မြစ်ကြီးနားမြို့တွင် ညမထွက်ရအမိန့်ကြောင့် နေရာအများစုတွင် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း မြို့ပေါ်ရပ်ကွက်တစ်ခု၏ အတွင်းလမ်းထဲရှိ ခြံဝင်းကြီးတွင် မီးရောင်ထိန်ထိန်လင်းနေသည်။

မြို့တစ်ခုလုံး၏ တိတ်ဆိတ်ငြိမ်သက်မှုနှင့် ဆန့်ကျင်ဘက်အဖြစ် အဆိုပါခြံဝင်းအတွင်းရှိ အဆောက်အအုံထဲတွင် ခေတ်ပေါ်တေးဂီတ (DJ) ကို ဆူညံစွာတီးခတ်နေကြသည်။

ခေတ်ပေါ်တေးဂီတ (DJ) တီးခတ်ဖျော်ဖြေနေသည့် စင်မြင့်ရှေ့တွင် စားပွဲဝိုင်းများစွာရှိသည့်အပြင် နေကာမျက်မှန်တပ်ဆင်ထားသည့် လူငယ်အများအပြားက ဘယ်ညာညိမ်းထိုး ကခုန်နေကြသည်။

အဆောက်အအုံထဲတွင် စားပွဲဝိုင်းများစွာထားရှိထားပြီး စားပွဲဝိုင်းရှေ့တွင် ကခုန်နေသူများရှိသလို DJ တီးခတ်နေသည့် စင်ရှေ့နေရာလွတ်တွင် ကခုန်နေသူများလည်း အများအပြားရှိသည်။

အဆိုပါ နိုက်ကလပ်ခန်းမဘေးတွင် အခန်းငယ်လေးတစ်ခုရှိကာ အထဲတွင် စားပွဲဝိုင်းငယ် ၄-၅ ဝိုင်းကို တွေ့မြင်ရသည်။ အခန်းတစ်နေရာတွင် လူငယ်များကို စောင့်ကြည့်နေသည့် နိုက်ကလပ်မှ လုံခြုံရေးဝန်ထမ်းတစ်ဦးကိုလည်း တွေ့ရသည်။

ထိုအခန်းငယ်ကို ဟိုက်ရွန်း (high room) ဟု ခေါ်ဆိုကြပြီး မူးယစ်ဆေးဝါးများ သို့မဟုတ် စိတ်ကြွဆေးများကို လွတ်လပ်စွာ ရှူရှိုက်သောက်သုံးသည့် နေရာဖြစ်သည်။

“ဆေးဝယ်ပြီးသောက်တဲ့နေရာပေါ့။ ဆေးရှူမယ်ဆိုမှ အခန်းထဲသွားရတာ။ ဆေးဝယ်ထားတယ်ဆိုရင် ဆေးသုံးပြီး အပြင်မှာ ပြန်သွားကနေလို့ရတယ်။ အဲ့ဆေးထားထားတဲ့ စားပွဲကို ကလပ်က လူတွေ ကြည့်ထားပေးတယ်” ဟု ကလပ်သို့ မကြာခဏသွားရောက်လေ့ရှိသည့် အသက် ၂၃ နှစ်အရွယ် မဆိုင်းဂျာ (အမည်လွှဲ) က ပြောသည်။

နိုက်ကလပ်တွင် သွားရောက်ပျော်ပါးကြသူများတွင် ပါတီစိတ်ကြွဆေးများဖြစ်သည့် E (ecstasy)၊ K (ketamine) နှင့် Happy Water များကို လွတ်လပ်စွာ ရှူရှိုက်သောက်သုံးနိုင်သည်ဟု သူမက ဆိုသည်။

“ပိုက်ဆံပေးလိုက်ရင် စားပွဲဝိုင်းမှာလာချပေးတာလေ။ K ကို ဖျော်ရည်သောက်တဲ့ပိုက်နဲ့ နှာခေါင်းထဲ ထည့်ရှူတာပေါ့။ အရက်ကလည်း သောက်ထားတယ်၊ အဲတာပါ ရှူလိုက်တယ်ဆိုရင် တစ်ညလုံး ကောင်းနေပြီ။ ဟိုက်နေတာပေါ့” ဟု ဆိုသည်။

စိတ်ကြွမူးယစ်ဆေးဝါးများသုံးစွဲပြီး မြူးကြွသည့်ခေတ်ပေါ်တေးဂီတသံစဉ်များကိုလိုက်ပြီး ယိမ်းထိုးကခုန်ခြင်းသည် ယခုခေတ်လူငယ်များ၏ဖျော်ဖြေရေးတစ်ခုဖြစ်သည်ဟု သူမက ဆိုသည်။

မြစ်ကြီးနားမြို့ရှိ KTV နှင့် ကလပ်များတွင် စိတ်ကြွမူးယစ်ဆေးဝါးများကို ဆေးဆိုင်များတွင် ပါရာစီတမောဝယ်ယူသကဲ့သို့ပင် လွယ်လင့်တကူဝယ်ယူရရှိနိုင်ပြီး လူငယ်များက အတားအဆီးမဲ့သုံးစွဲနေကြသည်ဟု သိရသည်။

 

စိတ်ကြွဆေး K၊ E နဲ့ Happy Water ဆိုတာ ဘာလဲ

==================

လူငယ်များ ပါတီတွင် အသုံးများကြသည့် K ဆိုသည့် Ketamine ဆိုသည်မှာ စိတ်ကျရောဂါကို ကုသသည့် ဆေးတစ်မျိုးဖြစ်ပြီး ဆေးကို သောက်သုံးလျင်ဖြစ်စေ၊ ရှူရှိုက်လျင်ဖြစ်စေ အရှိတရားနှင့်ဝေးကွာသွားကာ လွင့်မျော်နေသည့် ခံစားမှုကိုဖြစ်စေသည်ဟု ဆိုသည်။

အဆိုပါဆေးကို ယနေ့ခေတ်လူငယ်များက မူးယစ်ဆေးဝါးတစ်ခုအဖြစ် အလွဲသုံးစားပြုလုပ်ကြပြီး နှာခေါင်းထဲသို့ ရှူသွင်းကြခြင်းဖြစ်သည်။

ရှူရှိုက်ထားသည့် ဆေးလွင့်ပြယ်သွားချိန်တွင် ဖြစ်ခဲ့သည့်အကြောင်းအရာများကို မမှတ်မိခြင်း၊ မူးဝေခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ဖြစ်ပေါ်တတ်သည်။

E ဟုအတိုကောက်ခေါ်ကြသည့် Ecstasy ကိုအရက်ဖြင့် ရောနှောသုံးစွဲပါက သွေးတိုးရောဂါအပြင် ကျောက်ကပ်နှင့် အသည်းကို ဆိုးဝါးစွာပျက်စီးစေနိုင်သည်။

အက်စ်တက်စီ (Ecstasy) မှာ စိတ်ကိုကြွလာစေသည့် မူးယစ်ဆေးတစ်မျိုးဖြစ်ပြီး အချို့နိုင်ငံတွင် ထိန်းချုပ်ထားသည့်ဆေးဝါးအဖြစ်သတ်မှတ်သော်လည်း အချို့နိုင်ငံတွင် တရားမဝင်မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်သည်။

ဓာတုဗေဒအမည်ကို အခြေခံပြီး MDMA ဟုလည်း ခေါ်ဆိုကြသည့် E ကို သုံးစွဲပါက လွင့်မျော်နေသည့် ကောင်းမွန်သည့်ခံစားချက်များကို ဖြစ်စေနိုင်သည်သာမက ယုံကြည်မှုတိုးလာစေနိုင်သည်ဟု ဆိုသည်။

အဆိုပါဆေးကို သုံးစွဲသူများသည် နှလုံးခုန်နှုန်းမြန်လာစေပြီး ကခုန်ခြင်းကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပါက ကျောက်ကပ်၊ အသည်းနှင့် နှလုံးကို ပျက်စီးစေနိုင်သည်ဟု ဆိုသည်။

ယခုနှစ်များအတွင် လူငယ်များအကြား ရေပန်းစားလာသည့် Happy Water ဆိုသည်မှာ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်ပြီး ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံများတွင်လည်း သုံးစွဲကြသည်။

အရောင်နှင့် အရသာမရှိသဖြင့် နိုက်ကလပ်များနှင့် ဘားများတွင် ရိုးရိုးရေပုံစံသောက်သုံးတတ်ကြသည်။

အဆိုပါ Happy Water ကို သောက်သုံးသူများသည် အလွန်ဝမ်းမြောက်သည့် ခံစားမှုများခံစားရကာ မအိပ်ဘဲ အချိန်ကာလအတန်ကြာနေထိုင်နိုင်သည့်အပြင် အစာစားလိုစိတ်ကို လျော့နည်းစေသည်ဟုလည်း သိရသည်။

သို့သော် အလွန်အကျွံသောက်သုံးသူများသည် ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သွေးပေါင်တက်ခြင်း၊ အိပ်မပျော်ခြင်းအပြင် စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်းများဖြစ်ပေါ်တတ်သည်ဟုဆိုသည်။

 

လူငယ်များအကြား ပိုမိုရေပန်းစားလာသည့် K၊ E နဲ့ Happy Water

==================

စိတ်ကြွဆေးများဖြစ်သည့် E (ecstasy)၊ K (ketamine) နှင့် Happy Water များသည် ကချင်ပြည်နယ်တွင် ယခင်ကတည်းက အသုံးပြုကြသည့် မူးယစ်ဆေးဝါးများဖြစ်သော်လည်း ယခုလောက် လူသိများထင်ရှားခြင်း မရှိပါ။

ယခင်က စိတ်ကြွမူးယစ်ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ ရရှိနိုင်သော်လည်း လူငယ်များအကြား စိတ်ကြွမူးယစ်ဆေးဝါးများ အလွယ်တကူရရှိလာနိုင်ခြင်းသည် ပြောင်းလဲလာသည့် ညအပန်းဖြေမှုလုပ်ငန်းများနှင့် ချိတ်ဆက်မှုရှိနိုင်ကြောင်း မြစ်ကြီးနားဒေသခံလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဆန်းအောင် (အမည်လွှဲ) က ပြောသည်။

“အရင်က KTV ခေတ်စားတာလေ။ KTV မှာ အများစုက သီချင်းဆိုတာ၊ ဘီယာသောက်တာ၊ ကောင်မလေးတွေနဲ့ သီချင်းဆိုတာလောက်ပဲရမယ်။ စိတ်ကြွဆေးဆိုရင် ပိုင်ရှင်နဲ့အရမ်းပိုင်မှ။ အခုက ဘားတွေ၊ နိုက်ကလပ်တွေ အရမ်းခေတ်စားလာပြီး အဲ့လုပ်ငန်းတွေနဲ့ စိတ်ကြွဆေးတွေက ဒွန်တွဲနေသလိုကို ဖြစ်နေတော့တာ” ဟု ဆိုသည်။

စိတ်ကြွဆေးများကို ဖောဖောသီသီရရှိနိုင်ခြင်းနှင့် ပြောင်းလဲလာသည့် လူငယ်များ၏ ခေတ်ရေစီးကြောင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု သူကဆိုသည်။

“လူငယ်တွေရဲ့ ထရန်း (trend) က ဘားတွေ နိုက်ကလပ်တွေဖြစ်သွားပြီ။ အဲဒီမှာမှ E တို့ K တို့ဆိုတာ မပါမဖြစ်လိုကို ဖြစ်နေပြီ။ အဲတာပါမှ ခေတ်မီသလိုဖြစ်သွားပြီလေ။ လူငယ်အမျိုးသမီးတွေနဲ့ သွားချင်တဲ့ ငွေကြေးတတ်နိုင်တဲ့လူလတ်ပိုင်းတွေက လူငယ်တွေဒါလိုချင်တယ်ဆိုရင် လိုက်လျောရတာပဲ” ဟု ထောက်ပြသည်။

ကချင်ပြည်နယ်သည် သဘာဝသယံဇာတထုတ်ယူရောင်းချသည့်ဒေသတစ်ခုဖြစ်သဖြင့် အဆိုပါလုပ်ငန်းလုပ်ကိုင်သူများမှာ ငွေကြေးအတော်အတန်တတ်နိုင်ကြပြီး အလုပ်အားလပ်သည့်အချိန် အပန်းဖြေနိုင်ရန် ဒေသခံအမျိုးသမီးများကို ချိတ်ဆက်ဖိတ်ခေါ်လေ့ရှိသည်ဟု ဦးဆန်းအောင်ကဆိုသည်။

လူလတ်ပိုင်းလုပ်ငန်းရှင်များနှင့်အတူ လိုက်ပါလာကြသည့် ဒေသခံအမျိုးသမီးများကလည်း စိတ်ကြွမူးယစ်ဆေးဝါးများပါမှ လိုက်ပါချင်ကြကြောင်း ပြောသည်။

“ဆိုလိုတာက ဟိုင်း (high) တဲ့ဟာပါမလားပေါ့။ ပါမယ်ဆိုမှ ဘားတွေ၊ ကလပ်တွေကို လိုက်မယ်ပေါ့။ ဆေးတွေရဲ့ ဈေးက ပေါင်းလိုက်ရင် ၂-၃ သိန်း၊ ကလပ်တွေ ဘားတွေမှာ ကုန်မှာက ၇-၈ သိန်း၊ ကျန်တာ ၃-၄ သိန်းနဲ့ပေါင်းရင် တစ်ညကို ၁၅ သိန်းလောက်ပေါ့။ ဖားကန့်ထက်စာရင် အများကြီးသက်တာတယ်လေ” ဟု ဆိုသည်။

ဦးဆန်းအောင်ပြောသကဲ့သို့ ယနေ့ခေတ်လူငယ်များအကြား စိတ်ကြွမူးယစ်ဆေးဝါးများကို ထိတ်လန့်ကြောက်ရွံ့စရာမူးယစ်ဆေးဝါးအဖြစ် မမြင်တော့ဘဲ ဖျော်ဖြေရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ခံယူကြကြောင်း မြစ်ကြီးနား ခေမာသီရိရပ်ကွက်နေ လူငယ်တစ်ဦးက ပြောသည်။

“ညဘက် ကောင်မလေးတွေနဲ့ နိုက်ကလပ်သွားချင်မယ်ဆိုရင် ဆေးခေါ်ချမှာလား။ ဆေးပါမှ လိုက်မယ်လို့ပြောတဲ့ ကျွန်တော့်အသိတွေတောင် ရှိတယ်။ အဲ့လောက်ကို ဖြစ်နေတာ။” ဟု ဆိုသည်။

မြစ်ကြီးနားမြို့ရှိ လူသိများထင်ရှားသည့် နိုက်ကလပ်များနှင့် KTV များတွင် စိတ်ကြွဆေးသုံးစွဲမည့်နေရာများကို သီးသန့်ပြုလုပ်ထားပေးသည်ဟု သူကဆိုသည်။

“831 တို့ MB တို့မှာ ဆေးရှူတဲ့နေရာ သီးသန့်ရှိတယ်။ Happy မှာက VIP လောက်ပဲရတာ။ ဒီအတိုင်းပြောရင် မရဘူး။ သူတို့နဲ့ ပိုင်မှရတာ။ အဲတာတောင် အရင်က ကျွန်တော်သွားဖူးတုန်းကပါ။ အခုနောက်ပိုင်း ဘယ်လိုလဲတော့ မသိဘူး” ဟု ပြောသည်။

Happy KTV ဆိုသည်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ အုပ်ချုပ်ရေးအရာရှိ အများအပြားဖမ်းဆီးခံခဲ့ရသည့် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ KTV ဖြစ်ပြီး 831 နိုက်ကလပ်သည် ခေမာသီရိရပ်ကွက်နှင့် MB ဘားသည် စီတာပူရပ်ကွက်တွင် တည်ရှိကြသည်။

သဘာဝသယံဇာတထုတ်ယူမှုများပြားသည့် ကချင်ပြည်နယ်တွင် ငွေကြေးတတ်နိုင်သူများက အပန်းဖြေမည့်နေရာအဖြစ် ယခင်က KTV ကို အဓိက အသုံးပြုကြသော်လည်း ယခုနောက်ပိုင်းတွင် နိုက်ကလပ်များကလည်း ရွေးချယ်စရာဖြစ်လာသည်။

လူငယ်များအကြားရေပန်းစားသည့် စိတ်ကြွမူးယစ်ဆေးဝါးများ သို့မဟုတ် ပါတီမူးယစ်ဆေးဝါးများကို အကြောင်းအမျိုးမျိုးကြောင့် လူငယ်အများအပြားသုံးစွဲနေကြသည်ဟု အဆိုပါမူးယစ်ဆေးဝါးများကို ကိုယ်တိုင်သုံးစွဲသည့် မရွယ်ဆန့် (အမည်လွှဲ) က ဆိုသည်။

“ဘာကြောင့်သုံးစွဲတယ်ဆိုတော့ ကြားဖူးသိသလောက်တော့ အရမ်းစိတ်ညစ်ရင် အာရုံကိုပြောင်းပေးနိုင်တယ်၊ လုပ်ငန်းရှင်တွေဆိုရင်အလုပ်ကိုပိုပြီး မှတ်ဉာဏ်ပိုပြီးကောင်းလာတယ်၊ အာရုံစိုက်နိုင်တယ်တဲ့၊ အချို့လူငယ်တွေက ပျော်ပါးချင်လို့ဒီလိုဘဲ သုံးပစ်လိုက်တာ” ဟု ပြောသည်။

လူဦးရေ သုံးသိန်းကျော်ရှိသည့်မြစ်ကြီးနားမြို့တွင်နေထိုင်သည့် လူငယ်အရေအတွက်၏ မည်မျှရာခိုင်နှုန်းက စိတ်ကြွမူးယစ်ဆေးဝါးအသုံးပြုနေသည်ကို အသေးစိတ်သိရှိနိုင်ရန် ခက်ခဲသော်လည်း ငွေကြေးတတ်နိုင်သည့် လူငယ်များက စိတ်ကြွမူးယစ်ဆေးဝါးများကို စမ်းသပ်သုံးစွဲရန်ဖြစ်စေ၊ အပျော်အဖြစ်သုံးစွဲရန်ဖြစ်စေ ရွေးချယ်စရာတစ်ခုဖြစ်လာသည်ဟု ဆိုသည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးဝယ်ယူရန် ပိုမိုလွယ်ကူလာ

==================

ပါတီမူးယစ်ဆေးဝါးများဖြစ်ကြသည့် E (ecstasy)၊ K (ketamine) နှင့် Happy Water များက စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဝယ်ယူရန် ပိုမိုလွယ်ကူလာသည်ဟု မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးဖြစ်သူ မဂျာနန် (အမည်လွှဲ) က ပြောသည်။

“အရင်ကတော့ ပိုပြီးစိုးရိမ်ရတာပေါ့။ ဒါပေမဲ့ နိုင်ငံရေးပြောင်းသွားတော့ အဲလောက် စိုးရိမ်စရာ မရှိတော့ဘူး။ ဈေးကတော့ အရင်နဲ့ သိပ်မကွာပါဘူး၊ ကိုယ့်အသိတွေထဲက ပြန်ယူရောင်းရင်တောင် ကိုယ့်အတွက် ကျန်တယ်” ဟုဆိုသည်။

ပါတီသုံးစိတ်ကြွဆေးများဖြစ်ကြသည့် K တစ်ထုပ်လျင် တစ်သိန်းသုံးသောင်းဝန်းကျင်၊ Happy Water ကို တစ်သိန်း ခွဲဝန်းကျင်နှင့် E ဆိုလျင် ရှစ်သောင်းဝန်းကျင်ဖြင့် ရနိုင်သည်ဟု သိရပြီး မိမိဝယ်ယူသည့်သူပေါ်မူတည်ပြီး ဈေးအနည်းအများကွာနိုင်ကြောင်း မဂျာနန်က ဆိုသည်။

စစ်အာဏာမသိမ်းမီ မူးယစ်ဆေးဝါးများ၏ ဈေးနှုန်းများတရိပ်ရိပ်တက်လာသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဈေးကျသွားသည်ဟု မူးယစ်ဆေးဝါးရောင်းဝယ်သူများထံက သိရသည်။

မြစ်ကြီးနားမြို့ရှိ ဘားများနှင့်နိုက်ကလပ်များတွင် စိတ်ကြွမူးယစ်ဆေးဝါးများအလွယ်တကူဝယ်ယူရရှိနေသည်ကို အာဏာပိုင်များက မသိချင်ယောင်ဆောင်ထားခြင်းဖြစ်သည်ဟု နိုက်ကလပ်များတွင် မကြာခဏသွားရောက်လေ့ရှိသူ ဦးဆန်းအောင်က ဆိုသည်။

“မသိဘဲနေပါ့မလား၊ ကိုယ်တွေတောင် စရဖတွေကို တစ်ခါတလေခေါ်သွားတာပဲလေ။ မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) က ဂျီဝမ်း၊ ဂျီတူးတွေတောင် ဒီနေရာတွေကို ကလေးမတွေနဲ့ လာတတ်သေးတာပဲ။ မသိဘူးဆိုတာ မဟုတ်ပါဘူး။ လွတ်ပေးထားတာပါ” ဟု သူက ပြောသည်။

ကချင်ပြည်နယ်သည် ယခင်ကတည်းက တရားမဝင်မူးယစ်ဆေးဝါးများကို လွယ်လင့်တကူရရှိသည့်နေရာဖြစ်သည့်အပြင် ခေတ်အဆက်ဆက်အာဏာပိုင်များက လာဘ်ပေးလာဘ်ယူမှုများရယူကာ မသိကျိုးကျွံပြုထားတတ်ကြသဖြင့် ဒေသခံကချင်လူမျိုးများကို မူးယစ်ဆေးဝါး အထူးသဖြင့် ဘိန်းဖြူဖြင့် လူညွှန့်တုံးရန်လုပ်ဆောင်နေသည်ဟု စွပ်စွဲမှုများရှိခဲ့သည်။

ခေတ်အဆက်ဆက်အာဏာပိုင်များကို နံပါတ်ဖောဟုခေါ်သည့် ဘိန်းဖြူနှင့် အခြားမူးယစ်ဆေးဝါးများကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရန် ဒေသခံများက အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိသဖြင့် ဒေသခံများကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်သည့် ပတ်ဂျဆန်ဆိုသည့်အဖွဲ့များ ပေါ်ပေါက်ခဲ့ဖူးသည်။

ကိုယ်ထူကိုယ်ထမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်သည့် ပတ်ဂျဆန်အဖွဲ့ဝင်များက ဘိန်းခင်းများကို ဖျက်ဆီးခြင်း၊ ဘိန်းဖြူရောင်းဝယ်သူများကို ဖမ်းဆီးပြီး ရဲလက်အပ်ခြင်း၊ သုံးစွဲသူများကို ဘိန်းဖြတ်ပေးခြင်းနှင့် ကြိမ်ဒဏ်ပေးခြင်း၊ ဘိန်းဖြူစွဲနေသူများကို ခရစ်ယာန်သမ္မာကျမ်းစာသင်ကြားပေးခြင်းတို့ကို ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် လုပ်ဆောင်ခဲ့သည်။

ထိုသို့ကြိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း ဒေသခံအာဏာပိုင်များက ပူးပေါင်းပါဝင်မှုအားနည်းသည့်အပြင် ပတ်ဂျဆန်ခေါင်းဆောင်များကို ဖမ်းဆီးအရေးယူခြင်း၊ တရားစွဲဆိုခြင်း၊ ကိုယ်ထူကိုယ်ထဘိန်းဖြတ်စခန်းများကို ဝင်ရောက်စီးနင်းခြင်းများပြုလုပ်ခဲ့သည်။

ဤကဲ့သို့နောက်ခံအခြေအနေရှိခဲ့သည့် ကချင်ပြည်နယ်တွင် စိတ်ကြွမူးယစ်ဆေးဝါးများကို လွယ်လင့်တကူပြန်လည် ရရှိနိုင်သည်မှာ အထူးအဆန်းမဟုတ်တော့ကြောင်း အမည်မဖော်လိုသူ ကချင်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

“လူမျိုးတစ်ခုလုံး လူညွှန့်တုံးအောင် စိတ်ကြွဆေးထက်ပိုဆိုးတဲ့ ဘိန်းဖြူကိုတောင် ဒီအတိုင်းလွတ်ထားခဲ့တာလေ။ သူတို့ (အာဏာပိုင်) တွေက မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေဆီက ပိုက်ဆံရပြီးချမ်းသာမယ်၊ ကချင်လူငယ်တွေက မူးယစ်ဆေးဝါးနွံနစ်ပြီး တော်လှန်ရေးမလုပ်နိုင်တော့ဘူး၊ ပညာတတ်တွေ ဖြစ်မလာတော့ဘူး၊ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်မလာတော့ဘူး။ မူးယစ်ဆေးဝါးကြောင့် ကချင်လူထုက အဘက်ဘက်က နောက်ကျသွားတာဆိုတော့ တစ်ချက်ခုတ် လေးငါးချက်ပြတ်တာပေါ့။ ကချင်လူငယ်တွေက အခုလည်း ဘားတွေ၊ ကလပ်တွေမှာတော့ ညတိုင်းလူမပြတ်ပေမယ့် စာကြည့်တိုက်တွေမှာတော့ လူရှိတာ ခပ်ရှားရှားရယ်” ဟုဆိုသည်။

 

နိဂုံး

=============

ကချင်ပြည်နယ်သည် ၂၀၁၇ မြန်မာ့လူနေမှုအဆင့်အတန်းစစ်တမ်းအရ မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်သော်လည်း ကျောက်စိမ်း၊ ရွှေ၊ မြေရှားသတ္တု၊ သစ်နှင့် အခြားသဘာဝသယံဇာတထုတ်ယူရောင်းချသည့်နေရာဖြစ်သဖြင့် ငွေရှာရလွယ်ကူသည့် ဒေသတစ်ခုဖြစ်သည်။

လွယ်လွယ်ကူကူရရှိလာသည့်ငွေကြေးများဖြစ်သဖြင့် မူးယစ်ဆေးဝါးနှင့် လိင်အပျော်အပါးများတွင် လွယ်လွယ်ကူကူဝယ်ယူသုံးဖြုံးကြသည်လားဟု မေးခွန်းထုတ်ရမလိုပင်။

မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာရှင်တော်လှန်ရေးကို အားကောင်းမောင်းသန်ကြိုးပမ်းလုပ်ကိုင်နေကြသလို လူဦးရေ သန်းနှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

သန်းနှင့်ချီသောလူထုက စွန့်ခွာခဲ့ရသည့် နေရာဒေသအသီးသီးရှိ ရွာပေါင်းမြောက်မြားစွာမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသော်လည်း မြစ်ကြီးနားမြို့ရှိ ဘားများနှင့် နိုက်ကလပ်များက ခေတ်ပေါ်တေးဂီတသံများဖြင့် ဆူညံနေဦးသည်မှာ ဝမ်းနည်းဖွယ်ရာ အရှိတရားတစ်ခုပင် မဟုတ်ပါလော။

သင့်ထင်မြင်ချက်ရေးပေးပါ