မတ်လ၏ ညနေခင်းတစ်ခု မောင်ရီပျိုးစအချိန်နှင့်အတူ မြစ်ကြီးနားမြို့သည်လည်း အခြားမြို့များနည်းတူ မီးရောင်စုံများထိန်ထိန်လင်းလာပြီး လူအများဖြင့် ပျားပန်းခတ်စည်ကားလာသည်။

မြို့လယ်ခေါင်ရပ်ကွက်များဖြစ်ကြသည့် မင်းရပ်၊ ဧရာ၊ အောင်နန်းနှင့် ရှမ်းစုရပ်ကွက်များမှာ ညနေခင်းနှင့်အတူ လမ်းဘေးဈေးဆိုင်များ၊ ညဈေးတန်း၊ စားသောက်ဆိုင်၊ လမ်းဘေးဈေးဆိုင်များအပြင် ကားလမ်းမပေါ် ဥဒဟိုသွားလာနေသည့် ရောင်စုံကားများကိုလည်း တွေ့မြင်ရသည်။

သက်ဝင်လှုပ်ရှားလာနေသော မြစ်ကြီးနားမြို့၏ညနေခင်းနှင့်အတူယှဉ်တွဲတွေ့ရှိရသူများတွင် ဆယ်ကျော်သက်အရွယ်မှ အသက် ၄၀ ကျော်အရွယ်အမျိုးသမီးများလည်းပါဝင်သည်။

မိတ်ကပ်နှုတ်ခမ်းနီအပြည့်လိမ်းခြယ်ထားပြီး ခေတ်ပေါ်စကပ်အတိုများဝတ်ဆင်ထားသူများလည်းပါဝင်သည့် မိန်းကလေးများကို ညဈေးတန်းရှိရာ မင်းရပ်ရပ်ကွက်၊ ဘူတာကြီးအနီးရှိ မြို့သစ်ရပ်ကွက်နှင့် ဘူတာကြီးအနောက်ဘက်ရှိ အောင်နန်းရပ်ကွက် လမ်းမများပေါ်တွင် ညနေတိုင်းလိုလိုတွေ့မြင်နိုင်သည်။

၎င်းတို့အားလုံးမှာ မိုဘိုင်းလ်ဖုန်းများကို ကိုယ်စီအသုံးပြုနေကြသည့်အပြင် သူမတို့၏မျက်ဝန်းများကလည်း ဟိုကြည့်ဒီကြည့်ဖြင့် တစ်စုံတစ်ဦးကို စောင့်မျှော်နေဟန်ရှိနေသည်ဖြစ်ရာ ရုတ်တရက်ကြည့်လျင် အပြင်ထွက်ရန် သူငယ်ချင်းများကို စောင့်နေသည့် မိန်းကလေးငယ်များဟု ယူဆနိုင်သည်။

သို့သော် ထိုမိန်းကလေးများမှာ ခန္ဒာကိုယ်ကိုယ်အရင်းအနှီးပြုကာ စီးပွားရှာနေကြရသည့် လိင်အလုပ်သမများဖြစ်ကြသည်။

အာဏာသိမ်းပြီးနောက် ပိုမိုများပြားလာသည့် လိင်အလုပ်သမများ

ကိုဗစ်ကာလနှင့် စစ်တပ်အာဏာသိမ်းသည့် ကာလအတွင်း မြန်မာနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံ ပိတ်သိမ်းမှုများကြောင့် အလုပ်လက်မဲ့ဦးရေ ၁.၈ သန်းခန့်ရှိသည်ဟု ၂၀၂၂ ခုနှစ်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က ထုတ်ပြန်ထားသည်။

စီးပွားရေးအကြပ်အတည်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာသွားသဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ရန်ကုန် ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံ နှစ်ရုံ ထပ်မံပိတ်သိမ်းခဲ့ရကာ အလုပ်သမား ၂၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။

ဆွစ်စလန်နိုင်ငံအခြေစိုက် နာမည်ကြီး စားသောက်ကုန်အမှတ်တံဆိပ် Nestle ကုမ္ပဏီကလည်း မြန်မာနိုင်ငံရှိ စက်ရုံနှင့် ကုမ္ပဏီရုံးချုပ်ကို ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြောဆိုခဲ့သည်။

ပိတ်သိမ်းခဲ့ရသည် လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံးများမှ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့် အလုပ်သမားတွင် အမျိုးသမီး အလုပ်လက်မဲ့ အရေအတွက်မှာ သုံးသိန်းခန့်ရှိသည်ဟု အလုပ်သမားအဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။

နိုင်ငံအတွင်း အလုပ်လက်မဲ့ဦးရေတိုးလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းရန်အတွက် အမျိုးသမီးများက လိင်လုပ်သားဘဝသို့ ရောက်ရှိလာသူ များပြားလာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့တွင် တရားမဝင် ပြည့်တန်ဆာခန်းများ၊ ဘား၊ ကလပ်၊ ကေတီဗီ၊ ကာစီနို၊ အနှိပ်ခန်း(မာဆတ်)နှင့် စင်တင်(စားသောက်ဆိုင်) များလည်း တစတစတိုးများလာပြီး ဆယ်ကျော်သက်အရွယ် လိင်လုပ်သားများ ပိုမိုများပြားသည်ကို The 74 Media ၏ စုံစမ်းချက်အရ သိရသည်။

မြစ်ကြီးနားမြို့ရှိ စားသောက်ဆိုင်(စပီဆိုင်) တစ်ခုတွင် အမျိုးသမီးလိင်လုပ်သား ၄၀ ဦးခန့်ရှိပြီး ယခင်အာဏာမသိမ်းခင်ကာလထက် နှစ်ဆခန့် မြင့်တက်လာကြောင်း လူထုအခြေပြု အသိပညာပေးလုပ်ငန်းအဖွဲ့တွင် ပါဝင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကာစီနိုမှာတွေရှိတယ်။ ဟိုတယ်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်တဲ့သူတွေလည်းရှိတယ်။ ဆိုင်တွေမှာ အလုပ်လုပ်တယ်ဆိုတာက အချင်းချင်းပြောရင်း၊ ချိတ်ဆက်ရင်း ရောက်လာကြတာများတယ်။ တစ်ယောက်က အဆင်ပြေတယ်ဆိုရင် ငွေကြေးလိုအပ်နေတဲ့သူတစ်ယောက်က အဆင်ပြေတယ်ဆိုတဲ့ သူနဲ့ ရောက်လာပြီး တဖြေးဖြေးရောက်လာကြတယ်” ဟုပြောသည်။

ထိုသို့ အမျိုးသမီးလိင်လုပ်သားအသစ်များ များလာသောကြောင့် အသိပညာပေးလုပ်ငန်းများနှင့် သွေးစစ်သည့် လုပ်ငန်းစဉ်များကို အကူအညီပေးနေသည့် အဖွဲ့အစည်းများက လွန်ခဲ့သော ၁၀ နှစ်က ကဲ့သို့ ပြန်လည်လုပ်ဆောင်ပေးနေကြရသည်။

ထိုသို့ လုပ်ဆောင်နေရခြင်းမှာ စစ်အာဏာသိမ်းခြင်း၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများဖြစ်သည်ဟု HIV ကူးစက်ရောဂါနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသည့် ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်း၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၎င်းက “ကျန်းမာရေးကဏ္ဌနဲ့ ဖွံ့ဖြိုးရေးတွေမှာ ဒီလိုအကြပ်အတည်း ကြုံလိုက်ရင် အားလုံးက နောက်ကို ပြန်ရောက်သွားတာက ထုံးစံပဲလေ။ ကျွန်တော်တို့ လုပ်ခဲ့သမျှ အားလုံးသည် သဲထဲရေသွန်ပေါ့နော်။ community level (ရပ်ရွာအဆင့်) မှာတော့ ကျွန်တော်တို့ လုပ်နေရဦးမှာပဲ” လက်ရှိ ရုန်းကန်လုပ်ဆောင်နေရပုံကို ပြောသည်။

လိင်အလုပ်သမများပိုများလာသော်လည်း တိကျသည့်အချက်အလက်ရယူစုဆောင်းရန် ခက်ခဲ

စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ အမျိုးသမီးငယ်လေးများမှာ မိသားစုစားဝတ်နေရေးအတွက် လိင်လုပ်သားဘဝကို ရွေးချယ်လုပ်ကိုင်လာသူ ပိုများသည်ဟု မြစ်ကြီးနားမြို့တွင် လိင်လုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများထံက သိရသည်။

အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့်လည်း ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များက ဘား၊ ကလပ်၊ ကာစီနို၊ မာဆတ်၊ ကေတီဗီနှင့် စင်တင်များကို တိုးချဲ့ဖွင့်လှစ်လာရာ ဝန်ထမ်းခေါ်ယူမှု အလွန်များလာခြင်းကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်သည်။

ကျန်းမာရေး အသိပညာပေးလုပ်ငန်းအတွက် လိင်လုပ်သားများနှင့် ဝင်ရောက်တွေ့ဆုံခွင့်မရှိသည့် ကေတီဗီနှင့် ကလပ်များလည်းရှိနေပြီး တွေ့ဆုံးပြောကြားခွင့်ရရှိခဲ့သည့် လိင်လုပ်သားများတွင် အားလုံးနီးပါး အသစ်များဖြစ်နေသောကြောင်း တိုးလာသည့် လိင်လုပ်သားအရေအတွက်ကို အတိအကျပြောနိုင်ရန် ခက်ခဲသည်ဟု မြေပြင်တွင် ကျန်းမာရေးအသိပညာပေးလုပ်ငန်း လုပ်ဆောင်နေသူများထံက သိရသည်။

The 74 Media က စုစည်းထားသောအချက်အလက်များအရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အသစ်ဖွင့်လှစ်ခဲ့သည့် ဘား၊ ကေတီဗီနှင့် ကလပ် ၁၀ ခုထက်မနည်းရှိသည်။

မြန်မာနိုင်ငံ၏တည်ဆဲ အလုပ်သမားဥပဒေအရ နောက်ဆုံးအကြိမ် သတ်မှတ်ပေးထားသည့် အနိမ့်ဆုံး တစ်နေ့ လုပ်ခလစာမှာ ၄‚၈၀၀ ကျပ်ဖြစ်ပြီး ပညာရေးဆုံးခမ်းတိုင်အောင် မသင်ကြားခဲ့ရသည့် မိန်းကလေးငယ်များက မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေပိုမိုရရှိသည့် လုပ်ငန်းကို ရွေးချယ်နေကြခြင်းဖြစ်ကြောင်း တွေ့ရသည်။

တစ်ဖက်တွင်လည်း အဖွဲ့အစည်းများက အမျိုးသမီးလိင်လုပ်သားများကို ဘဝတူချင်း ကျန်းမားရေး အသိပညာပေးဝန်ဆောင်မှုများ ပေးနိုင်ရန် စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် သင်တန်းများ ပြုလုပ်ပေးနေရပြီး လူမှုအသိုင်းအဝန်းတွင် ခွဲခြားဆက်ဆံခြင်းမခံရအောင် ဆောင်ရွက်ပေးနေမှုများလည်း ရှိသည်။

လိင်လုပ်ငန်းနှင့် အိပ်ခ်ျအိုင်ဗွီ

စစ်တပ်အာဏာသိမ်းခြင်း၏ နောက်ဆက်တွဲအကျိုးဆက်ဖြစ်သည့် စီးပွားရေးအကြပ်အတည်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် လိင်လုပ်သား အသစ်များ ပိုမိုများပြားလာသဖြင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများနှင့် သွေးစစ်သည့် လုပ်ငန်းစဉ်များကို လွန်ခဲ့သော ၁၀ နှစ်က ကဲ့သို့ ပြန်လည်လုပ်ဆောင်နေရခြင်းဖြစ်သည်။

ကာလသားရောဂါနှင့် အိပ်ခ်ျအိုင်ဗွီပိုး ရှိ၊ မရှိ သွေးစစ်ဆေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ အေအာတီ (ART)ဆေး ကုသမှုခံယူနိုင်ရန်နှင့် ဆေးဆက်လက်ရရှိရေးကဲ့သို့သော လုပ်ငန်းများကို လုပ်ငန်းတူ အဖွဲ့အစည်းများက ပူးပေါင်းလုပ်ဆောင်လေ့ရှိကြောင်း HIV ကူးစက်ရောဂါနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသည့် ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်း၏ တာဝန်ရှိသူဆက်ပြောသည်။

“လုပ်ငန်းတူအဖွဲ့အစည်းတွေက ပုံမှန် coordination(ညှိနှိုင်းရေး) လုပ်ကြတယ်ပေါ့နော်။ လူနာတစ်ယောက်က တစ်ခုခုပြောလိုက်ပြီဆိုရင် သူ့ရဲ့လိုအပ်ချက်တွေကို အဖွဲ့အစည်း တစ်ခုချင်းစီကနေ ဆိုင်ရာဆိုင်ရာ ဝိုင်းတာဝန်ယူပေး support(ထောက်ပံ့ပေးခြင်း) ပြည့်ပြည့်စုံစုံ လုပ်ပေးနိုင်တယ်ပေါ့” ဟုသူကပြောသည်။

၂၀၂၁ နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံထားရသူ ၂၇၀,၀၀၀ ခန့်ရှိပြီး ၁၉၀,၀၀၀ ကျော်မှာ အေအာတီဆေးရယူသောက်သုံးနေကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကျင်းပပြုလုပ်ခဲ့သည့် ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက် နှစ်ပတ်လည်အစည်းအဝေတွင် ပြောခဲ့သည်။

အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူအသစ်မှာ ၂၀၀၀ ပြည့်နှစ်တွင် အမြင့်ဆုံး ၃၀,၀၀၀ အထိ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၁၁,၀၀၀ ခန့်ထိ ကျဆင်းခဲ့ကြောင်း UNAIDS အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

လိင်မှတစ်ဆင့်ကူးစက်တတ်သော ကာလသားရောဂါနှင့် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ရောဂါသည် လိင်ဆက်ဆံဖော်များစွာရှိသူ၊ လိင်တူဆက်ဆံသော အမျိုးသားများ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံသူများ၊ လိင်လုပ်သားများ၊ အန္တရာယ်များသော လိင်ဆိုင်ရာ အပြုအမူများကို ကျင့်သုံးသည့် ဆေးသုံးသူများနှင့် အပ်တစ်ချောင်းတည်း အတူမျှဝေသုံးစွဲသူများတွင် ရောဂါဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။

ရောဂါပိုးကူးစက်ခံရသူအသစ်များ လျှော့နည်းလာစေရန် ကုသရေးလုပ်ငန်းများနှင့် လူထုအခြေပြု အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဆက်လက်ပြုလုပ်နိုင်ရန်လည်း ကြိုးစားဆောင်ရွက်နေကြောင်း HIV ကူးစက်ရောဂါနှင့် ပတ်သက်ပြီ လုပ်ဆောင်နေသည့် ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်း၏ တာဝန်ရှိသူက ဆက်ပြောသည်။

“အရင်တုန်းကလို သူတို့ရဲ့ MOU ကိစ္စတွေ ရပ်ရွာလူထုအခြေပြုလုပ်ငန်းရပ်တွေကိုလုပ်နိုင်ဖို့ ရံပုံငွေ ပံ့ပိုးပေးဖို့အတွက် သူတို့(donor)မှာ အခက်အခဲတွေရှိတယ်။ ရန်ပုံငွေတွေ အရင်လို မရှိတော့ဘူးပေါ့နော်။ အဲ့တာကြောင့် ကိုဗစ်တုန့်ပြန်ရေးတွေ မျိုးဆက်ပွားကျန်းမာရေးတွေ ဆက်ပြီးလုပ်နေတယ်” ဟုပြောသည်။

သို့သော်၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အေးအာတီဆေးစားနေသည့် လူနာများမှ ၃၀ ရာခိုင်နှုန်းခန့်မှာ ဆေးရရှိရန် လက်လှမ်းမမှီခြင်း၊ ဆေးရရှိရန် လမ်းခရီး ခက်ခဲခြင်းတို့နှင့် ကြုံတွေ့ခဲ့ရကြောင်း ကမ္ဘာခုခံအားကျဆင်းရေးရောဂါတိုက်ဖျက်ရေးနေ့တွင် နယ်စည်းမခြားဆရာအဖွဲ့က ပြောသည်ဟု HIV ကူးစက်ရောဂါနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသည့် အဖွဲ့များထံက သိရသည်။

အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများရင်ဆိုင်နေရ

မြစ်ကြီးနားတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ကြေညာခဲ့ပြီး ယနေ့အချိန်အထိ တည်ရှိနေဆဲဖြစ်သောကြောင့် ညအချိန် ဖမ်းဆီးစစ်ဆေးမှုများလည်း ပြုလုပ်လေ့ရှိသည်။

ထိုသို့စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပတ်ကင်းလှည့်လည်ခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများကြောင့် လိင်လုပ်သားများအနေဖြင့် အခက်အခဲကြုံနေရကြောင်း လိင်လုပ်သားများကို ကူညီနေသူက ပြောသည်။

“အရေးပေါ်ကာလသတ်မှတ်တာက ဘယ်အချိန်ထိရှိနေမလဲ မပြောတတ်ဘူး။ စုတဲ့ နေရာမှာ နှစ်ယောက်၊ သုံးယောက်ရှိနေရင် အခြေအနေကြည့်ရတာပေါ့ တစ်ယောက်ယောက်က ကားနဲ့ လာပြီဆိုတာနဲ့ ပြေးရ၊ ပြုရတာပေါ့။ မပြေးနိုင်ရင် အဖမ်းခံရတယ်၊ ဘယ်လောက်ပေးပါ့မယ်ဆိုပြီး လိမ်ညာပြီး ဖမ်းခံရပြီးတော့ ပိုက်ဆံပေးပြီး ပြန်လွတ်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စွပ်စွဲတိုင်ကြားချက်ကြောင့် အမျိုးသားလိင်လုပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ထိုသို့ ဖမ်းဆီးခံထားရစဉ်အတွင်း ညစ်ညမ်းသော စကားလုံးများဖြင့် ဆဲဆိုခြင်း၊ ထိုးနှက်ခြင်းနှင့် ရိုက်နှက်နှိပ်စက်ခြင်းများ ကြုံခဲ့ရကြောင်း မြစ်ကြီးနားမြို့နေ လိင်လုပ်သားအရေး လိုက်လံဆောင်ရွက်နေသူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

“အဖွဲ့အစည်းကနေ လိုက်တာ လူ့အခွင့်အရေးတွေ သွားပြောရင် ရှေ့မှာတော့ ဟုတ်ကဲ့ဆိုပြီး ကျွန်မတို့ ပြန်သွားရင် နင့်ဆရာမက လာပြောတယ် ဘာလူ့အခွင့်အရေးလဲဆိုပြီး မျက်နှာကို အကုန်ဖုံးအုပ်လိုက်ပြီးတော့ ရိုက်၊ လက်အိတ်စွပ်ပြီး ထိုး၊ မြေကြီးနဲ့ မထိအောင် ထုတ်တန်းမှာ ကြိုးနဲ့ တွဲလောင်း ဆွဲထားတယ်။ သူ့ကို ပြန်နှိပ်စက်တယ်တဲ့။ နောက်ပြန်လွတ်လာမှ သိရတာ” ဟု ပြောသည်။

ထိုသို့သော ဖြစ်ရပ်များမှာ မြို့ပြများတွင်လည်း ဖြစ်ပွားလျက်ရှိနေသည်။

ရဲတပ်ဖွဲ့ဝင်များကလည်း လိင်လုပ်သားများကို လူ့အခွင့်အရေးချိုးဖောက်ကာ အသွင်ယူဖမ်းဆီးခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ကာ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ရန်ကုန်မြို့တွင် လိင်လုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသည့် အသက် ၃၅ နှစ်ခန့်အရွယ်ရှိ တရားလွှတ်တော် အမျိုးသမီးရှေ့နေတစ်ဦးက ပြောသည်။

“လူ့အခွင့်အရေးချိုးဖောက်မှုမှာ ရဲတွေနဲ့ အသွင်ယူတဲ့ သူတွေ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ။ ရဲတွေကိုယ်တိုင်ကလည်း အသွင်ယူတဲ့သူတွေကို နင်တို့ ကောင်မလေး ဘယ်နှယောက်ခေါ်ခဲ့။ လိင်ပိုင်းဆိုင်ရာ ရယူပြီးတဲ့နောက်မှာ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်တာတွေ ရှိတယ်။ ဘယ်လောက်ပေးပါ့မယ်ဆိုပြီး လိမ်ညာပြီး ဖမ်းခံရတာရှိတယ်” ဟုပြောသည်။

ထိုသို့ဖမ်းဆီးခံရသည့် လိင်လုပ်သားများကို ရဲတပ်ဖွဲ့ဝင်များက ငွေကြေးဖြင့် ပြန်လာရွေးယူစေပြီး ပြန်လည်လွတ်မြောက်လာချိန်တွင်လည်း ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိကြောင်း သူက ဆက်ပြောသည်။

“ဒီကာလမှာ ကောင်မလေးတွေကိုဖမ်းပြီး အိမ်တွေ၊ အပေါင်းအသင်းတွေကို ဖုန်းခေါ် ခိုင်းပြီး တစ်သိန်းပေးရင် လွတ်မယ်၊ နှစ်သိန်းပေးရင် လွတ်မယ်ဆိုပြီး အသွင်ယူတဲ့သူနဲ့ ရဲနဲ့ပေါင်းပြီး လုပ်စားနေကြတာ။ လမ်းမှာ သုံး၊ လေး၊ ငါးယောက်ကိုတွေ့ရင် ဖမ်းပြီး ကားပေါ်တင်ပြီးရင် ပြန်လွှတ် ငါတို့ မတွေ့စေနဲ့ပြော။ သူတို့ပဲ မတွေ့တွေ့အောင်လိုက်ရှာပြီး ကိုယ်တိုင်ပြန်ဖမ်းတာ” ဟုပြောသည်။

ထိုသို့ အာဏာပိုင်းများ၏ ဖမ်းဆီးနှိပ်စက်ခြင်းအပြင် ဧည့်သည်များ၏ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကိုလည်း ကြုံတွေ့ရနေကြရခြင်းဖြစ်သည်။

“ဧည့်သည်ရလာရင်လည်း လူကောင်းလား၊ မကောင်းလား မသိရတော့ အဓမ္မပြုကျင့်ခံရတာ များတယ်။ ပိုက်ဆံမပေးဘူး။ ပြီးတော့ ပိုက်ဆံပေးပြီးရင်လည်း ပြန်လုခံရတာတွေလည်း ရှိတယ်။ ဖုန်း၊ ပိုက်ဆံ၊ လက်ဝတ်ရတနာနှင့် ဆိုင်ကယ်တွေလည်း လုခံရတယ်” ဟု မြစ်ကြီးနားမြို့နေ လိင်လုပ်သားအရေး လိုက်လံဆောင်ရွက်နေသူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့အကြမ်းဖက်နှိပ်စက်ခံရခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့် အသွင်ယူသူများနှင့် ရဲများ၏ လိမ်လည်ခေါ်ယူကာ ဖမ်းဆီးခြင်းကို ကြုံတွေ့နေရခြင်းမှာ လိင်လုပ်သားများအတွက် ဥပဒေတစ်စုံတစ်ရာဖြင့် ကာကွယ်ပေးထားခြင်းမရှိသောကြောင့် ဖြစ်သည်။

၁၉၄၉ ခုနှစ်က ရေးဆွဲပြဌာန်းခဲ့သည့် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေတွင် ပြည့်တန်ဆာအိမ်၊ ပြည့်တန်ဆာခေါင်း၊ ပြည့်တန်ဆာများအား ဖမ်းဆီးခွင့်ရှိသူများနှင့် မည်သို့ပြုမူလျင် ပြည့်တန်ဆာမှုမြောက်သည်တို့ကို သတ်မှတ် အဓိပ္ပါယ်ဖွင့်ဆိုထားပြီး တရားစွဲဆိုခံရလျင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။

သို့သော် လိင်လုပ်သားတစ်ဦးကို ဖမ်းဆီးမည်ဆိုပါက ဖမ်းဆီးမည့်သူမှာ ဥပဒေတွင် ပါရှိသည့်အတိုင်း ဒုရဲအုပ်အဆင့်ထက် မနိမ့်သူဖြစ်ရမည်ဖြစ်ပြီး တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်နှင့် နယ်ထိန်းများက အသွင်ယူဖမ်းဆီးခွင့်မရှိကြောင်း ဥပဒေဆိုင်ရာ ရှေ့နေများထံမှ သိရသည်။

“ဥပဒေကို သိတဲ့သူတစ်ယောက်က အများပြည်သူသွားလာတဲ့ နေရာမှာ ဖမ်းဆီးခံမယ်ဆိုရင် စပြီး မြူစွယ်မှ ပြစ်မှုမြောက်တယ် အသွင်ယူပြီး အမှုလိုချင်လို့ လာခေါ်တာကို လိင်လုပ်သားတွေဘက်က ပြစ်မှုမမြောက်ဘူးဆိုတာ ပြောနိုင်တယ်” ဟု အသက် ၃၅ နှစ်ခန့်အရွယ်ရှိ တရားလွှတ်တော် အမျိုးသမီးရှေ့နေကပြောသည်။

ထိုကြောင့် လိင်လုပ်သားများကို ဥပဒေပိုင်းဆိုင်ရာ အသိပညာပေးခြင်း၊ အသိပညာဗဟုသုတ မျှဝေခြင်းနှင့် ရဲလက်စွဲတွင် ပါဝင်သော အချက်အလက်များကို ပိုမိုသိရှိလာစေရန် ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူများအနေဖြင့်လည်း လုပ်ဆောင်ပေးနေကြရသည်။

လက်ရှိမြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများ၊ ဥပဒေပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တစ်စုံတစ်ရာ ကြုံတွေ့ရလျှင် ဆက်သွယ်နိုင်မည့် အဖွဲ့အစည်းများ၊ စင်တာများ၊ ကွန်ရက်များရှိနေပြီး လိင်လုပ်သားများက မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ၊ ဥပဒေအသိပညာပေးလုပ်ငန်းများကို အဖွဲ့အစည်းများက အားကောင်းစွာ ချိတ်ဆက်လုပ်ဆောင်ရန် လိုအပ်နေသေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာပြီး လူက နေသော်လည်း ဝမ်းက မနေသောကြောင့် ၎င်းအပေါ် အခွင့်ကောင်းယူကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ၊ အကြမ်းဖက်မှုများနှင့် ဥပဒေပိုင်းဆိုင်ရာ အကာအကွယ် မရှိသည့်ကြားတွင် လိင်လုပ်သားများက ဆက်လက်ရုန်းကန်နေကြရဦးမည်ဖြစ်သလို အဖွဲ့အစည်းများကလည်း ဆက်လက်ကူညီ ကာကွယ်ပေးနေကြရဦးမည် ဖြစ်ပေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ