လွန်ခဲ့သည့် ခြောက်လခန့်က အသက် ၂၀ နှစ်အရွယ် ပင်လယ်ဟုခေါ်သော လူငယ်အမျိုးသားတစ်ဦးသည် တစ်ကြိမ်တစ်ခါမှ လူချင်းမဆုံဖူးသော လူစိမ်းတစ်ဦးနှင့် ချိန်းတွေ့မည်ဖြစ်သောကြောင့် ရင်ခုန်နေသကဲ့သို့ ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် ထိတ်လန့်နေသည်။

ပင်လယ်သည် မန္တလေးတိုင်းမှဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပဋိပက္ခများကြောင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်ရန် ပြောင်းရွှေ့လာခဲ့သော လိင်တူစိတ်ဝင်စားသည့် CDM ကျောင်းသားတစ်ဦးဖြစ်သည်။

လက်ရှိ အလုပ်ခွင်၏ စေလွှတ်ချက်အရ လွန်ခဲ့သည့် ခြောက်လခန့်မှစပြီး မြို့တစ်မြို့၏ ရုံးတွင် သွားရောက်လုပ်ကိုင်နေသူဖြစ်သည်။ ထိုမြို့၌ ရောက်ရှိနေချိန်တွင် လိင်တူချစ်သူများအသုံးများသည့် ဒိတ်တင်းအက်ပလီကေးရှင်း (Dating App) တစ်ခုဖြစ်သော Blued မှ လူစိမ်းတစ်ဦးနှင့် ချိန်းတွေ့ရန်ဖြစ်လာသည်။

“သူ့လာ ဟိုင်း တော့ ကျွန်တော်စကားပြန်ပြောလိုက်တယ်။ နေ့ခင်းလောက်မှာပြောပြီး ညပိုင်းလောက်မှာ Date(ချိန်းတွေ့)တာပေါ့။ သူရဲ့ပုံစံက ခန္ဓာကိုယ်ပြည့်ပြည့် အရပ်နည်းနည်းပုတယ်” ဟု ပင်လယ်က သူနှင့် ပထမဆုံးချိန်းတွေ့ခဲ့သူအကြောင်းပြောပြသည်။

ချိန်းတွေ့ရန်ဖြစ်လာသော်လည်း ၎င်းတို့ နှစ်ဦးမှာ ချစ်သူရည်းစား မဟုတ်ဘဲ တစ်ညတာလိင်မှုကိစ္စ One-night stand ပြုလုပ်ရန်ဖြစ်သည်။

၎င်းတို့နှစ်ဦး တည်းခိုခန်းတွင် လိင်မှုကိစ္စများပြီးမြောက်သွားချိန်တွင် ကိုယ်လာရာလမ်းအတိုင်း ပြန်သွားခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ထပ်မံဆက်သွယ်ခြင်းမရှိတော့ပါ။

ပင်လယ်သည် ပထမဆုံးသူစိမ်းတစ်ဦးနှင့် တစ်ညတာဖြတ်သန်းပြီးနောက် သုံးလအတွင်း အဆိုပါ ဒိတ်တင်းအက်ပလီကေးရှင်းမှ အခြား လိင်တူအမျိုးသား လေးဦးနှင့် One-night stand တစ်ကြိမ်စီ ထပ်မံဖြတ်သန်းခဲ့သည်။

One-night stand ဆိုတာ

One-night stand ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်ပြီးသောနိုင်ငံများတွင် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက ထွန်းကားခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိုယဉ်ကျေးမှုထွန်းကားလာသည်မှာ မကြာသေးဟုဆိုနိုင်သည်။

One Night Stand ခေါ်ဆိုနေသော တစ်ညတာလိင်မှုကိစ္စဖြတ်သန်းခြင်း ယဉ်ကျေးမှုကို ဒိတ်တင်းအက်ပလီကေးရှင်းများ (Dating App) တွင် တွေ့မြင်နိုင်သကဲ့သို Nightlife ဆိုသည့် ညဘက်အပျော်အပါးနေရာများတွင် အများစု တွေ့ရှိနိုင်သည်။

ဒိတ်တင်းအက်ပလီကေးရှင်းအချို့သည် အခြားဆိုရှယ်မီဒီယာများကဲ့သို့ ကဏ္ဍပေါင်းစုံမပါဝင်ဘဲ လိင်ကိစ္စနှင့်ဆက်နွယ်နေသော စကားပြောရန်၊ ရုပ်သံပြောရန်နှင့် ချိန်းတွေ့ရန်အဓိက ပြုလုပ်ထားသော ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း အသုံးပြုသူများကဆိုသည်။

One Night Stand ယဉ်ကျေးမှုကို အများဆုံးတွေ့ရသည့် နေရာများမှာ ညဘက်အပျော်အပါးနေရာ (Nightlife) များဖြစ်သည့် နိုက်ကလပ်၊ ဘားနှင့် ကေတီဗီစသည့်နေရာများဖြစ်သည်။ ဒီဂျေတီးလုံးများနှင့် မီးရောင်စုံများကြားတွင် အသက်ရွယ်ပေါင်းစုံက ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လာရောက် အပန်းဖြေပျော်ပါးကြသည်။

Nightlife ဖြတ်သန်းသူအများစု မလွဲမသွေကြုံတွေ့ရမည်မှာ အရက်သေစာ၊ လိင်ကိစ္စနှင့် မူးယစ်ဆေးဝါးတို့ ဖြစ်သည်။ အရက်သေစာကြောင့် မူးယစ်နေသည့်အပြင် ယခုကာလတွင် ရေပန်းစားနေသည့် K နှင့် E ဟု အတိုကောက်ခေါ်ဆိုသော မူးယစ်ဆေးဝါးများက One-night stand ဖြစ်စေရန် ပံ့ပိုးပေးနေသည်။

ထို့ကဲ့သို့ အခြေအနေများနောက်တွင် သူစိမ်းနှင့်ဖြစ်စေ၊ ရင်းနှီးသူများနှင့်ဖြစ်စေ၊ စိတ်ဝင်စားမှုကြောင့်ဖြစ်စေ One-night stand ပြုလုပ်ရန်အကြောင်းဖန်လာသည်။ One-night stand ဖြတ်သန်းသူ အများစုမှာ နောက်တစ်နေ့ နံနက်ပိုင်းတွင် တစ်ဦးနှင့်တစ်ဦးမသိခဲ့သလို သူစိမ်းပြန်ဖြစ်သွားသည်။

“One-night stand ရဲ့ အဓိပ္ပါယ်မှာကိုက လုံးဝတစ်ညတာပဲ။ တစ်ညတာပဲ ဖြစ်တဲ့အတွက် သူ့ရဲ့ Information (သတင်းအချက်အလက်) လည်း ကျွန်တော်ဘာမှမယူဘူး။ ကျွန်တော်လည်း မပေးဘူးဗျာ အဲ့လိုမျိုး”ဟု ပင်လယ်က ဆိုသည်။

ဤသည်မှာ တိုးတက်လာသော ခေတ်နှင့်အညီ တစ်ညတာလိင်မှုကိစ္စဖြစ်သော One-night stand ယဉ်ကျေးမှုဖြစ်ပြီး အများစုမှာ ချစ်ခြင်းမေတ္တာပါဝင်ခြင်းမရှိဘဲ လိင်ကိစ္စအတွက် ခေတ္တပျော်ပါးရန်ဖြစ်သည်။

One-night stand ရဲ့ နောက်ဆက်တွဲ

သူစိမ်းအမျိုးသား ငါးဦးနှင့် One-night stand ပြုလုပ်ခဲ့သည့် ပင်လယ်၏ ပျော်ရွှင်မှုသည်လည်း ခေတ္တမျှဖြစ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့သည်ဆိုသော သတင်းများက ပင်လယ်၏ ရင်ကို ဗလောင်ဆူသွားစေသည်။

ထိုသတင်းများကြောင့် စိတ်မလုံသည့် ပင်လယ်က ၎င်းနေထိုင်ရာမြို့ရှိ NGO အဖွဲ့အစည်းတစ်ခုတွင် တစ်ဦးတည်း သွားရောက်ကာ သွေးစစ်ခဲ့သည်။

သွေးစစ်ခဲ့သော ဆရာဝန်က ၎င်း၏ နာမည်ခေါ်လိုက်ချိန်တွင် ဘဝတွင် ရင်ခုန်နှုန်း စည်းချက် အမြှင့်ဆုံးအချိန်ကာလဖြစ်ခဲ့ကြောင်း ပင်လယ်ကပြောသည်။

“အဖြေသိပြီလား…မသိသေးဘူးဆိုတော့၊ ခဏနေသိရပါလိမ့်မယ် ဘာမှစိတ်မပူပါနဲ့နော်။ အဲ့လိုပြောလိုက်တဲ့အချိန်မှာ ကျွန်တော် Tempo (စည်းချက်) အရမ်းမြှင့်သွားပြီ။ ထူးဆန်းနေပြီနဲ့တူတယ်လို့ ထင်လိုက်တဲ့အချိန်မှာပဲ အဖြေက Positive (ပိုးတွေ့) ဖြစ်သွားတယ်” ဟု ဆိုသည်။

HIV ပိုးတွေ့ရှိသည်ဟု အဖြေကြားလိုက်ချိန်တွင် ကမ္ဘာကြီးရပ်တန့်သွားသလို ခံစားခဲ့ရပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန်အထိပင် စဉ်းစားခဲ့မိကြောင်း ပင်လယ်ကပြောသည်။

ပင်လယ်၏ ဘဝတွင် အမျိုးသား ငါးဦးနှင့်သာ လိင်ကိစ္စဖြစ်ခဲ့ဖူးသောကြောင့် ယခုကဲ့သို့ HIV ပိုးတွေ့ရှိလိမ့်မည်ဟု ရာနှုန်းပြည့် ယုံကြည်ခဲ့ခြင်းမရှိပေ။

၎င်းနှင့် One-night stand ဖြတ်သန်းခဲ့သော အမျိုးသား ငါးဦးသည် HIV ပိုးရှိသူဟု ထင်ရက်စရာမရှိအောင် ရုပ်သွင်ပြင် သန့်ပြန့်နေသူများဖြစ်ကြောင်း ပင်လယ်က ပြောပြသည်။

“ကျွန်တော်တို့ ငယ်ငယ်က မြင်ဖူးတယ်။ positive (ပိုးတွေ့)တွေဆို ပိန်လိန်ပြီးတော့ အသားရည်ဆိုရင်လည်း ညစ်နွမ်းနွမ်းနဲ့ အနာတွေနဲ့ဘာတွေနဲ့။ ဒါပေမဲ့ အဲ့ငါးယောက်လုံးသည် ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုး အသားဖြူဖြူတွေကြီးပဲဆိုတော့ ထင်ရက်စရာမရှိဘူးဗျာ” ဟုပြောသည်။

အဆိုပါ အမျိုးသား ငါးဦးနှင့် One-night stand ဖြတ်သန်းခဲ့ချိန်တွင် အကာအကွယ်ဖြင့် လိင်ဆက်ဆံခဲ့သကဲ့သို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုများရှိခဲ့သောကြောင့် မည်သူ့ထံမှ ကူးစက်ခံခဲ့ရသည်ကို မသိရှိခဲ့ပါ။

ပင်လယ်ကဲ့သို့ သူစိမ်းအမျိုးသားများနှင့် အကာအကွယ်မဲ့ One-night stand ဖြတ်သန်းခဲ့ခြင်း၏ နောက်ကွယ်တွင် HIV ပိုး၊ ကာလသားရောဂါအပြင် အခြားလိင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများက စောင့်ကြိုနေသည်။

တစ်ကျော့ပြန် HIV

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၂၁ နှစ်ကုန်ပိုင်းအထိ HIV ပိုးကူးစက်ခံထားရသူ နှစ်သိန်းခုနှစ်သောင်းခန့်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ်ဝန်းကျင်က HIV ကူးစက်မှုအများဆုံးဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်အရောက်တွင် ကူးစက်မှု ကျဆင်းခဲ့သော်လည်း ၂၀၂၂ခုနှစ် နှစ်လယ်ပိုင်းတွင် တစ်ကျော့ပြန် ကူးစက်မှု မြှင့်တက်လာကြောင်း ကျန်းမာရေးဝန်ထမ်းနှင့်အဖွဲ့အစည်းအချို့ထံမှသိရသည်။

၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း လမ်းပြကြယ်အဖွဲ့အစည်းမှ HIV ပိုးအသစ်တွေ့ရှိသူ ၂၈၀၀ ဦးခန့်တွေ့ရှိခဲ့ပြီး ဇွန်၊ ဇူလိုင်လနောက်ပိုင်းတွင် တစ်လလျှင် သုံးရာခန့်အထိ တိုးလာခဲ့ကြောင်း ယင်းအဖွဲ့ထံမှ အချက်အလက်များကို အခြေခံကာ BBC သတင်းတွင် ဖော်ပြထားသည်။

အဆိုပါအဖွဲ့အစည်း၏ စစ်တမ်းအရ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပဲခူး၊ ပုသိမ်၊ ပြည်၊ တောင်ငူ၊ လားရှိုး၊ မူဆယ်၊ မိုးညှင်း၊ မြစ်ကြီးနားစသည် မြို့များတွင် ရန်ကုန်မြို့သည် HIV ပိုးတွေ့ရှိမှု အများဆုံးဖြစ်ကြောင်းဖော်ပြထားသည်။

ART ဆေးထုတ်နေသူများတွင် ယခင်က မတွေ့ဖူးခဲ့သော အသက်ငယ်ငယ်ရွယ်လူငယ်များကိုလည်း လက်ရှိကာလတွင် တွေ့မြင်နေရကြောင်း လမ်းပြကြယ်အဖွဲ့မှ ဆရာဝန်တစ်ဦးက BBC ကိုဖြေကြားထားသည်။

“အသက်ငယ်ငယ် ကလေးလေးတွေ ဆေးသောက်တယ်ဆိုတာ အရင်တုန်းက မတွေ့ဖူးသလောက်ပဲ။ အထူးသဖြင့် မိန်းကလေးတွေ၊ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးထုတ်နေတာတွေ၊ ပြီးရင် ဆေးထုတ်နေတာမှာ ဆိုရင်လည်း ဘေးမှာ သူ့ရည်းစားလည်းဖြစ်ရင်ဖြစ်မယ် ကောင်လေးတွေ နဲ့ နှစ်ယောက်တွဲပြီး ဆေးထုတ်နေတာ၊ အခုနောက်ပိုင်းမှပဲ မမြင်ချင်မှအဆုံးပဲ” ဟုဆိုသည်။

ပညာရှင်များ၏ ခန့်မှန်းချက်အရ ယခုနှစ်တွင် HIV ပိုးတွေ့ရှိသည့် ရာခိုင်နှုန်းတက်လာနိုင်ကြောင်း သူကဆိုသည်။

နိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများလာပြီး စားဝတ်နေရေး အခက်အခဲများကြောင့် လိင်လုပ်သားအဖြစ် လုပ်ကိုင်နေသော်လည်း ကျန်းမာရေးအသိပညာအားနည်းခဲ့သည့်အတွက် ကူးစက်မှုများပြားလာခြင်းဖြစ်ကြောင်း HIV ကူးစက်ရောဂါနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသည့် ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

“လိင်နဲ့ပတ်သက်တဲ့ အသိပညာမရှိတဲ့အတွက် ဒါမျိုးတွေ များလာတယ်လို့ ပြောလို့ရတယ်၊ များလည်း များလာလိမ့်မယ်။ မြေပြင်မှာက အခုလက်ရှိ ဒေတာက အတိအကျကတော့ ကျွန်တော်ဘက်က ထုတ်ပြန်လို့ မရဘူးပေါ့နော်” ဟုဆိုသည်။

အင်တာနက်အွန်လိုင်းခေတ်ဖြစ်သည်နှင့်အညီ HIV ပိုးရှိသူများနှင့် HIV အသိပညာပေး ဖေ့စ်ဘုတ်ဂရု (Facebook group) စသည့်တို့တွင် one-night stand ဖြတ်သန်းခဲ့သော သူများ၏ စိုးရိမ်မှုများ၊ အသိပညာပေးသူများနှင့် HIV ပိုးတွေ့ရှိသူများ၏ အပြန်အလှန် ဆွေးနွေးနေသည့် ပိုစ့်(post) များကို နေ့စဉ်တွေ့ရှိနေရသည်။

အဆိုပါ ဖေ့စ်ဘုတ်ဂရုတွင် မူးယစ်ဆေးဝါးသုံးဆေးထိုးအပ် မျှဝေသုံးစွဲခဲ့သူများကြောင့် ပိုးကူးစက်မည်အထင်ဖြင့် လာရောက်ဆွေးနွေးသူများထက် လိင်ကိစ္စကျူးလွန်ခဲ့သောကြောင့် လာရောက်ဆွေးနွေးသူများ ပိုများပြားနေသည်ကို The 74 Media က တွေ့ရှိရသည်။

အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ အမျိုးသမီးလိင်လုပ်သားအသစ်များပြားလာခြင်းနှင့် မူးယစ်ဆေးသုံးစွဲသူများကြောင့် လိင်အသိပညာပေးလုပ်ငန်းများနှင့် သွေးစစ်သည့် လုပ်ငန်းစဉ်များကို လွန်ခဲ့သည့် ဆယ်စုနှစ်များ ကဲ့သို့ တစ်ကျော့ပြန် လုပ်ဆောင်ပေးနေရကြောင်း NGO အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူများထံမှသိရသည်။

HIV ပိုးတွေ့ရှိမှုများလာသည်ဟုဆိုသောကြောင့် The 74 Media က HIV အသိပညာပေးနှင့် သွေးစစ်ခြင်း၊ ဆေးထုတ်ခြင်းများ ပြုလုပ်ပေးနေသည့် NGO အဖွဲ့အစည်းအချို့ထံ ပိုးတွေ့ရှိမှု ဒေတာအချက်အလက်များ တောင်းခံခဲ့သော်လည်း ရရှိခဲ့ခြင်းမရှိပေ။

HIV ပိုးသည် ကူးစက်ခံရပြီး သုံးလ မပြည့်ခင်အထိ တိကျသည့်အဖြေထွက်မည် မဟုတ်သည့်အပြင် ရောဂါလက္ခဏာပေါ်ရန် ၂ နှစ်မှ ၁၅ နှစ်အတွင်း ကြာမြင့်နိုင်ကြောင်း ကျန်းမာရေးစာစောင်များတွင် ဖော်ပြထားသည်။

ပင်လယ်ကဲ့သို့ စိတ်မလုံမှု၊ သံသယဖြစ်မှုများကြောင့် သွေးစစ်သူများရှိနေသော်လည်း အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုလုပ်ခဲ့ပြီး သွေးစစ်ခြင်းမရှိသေးသည့် အခြားသူများလည်း ရှိနေဦးမည်ဖြစ်သည်။

ထိုအခြေအနေတွင် HIV ပိုးကူးစက်ခံထားရသည်ကို မသိရှိသေးဘဲ အခြားသူများနှင့် အကာအကွယ်မဲ့ ထပ်မံ လိင်ဆက်ဆံမှုများကြောင့် ဆင့်ပွားကူးစက်ခံထားရသူ မည်မျှနေဦးမည်ကို မည်သူမှ သိနိုင်မည် မဟုတ်ပါ။

ပိုးတွေ့များလာတာနဲ့ အာဏာသိမ်းတာနဲ့ ဆက်စပ်နေလား

ကိုဗစ်ကပ်ရောဂါနှင့်တစ်ဆက်တည်း နိုင်ငံရေးအပြောင်းအလဲကို ဖြတ်သန်းခဲ့ရသော ကလေးများသည် လက်ရှိအချိန်တွင် ဆယ်ကျော်သက်တစ်ပိုင်း၊ လူငယ်တစ်ပိုင်းအရွယ်ကို ရောက်ရှိလာပြီ ဖြစ်သည်။

စာသင်ကျောင်းများနှင့်ဝေးလာသည့်အပြင် လူငယ်သဘာဝအရ စူးစမ်းလိုသည့်စိတ်ကြောင့် ဒိတ်တင်းအက်ပလီကေးရှင်း နှင့် Nightlife များဖြတ်သန်းမိရာမှ ပျက်စီးခြင်းဘက်သို့ဦးတည်သွားကြောင်း ပင်လယ်က သူ့အမြင်ကိုပြောသည်။

“ကျွန်တော်တို့အပါအဝင် အားလုံးက ကျောင်းနဲ့ဝေးသွားပြီဗျာ။ ကျွန်တော်တို့ဆိုရင် ပုံမှန်ကျောင်းတက်နေရင် ခေါင်းထဲမှာ တော်ရုံတန်ရုံ စာတွေနဲ့လည်ပတ်နေတာ။ လည်ပတ်နေတာတွေ ရပ်သွားတဲ့အခါ စိတ်တွေ လေသွားတယ်။ အဲ့လိုဖြစ်တဲ့အခါ လူတွေရဲ့သဘောသဘာဝအရ ပျက်စီးတဲ့ဘက်ကို မကောင်းတဲ့ဘက်ကို ရောက်သွားတယ်လို့ထင်ပါတယ်” ဟုပြောသည်။

ဒိတ်တင်းအက်ပလီကေးရှင်းသည် မြန်မာနိုင်ငံတွင် ခေတ်စားလာသည်မှာ မကြာသေးဟုဆိုနိုင်ပြီး ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် ပိုမိုအသုံးများလာကြောင်း လေ့လာတွေ့ရှိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံအလုပ်ရုံများပိတ်သိမ်းခြင်း၊ အလုပ်အကိုင်ရှားပါးလာခြင်းနှင့် စီးပွားရေးအကြပ်အတည်းများဖြစ်ပေါ်နေသော်လည်း မြို့ပြများတွင် ညဘက်အပျော်အပါးနေရာ (Nightlife) များဖြစ်သည့် ကလပ်၊ ဘားနှင့် ကေတီဗီများမှာ တစ်စထက်တစ်စ ပိုမိုများပြားလာကြောင်း သတင်းများအရသိရသည်။

The 74 Media ၏ စုံစမ်းချက်အရ မြစ်ကြီးနားတစ်မြို့တည်း၌ပင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ဖွင့်လှစ်ခဲ့သည့် ဘား၊ ကေတီဗီနှင့် ကလပ် ၁၀ ခုထက်မနည်းရှိနေသည်။

ထိုကဲ့သို့အခြေအနေများတွင် မိသားစုဝမ်းစာအတွက် လိင်လုပ်သားအဖြစ် ပြောင်းလဲလုပ်ကိုင်လာသူ ပိုမိုများပြားလာကြောင်း The 74 Media က သတင်းဆောင်းပါးရေးသားခဲ့ပြီးဖြစ်သည်။

ထို့အပြင် လက်ရှိကာလ၌ စစ်ကောင်စီတပ်၏ အကြောင်းမဲ့ ရိုက်နှက်စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများနှင့် ညမထွက်ရအမိန့်များကြောင့် One-night stand ကို ဟိုတယ်၊ တည်းခိုးခန်းများသွားရောက်သည်ထက် နေအိမ်(သို့)အဆောင်များတွင် ဖြတ်သန်းနေရကြောင်း လူငယ်များထံမှသိရသည်။

နေအိမ်(သို့)အဆောင်များတွင်မူ ဟိုတယ်များကဲ့သို့ ကွန်ဒုံးအသင့်ရှိမနေခြင်းနှင့် ညဘက်အရေးပေါ် သွားရောက်ဝယ်ယူရန် အခက်အခဲများရှိနေခြင်းက HIV ပိုး ကူးစက်မှုများလာသည့် အကြောင်းအရင်းတစ်ခုဖြစ်နိုင်ကြောင်း မြစ်ကြီးနားမြို့ခံ LGBT တစ်ဦးက သူ့အမြင်ကို ပြောသည်။

“အခုနောက်ပိုင်းက တည်းခိုခန်းတွေ၊ ဟိုတယ်တွေက တော်ရုံတန်ရုံ မှတ်ပုံတင်တွေမပါဘဲ သွားလို့မရဘူး။ အဲ့ဒါကြောင့် ယောက်ျားလေးတွေက ဆော်တွေခေါ်ပြီး အဆောင်တွေ၊ အိမ်တွေခေါ်အိပ်ကြတယ်။ တည်းခိုခန်းတွေ ဟိုတယ်တွေမှာက ကွိုင်(ကွန်ဒုံး) ရှိတယ်လေ” ဟုသူကပြောသည်။

HIV ပိုးသည် လိင်ဆက်ဆံခြင်းတစ်ခုတည်းကြောင့် ကူးစက်ခြင်းမဟုတ်သည်မှာ အားလုံးအသိဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ အကျင့်ပျက်ချစားမှုများကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရောင်းဝယ်ဖောက်ကားသူများ ပိုမိုများပြားလာသည်။

ထို့ကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာခြင်း၏ နောက်ဆက်တွဲအဖြစ် HIV ပိုးကူးစက်ခံရသူ များပြားလာသည်ဟု ဒေသခံများနှင့်ရပ်မိရပ်ဖများထံမှ သိရသော်လည်း HIVနှင့်ပတ်သက်ပြီး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများထံမှ တိကျသည့်ဒေတာအချက်အလက်များ ရယူနိုင်ခြင်းမရှိသေးပါ။

တစ်ဖက်တွင်လည်း HIV နှင့်ပတ်သက်ပြီး အကူအညီနှင့်အသိပညာပေးနေသည့် NGO အဖွဲ့အစည်းများသည် နိုင်ငံရေးပြောင်းလဲမှုနှင့်အတူ အခက်အခဲမျိုးစုံကိုရင်ဆိုင်နေရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအလှူရှင်များ၏ ထောက်ပံ့မှုများ လျှော့နည်းသွားသောကြောင့် ရေရှည်စီမံကိန်း အားလုံးနီးပါးရပ်နားသွားပြီး ရေတိုစီမံကိန်းများကိုသာ လုပ်ဆောင်နေရကြောင်း HIV ကူးစက်ရောဂါနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသည့် ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အခက်အခဲကတော့ ရန်ပုံငွေအနေအထား၊ သူတို့(စစ်ကောင်စီ)ဘက်က လုပ်ပိုင်ခွင့်တွေ တားဆီးတဲ့အနေအထား၊ ဝန်ထမ်းတွေကလည်း လုပ်ငန်းခွင်ထဲမှာ မလုပ်ရဲကြတော့ဘဲနဲ့ ထွက်သွားတဲ့ အနေအထား၊ community (လူမှုအဖွဲ့အစည်း) ကိုလည်း ကျွန်တော်တို့ကိုယ်တိုင် တိုက်ရိုက်ဆင်းပြီး လုပ်ဖို့ လုပ်ခွင့်မရတော့တဲ့ အခြေအနေ၊ အားလုံးက ဆက်စပ်နေတာပေါ့နော်” ဟု ၎င်းတို့အဖွဲ့အစည်း၏ အခြအနေများကို ရှင်းပြသည်။

ထို့အပြင် စီမံကိန်းကြောင့် သွားလာသွားရမည့် ဒေသများသို့ စစ်ကောင်စီက ခွင့်မပြုခြင်း၊ ဝန်ထမ်းများ၏ အသက်အန္တရာယ်လုံခြုံရေးကို အဖွဲ့အစည်းက မပေးနိုင်ခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သူကဆိုသည်။

နိုင်ငံရေးပြဿနာကြုံတွေ့လာတိုင်း ခေတ်နောက်ပြန်ဆုတ်သွားသည်မှာ ထုံးစံဖြစ်ပြီး တော်လှန်ရေးအလွန်ကာလတွင် အစမှပြန်လည်တည်ဆောက်ရမည့် အနေအထားဖြစ်ကြောင်း သူကဆက်ပြောသည်။

ထို့အပြင် လူထုကိုအသိပညာပေးသည့် သတင်းမီဒီယာများအနေဖြင့်လည်း အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးနှင့်ဆက်စပ်သည့် သတင်းများကိုသာ အဓိကရေးသားဖော်ပြနေသောကြောင့် HIV ကဲ့သို့ လိင်မှတစ်ဆင့်ကူးစက်သည့် ကျန်းမာရေးဗဟုသုတနှင့် အသိပညာပေးမှုူများ ဖော်ပြမှုအားနည်းခဲ့သည်။

ပင်လယ်ရဲ့မေတ္တာရပ်ခံချက်

လွန်ခဲ့သည့် ဆယ်စုနှစ်များက HIV ကြောင့် အသက်ဆုံးရှုံးနိုင်သော်လည်း လက်ရှိကာလတွင်မူ ART ဆေးပုံမှန် သောက်သုံးပါက အခြားလူများကဲ့သို့ လူ့သက်တမ်းစေ့နိုင်ပြီဖြစ်သည်။

ထို့အပြင် ယခုခေတ်တွင် လိင်အပျော်အပါးလိုက်စားသူများအနေဖြင့် HIV ကူးစက်ခံရမှု လျော့နည်းအောင် ကြိုတင်ကာကွယ်နိုင်သော ဆေးများဖြစ်သည့် Pep နှင့် PrEP ဆိုသည့် ဆေးဝါးများ ထွက်ပေါ်လာပြီဖြစ်သည်။

PrEP ဆေးသည် ကြိုတင်ကာကွယ်ဆေးဖြစ်ပြီး ပုံမှန်သောက်သုံးလျှင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ပိုး ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက်မနည်း လျှော့ချပေးနိုင်သည်။

PEP ဆေးမှာမူ အရေးပေါ်သောက်ရသော HIV ပိုးကာကွယ်ဆေးဖြစ်ပြီး HIV ရှိနိုင်သည်ဟု သံသယဖြစ်ရသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိပြီးနောက်ပိုင်း ၇၂ နာရီအတွင်း သောက်ရသော ဆေးဖြစ်သည်။

အဆိုပါဆေးနှစ်မျိုးစလုံးသည် ရာနှုန်းပြည့်ကာကွယ်ပေးနိုင်သည့် ဆေးတော့မဟုတ်ပေ။ ထို့ကြောင့် အဆိုပါဆေးသောက်သုံးသင့်သည့်အပြင် အကာအကွယ် အသုံးပြုပါက ပို၍ စိတ်ချရကြောင်း ဆရာဝန်များက အကြုံပြုထားသည်။

မည်သို့ပင်ဖြစ်စေကာမူ One-night stand တွင် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့မှုကြောင့် HIV ပိုးတွေ့ရှိခဲ့သည့် ပင်လယ်သည် ART ဆေးကို ပုံမှန်သောက်သုံးနေသည်။

One-night stand ကို အကာအကွယ်မဲ့ဖြတ်သန်းခဲ့သောကြောင့် နောင်တရမိပြီး ခေတ်လူငယ်များ ဆင်ခြင်နိုင်ရန်အတွက် The 74 Media ၏ အင်တာဗျူးလက်ခံဖြေဆိုခဲ့ကြောင်း ပင်လယ်ကပြောသည်။

“အမှန်အတိုင်းပြောရမယ်ဆိုရင် နောင်တရတာပေါ့။ မစူးစမ်းသင့်တဲ့အရာကို လုပ်လိုက်မိတဲ့အတွက် ဒီလိုဖြစ်သွားတယ်ပေါ့။ နောင်တက နောင်တပဲပေါ့။ ဒါပေမဲ့ ရှေ့ဆက်ရမယ့်ဟာက ကိုယ်ရှေ့ဆက်ရမှာလေ။ နောင်တကြီးကိုပဲတွေးနေလို့မရဘူး” ဟုဆိုသည်။

One-night stand ဖြတ်သန်းဖူးသူများနှင့် အကာအကွယ်မဲ့ လိင်ဆက်မိခဲ့သူများအနေဖြင့် သွေးစစ်သင့်ကြောင်း ပင်လယ်က အကြုံပြုသည်။

“Nightlife နဲ့ one-night stand ဖြတ်သန်းတာကို မတားလိုပါဘူး။ သူတို့ဆန္ဒရှိသလို ဖြည့်ဆည်းလို့ရပါတယ်။ ဒါပေမဲ့ အကာအကွယ်လေးတော့ သုံးပါ။ နောက်ပြီး awareness (အသိပညာပေး) တွေကို ဖတ်ပါ။ one-night stand တွေဖြတ်သန်းပြီးရင်တော့ ဆေးစစ်ပါလို့ မေတ္တာရပ်ခံလိုပါတယ်” ဟုဆိုသည်။

ပင်လယ်သည် လက်ရှိအချိန်တွင် လုပ်ငန်းခွင်တွင် ကျန်းကျန်းမာမာဖြင့် ပုံမှန်အတိုင်းလုပ်ကိုင်နေပြီး ရှေ့ဆက်ဘဝသစ်ကို အကောင်းဆုံးဖြတ်သန်းသွားရန် ဆုံးဖြတ်ထားသည်။

ခေတ်လူငယ်များ သတိထားဆင်ခြင်စေလို

စစ်အာဏာရှင်အုပ်ချုပ်နေသောတိုင်းပြည်တွင် မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်မှုများပြားလာကာ တရားမဝင် ပြည့်တန်ဆာခန်းများ၊ ဘား၊ ကလပ်၊ ကေတီဗီ၊ ကာစီနို၊ အနှိပ်ခန်း(မာဆတ်)၊ စင်တင်(စားသောက်ဆိုင်)များ စည်ကားသထက် စည်ကားလာနေသည်မှာ အားလုံးမျက်မြင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အသွေးအသားနှင့်တည်ဆောက်ထားသော လူသားများဖြစ်သည့်အတွက် အပျော်အပါးနှင့် လိင်မှုကိစ္စကို တားဆီးပိတ်ပင်၍မရပေ။

စူးစမ်းစမ်းသပ်လိုစိတ် ပြင်းထန်သည့် လူငယ်လူရွယ်သဘာဝကို နားလည်ပေးနိုင်သော်လည်း ခဏတာပျော်ရွှင်မှု၏ နောက်တွင် တစ်ဘဝစာ ဂုဏ်သိက္ခာနှင့် လဲလှယ်ရမည့် နောင်တဖြစ်သည့်အတွက် ကြိုတင်စဉ်းစားဆင်ခြင်သင့်သည်။

ထိုကြောင့် Nightlife ဖြတ်သန်းမည့်သူများ၊ One-night stand ဖြတ်သန်းမည့်သူများ၊ လိင်အပျော်အပါး လိုက်စားသော လူငယ်များအနေဖြင့် အကာအကွယ်အသုံးပြုခြင်းနှင့် HIV ကြိုတင်ကာကွယ်ဆေး သောက်သုံးခြင်းဖြင့် လူငယ်ဘဝကို လုံခြုံဘေးကင်းစွာဖြတ်သန်းသင့်သည်။

ဘဝတစ်လျှောက်လုံး အမျိုးသား ငါးဦးနှင့် One-night stand အကာအကွယ်မဲ့ ဖြတ်သန်းခဲ့မှုကြောင့် HIV ပိုးတွေ့ရှိခဲ့သည့် ပင်လယ်ကဲ့သို့ နောက်ထက်ပင်လယ်များ ထွက်ပေါ်မလာအောင် အကာအကွယ်မဲ့ လိင်မှုကိစ္စဖြတ်သန်းခြင်းကို လူငယ်များအနေဖြင့် အထူးသတိထားရှောင်ကျဉ်သင့်သည်။

မှတ်ချက် – ပင်လယ်ဆိုသည့်အမည်မှာ အမည်ရင်းမဟုတ်ပေ။ သူ၏ ချစ်သူက ပင်လယ်နှင့်တူသည်ဟုဆိုသောကြောင့် ဆောင်းပါးတွင် ထိုအမည်သုံးပေးရန် ပြောသည်။

ဆောင်းပါး – ကောင်းထက်မြတ်

သင့်ထင်မြင်ချက်ရေးပေးပါ