံး ထိန်းချုပ်သင့်ပြီ

ကမ္ဘာ့သစ်တောသယံဇာတလေ့လာဆန်းစစ်ချက် (FRA 2020) အရ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက်က သစ်တောပြုန်းတီးမှု တတိယနေရာတွင်ရပ်တည်ခဲ့ဖူးသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို အဆိုးဆုံး ခံစားနေရသော နိုင်ငံတစ်ခုဖြစ်နေကြောင်း ပညာရှင်များကဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း တရားမဝင်သစ်ခိုးထုတ်မှုသည် ကြောက်စရာကောင်းသော ပမာဏဖြစ်နေကြောင်း အမည်မဖော်လိုသူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ဦးက BBC သတင်းဌာနမှတစ်ဆင့် သတိပေးထားသည်။

“အာဏာရှင်စနစ်မှာက ဘာအထိန်းအကွပ်မှ မရှိဘူး။ အာဏာလက်ကိုင်ရှိတဲ့ သူက သူကြီးပွားဖို့ အကုန်လုပ်မှာပဲ။ အခုတစ်နှစ်ကျော်ကာလရဲ့ သစ်တောနဲ့ သယံဇာတပြုန်းတီးမှုတောင်မှ ပြန်ကုစားဖို့ မလွယ်တဲ့ ပမာဏလို့ တွေ့နေရတယ်” ဟုဆိုသည်။

NUG အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ နည်းပညာအဖွဲ့၏ သုတေသနအစီရင်ခံစာအရ အာဏာသိမ်းသည့်နေ့မှစ၍ ၂၁ လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောပြုန်းတီးမှု သတိပေးချက် စုစုပေါင်း နှစ်သောင်းနှစ်ထောင်ကျော်တွေ့ရှိခဲ့သည်ဟုဆိုသည်။

ယင်းအစီရင်ခံစာတွင် စစ်ကိုင်းတိုင်းရှိ ကသာ၊ မော်လိုက်၊ ခန္တီး၊ ကလေး၊ တမူး၊ ရွှေဘို၊ ယင်းမာပင်တို့တွင် သစ်တောပြုန်းတီးမှု သတိပေးချက်အများဆုံးတွေ့ရသည်ဟုဆိုသည်။

သစ်ပင်သည် လူသားများအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနေသလို သစ်ပင်တစ်ပင် ဖြစ်ထွန်းရန် နှစ်ပေါင်းများစွာ အချိန်ပေးရသောကြောင့် သစ်ခိုးထုတ်နေသူများကို အမြန်ဆုံးတားဆီးပေးသင့်ကြောင်း ထီးချိုင့်ဒေသခံ သံဃာတော်တစ်ပါးက မိန့်သည်။

“တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးမဆောင်ဘဲနဲ့ ဘယ်ဆီပို့လို့ ပို့နေမှန်းကို မသိတတ်ဘူး။ နောက်ပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးတွက် အသုံံးချတာမဟုတ်တဲ့အတွက်ကြောင့် ရင်ထုမနာဖြစ်နေတာ”ဟု မိန့်သည်။

တော်လှန်ရေးအသုံးစရိတ်အတွက် အခွန်အခများလိုအပ်နေသည်ကို နားလည်ပေးနိုင်သော်လည်း တော်လှန်ရေးကို ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာစီးပွားရေးလုပ်နေသူများကို အမြန်ဆုံး အရေးယူကာ တားဆီးပေးစေလိုကြောင်း ကသာခရိုင်အတွင်းနေထိုင်သော ဒေသခံများက တောင်းဆိုနေကြသည်။

နွေဦးတော်လှန်ရေး ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သို့ မရောက်ရှိသေးမှီ ကိုယ်ကျိုးရှာသူများကြောင့် တိုင်းပြည်၏ အဖိုးတန်သစ်များ ဆုံးရှုံးနေရသည်။

တစ်ဖက်တွင်လည်း သစ်ခိုးထုတ်မှုများကို အချိန်မှီ ထိန်းချုပ်နိုင်ခြင်းမရှိပါက ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို အဆိုးဆုံး ခံစားနေရသော နိုင်ငံအဆင့်မှ ရုန်းထွက်နိုင်မည်မဟုတ်သေးချေ။

သစ်တောဝန်ထမ်းများ စောင့်ကြည်နိုင်မှုမရှိခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်း၊ မည်သည့်အဖွဲ့အစည်းမှ နယ်မြေစိုးမိုးမှုအပြည့်အဝ မရှိနေခြင်း၊ အကျင့်ပျက် တော်လှန်ရေးသမားများရှိနေသော အခြေအနေတွင် သစ်ခိုးထုတ်နေသူများ ဆက်လက် အောင်ပွဲခံနေကြဦးမည်ဖြစ်သည်။

ဆောင်းပါး – ကောင်းထက်မြတ်

 

သင့်ထင်မြင်ချက်ရေးပေးပါ