ဆောင်းပါးရှင် – ကချင်လေး

“သုံးတန်းကွာ၊ နှစ်တန်းတက်ဟေ့၊ ကုလားတစ်ကောင်နဲ့ ဆလေးလာစမ်းပါဟ” အစရှိသည့် တစ်ယောက်တစ်ပေါက် ပြောဆိုဆဲဆိုသံများကို ဆူညံစွာကြားနေရသည်။

ယင်းအသံသည် အဆင့်မြင့် တန်ဖိုးကြီး လေအေးပေစက်များတပ်ဆင်ထားသော ပေ ၁၀၀ နီးပါး ပတ်လည်ကျယ်ဝန်းသည့် ဟောခန်းလို အလုံပိတ်အခန်းထဲက ထွက်လာသော အသံဖြစ်သည်။

ဒိုင်နှင့် ထိုးသား (၆)ဦး ကစားလို့ရသည့် ရှမ်းကိုးမီး၊ ဘူကြီး ဟုခေါ်သည့် ဖဲဝိုင်းက (၈) ဝိုင်းခန့်ကို အဆိုပါအလုံပိတ်ဟောကြီးထဲတွင် မြင်တွေ့ရသည်။ ထို့အပြင် အွန်လိုင်းပေါ်တွင် ခေတ်စားနေသော ငါးမန်းဂိမ်းခေါ် ငါးပစ်ဂိမ်းဆော့လို့ရသည့် စက်ကြီးများကိုလည်း တွေ့ရသည်။

ဖဲဝိုင်းများတွင် ဒိုင်အဖြစ်ဖဲဝေပေးနေသူများက စနစ်တကျ လေ့ကျင့်ထားသူများဟု ယူဆရပြီး၊ စကပ်အမဲရောင်တိုတို၊ တီးရှပ်အဖြူနှင့် ဒေါက်မြင့်ဖိနပ်ကိုယ်စီ စီးထားကာ ဖဲဝိုင်းလာသူ အမျိုးသားများအဖို့ အကြိုက်တွေ့စေလောက်သည့် ကိုယ်လုံးကိုယ်ပေါက်မျိုး ပိုင်ဆိုင်ထားကြသည်။

ဖဲအိမ်ပြည့် ဖဲဝိုင်းတစ်ဝိုင်းကို ထိုအမျိုးသမီးငယ်နှစ်ဦးခန့်က အလှည့်ကျ ဒိုင်အဖြစ် တာဝန်ယူ ဖဲဝေနေကြသည်။

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားလို မြို့ကြီးတွင်ပင် လောင်းကစားရုံကြီးများက တရားဝင်လုပ် ငန်းကြီးများကဲ့သို့ ပေါ်ပေါ်ထင်ထင် ရှိလာနေသည်။ များမကြာခင် လောင်းကစားရုံသစ်များ ထပ်ဖွင့်နိုင်ဖို့ပြင်ဆင်နေကြကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

စုံစမ်းရရှိထားသည့် အချက်အလက်များအရ မြစ်ကြီးနားမြို့ကြီးတွင်း ငွေကြေးသိန်းထောင်ချီဖြင့် ဆော့ကစားနိုင်သည့် လောင်းကစားရုံကြီးများက လက်တစ်ဖက်ပြည့်နေပြီ ဖြစ်သည်။

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များတွင် ကျေးလက်ကမ္ဘာစားသောက်ဆိုင် (ကချင်ပြည်နယ်လွှတ်တော်ရုံး အနောက်ဘက်ရှိ လောင်းကစားရုံ)၊ Crown Garden (မြစ်ဆုံဟိုတယ်ဘေးတွင်တည်ရှိပြီး ယခင်က ရွှေတောင်ကေတီဗီ)၊ Dream Land အပြင် မြို့သစ်ကြီး – ဂျန်မိုင်ကောင်းရပ်ကွက်ထဲက (အမည်မရှိ) လောင်းကစားရုံတစ်ခု၊ ရွှေညောင်ရပ်ကွက်ရှိ အမည်မဲ့ လောင်းကစားရုံများအပြင် ကြက်ပေါင်ခြံ၊ ခေမာသီရိ၊ နန်းကွေ့ (ကြက်ဝိုင်း)၊ ပလနရပ်ကွက်နှင့် ကျေးရွာများတွင် ရှိကြသည်။

မြို့ပေါ်ရက်ကွက်များရှိ ဗီလာအချို့နှင့် ဟိုတယ်ကြီးအချို့ကလည်း လောင်းကစားလုပ်ငန်းများကို တိတ်တဆိတ်လုပ်ဆောင်နေသည်ဟု သတင်းများထွက်ပေါ်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။

အမည်မဖော်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက “ဒီနေရာတွေက ဘယ်သူ့အတွက်ဘဲဖြစ်ဖြစ် ငွေကို အလွယ်တကူ ရှာလိုရတဲ့နေရာတွေလေ။ ပြောရရင် ငွေပေါတဲ့နေရာ၊ ငွေပင်ပေါက်တဲ့ နေရာပေါ့။ ဒါကြောင့်လည်း ပေါလာတာပေါ့” ဟု ပြောသည်။

အချို့သော လောင်းကစားရုံများနှင့် လောင်းကစားပြုလုပ်သည့် နေရာများက အာဏာသိမ်း စစ်ကောင်စီ ၏ ရဲနှင့် စစ်တပ် စခန်းအနီးများတွင်သာ ရှိနေသည်။

အ.ထ.က (၅) ကျောင်းဘေးရှိ ပြည်နယ်ရဲအရံရှေ့ (လမ်းတစ်ဖက်သာခြား) ရှိ “အောင်နိုင်လက်ဖက်ရည်ဆိုင်” ကြက်ဝိုင်းက နေ့စဥ်နှင့်အမျှ လူစည်ကားလေ့ရှိသလို၊ မြစ်ဆုံဟိုတယ်ဘေးရှိ သရဖူဥယျာဥ်အမည်ရှိ လောင်းကစားရုံကလည်း စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် စစ်သားစုဆောင်းရေးတပ်နှင့် လမ်းတစ်ဖက်သာ ခြားနေသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ လောင်ကစားရုံများအားလုံးဟာ တရားဝင် လောင်းကစားရုံ လိုင်စင်နှင့် ဖွင့်လှစ်ထားကြတာမဟုတ်ဘဲ စားသောက်ဆိုင်၊ ဖျော်ဖြေရေး ဝန်ဆောင်မှုလုပ်ငန်း အစရှိသဖြင့် အခြားခွင့်ပြုလုပ်ငန်းလိုင်စင်တစ်ခုခုဖြင့် ဖွင့်လှစ်ထားသည့် နေရာများဖြစ်ကြသည်။

စစ်ကောင်စီခန့် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ဝင် ညွှန်ကြားရေးမှူးတစ်ဦးက လောင်းကစားဝိုင်း ခေါ် လောင်းကစားရုံများကို ပြည်နယ်အစိုးရအနေဖြင့် တရားဝင် ခွင့်ပြုပေးထားခြင်းမရှိဟု ဆိုသည်။

သို့သော် လောင်းကစားဝိုင်း ခေါ် လောင်းကစားရုံများအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ များ တည်ဆောက်ရာတွင် လိုအပ်သည့် ခွင့်ပြုလက်မှတ်များကို သက်ဆိုင်ရာဦးစီးဌာနရုံးများကနေ ထုတ်ပေးနေသည်။

ယခင်အစိုးရ အဆက်ဆက်ကတည်းကပင် တရားဝင်လုပ်ငန်းတစ်ခုကဲ့သို့ အမြစ်တွယ် ရှင်သန်လာနေခဲ့သည့် လောင်းကစားရုံများက အာဏာနှင့် လုပ်ပိုင်ခွင့်ကို လက်နက်ဖြင့်သိမ်းယူထားသည့် လက်ရှိစစ်ကောင်စီလက်ထက်တွင် ပိုပြီးရှင်သန်သွားခြင်းဖြစ်သည်ဟု ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘရန်လီ (အမည်လွဲ) က အခုလိုဆိုသည်။

“လောင်းကစားရုံကိစ္စတွေက မူးယစ်ဆေးပြဿနာနဲ့ ခပ်ဆင်ဆင်ပါဘဲ။ တရားဝင်လားဆိုရင် တရားမဝင်ပါဘူး။ ရောင်းဝယ်ဖောက်ကားခွင့်လည်း မရှိပါဘူး။ ဒါပေမဲ့ လက်တွေ့မြေပြင်အနေအထားမှာတော့ မူးယစ်ဆေးဝါးတွေက ဖောချင်သောချင်း ဖြစ်နေတယ်။ ဒီတော့ အဖြေကရှင်းနေတာပဲ။ အဓိကတော့ အစိုးရဆိုတဲ့သူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေမှာ တာဝန်အပြည့်ရှိပါတယ်။ ဘာကြောင့်ဆိုတော့ အာဏာကို သူတို့တွေကပဲ ချုပ်ကိုင်ထားတာမို့လိုပါ” ဟု ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူက ဆိုသည်။

မြစ်ကြီးနားမြို့တွင် အာဏာရအစိုးရကခန့်အပ်ထားသည့် ပြည်နယ်အစိုးရအဖွဲ့က ရုံးထိုင်သလို၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်အမိန့်ပေး ထိန်းချုပ်သည့် မြစ်ကြီးနားလေတပ်ဌာနချုပ်နှင့် စစ်သင်တန်းကျောင်းများ ရုံးစိုက်ရာနေရာလည်း ဖြစ်သည်။ ထိုအပြင် ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)ကလည်း အခွန်အကောက် ကောက်ခံနေသည်။

ဘယ်သူတွေပါဝင်ပတ်သက်နေလဲ

=======================

မြစ်ကြီးနားမြို့ထဲရှိ လောင်ကစားရုံများထဲတွင် ပန်ဝါမြို့အခြေစိုက် စစ်ကောင်စီလက်အေက်ခံ နယ်ခြားစောင့်တပ် (ယခင် NDA – K အဖွဲ့) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ သားများပိုင်ဆိုင်သည့် လုပ်ငန်းများပါဝင်နေသလို၊ ကေအိုင်အေခွဲထွက်အဖွဲ့ဖြစ်သည့် စစ်ကောင်စီလက်အောက်ခံဂွေထုအခြေစိုက် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးလဆန်အောင်ဝါတို့အပြင် စစ်ဖက်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လူကြီးအချို့၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက် ဒေသခံလုပ်ငန်းရှင်များ စုဖွဲ့ပိုင်ဆိုင်သည့် လုပ်ငန်းများလည်း ပါဝင်နေသည်။

“အဓိကတော့ နယ်စားလို့ခေါ်တဲ့ ဦးလဆန်အောင်ဝါပေါ့။ သူ့အောက်က ခေါင်းခံပြီးလုပ်နေကြတဲ့ ဝိုင်းတွေကြီးပါပဲ။ ဒါကြောင့်လည်း ခုထိက ဘယ်လူကြီးတယောက်မှ အသံမထွက်တာလေ။ သိတာသိ မမြင်စေနဲ့ အချိုးပေါ့” ဟု မြစ်ကြီးနားဒေသခံ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

အချို့သော လောင်းကစားရုံများက အာဏာသိမ်းစစ်တပ်နှင့် ပတ်သက်ဆက်နွယ်သူများကို ပိုင်ရာပိုင်ကြောင်း နားလည်မှုဖြင့် ခွင့်ပြုထားသည့် နေရာများဖြစ်သည်။ ထို့ကြောင့် အမှုအခင်းပြဿနာ တစ်စုံတစ်ရာဖြစ်လာပါက သတင်းအစအနပင် အပြင်သို့ မထွက်ဘဲ ဖြေရှင်းပြီးသား ဖြစ်နေသည်။

လက်နက်ကိုင်အာဏာပိုင်ဆိုင်သူများနှင့် ဆက်နွယ်ပက်သက်နေသောကြောင့် လောင်းကစားရုံအချို့တွင် ဖြစ်ပေါ်ခဲ့သည့် လူမှုရေးနှင့် လူ့အခွင့်ရေးချိုးဖောက်မှု ပြဿနာများကို အခိုင်အမာသိရှိကြသော်လည်း သက်သေပြရန်ခက်ခဲနေသည်။

ပိုမိုဆိုးရွာသည်မှာ ဖောက်သည်နှင့် လောင်းကစားရုံစောင့်လုံခြုံရေး အကြား အချင်းများရာမှ လူသေသည့်အထိဖြစ်ရပ်များ၊ အသက်မပြည့်သူများ မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သော်လည်း အပြင်သို့မပေါက်ကြားအောင် ပိတ်ဆို့ထားသဖြင့် ကျုးလွန်သူများ အရေးယူမခံရသလို မီဒီယာများကလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာလုပ်ငန်းများ

======================

ပေါ်ပေါ်ထင်ထင်ဖြစ်လာနေခဲ့သည့် လောင်းကစားနဲ့အတူ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာ လုပ်ငန်းများက ကပ်ပါလာခဲ့သည်။

ကြက်တိုက်ဝိုင်း (ဒေသအခေါ် ကြက်ဝိုင်း) ရှမ်းကိုးမီး၊ ဘူပိတ် အစရှိသည့် ဖဲဝိုင်းများ၊ လေးကောင်ဂျင်၊ အန်စာတုံးသုံးတုံးကို ကြိုးဆွဲတံလောင်းကစားမှုတွေအပြင် ချဲ၊ နှစ်လုံးထီနှင့် ပြည့်တန်ဆာလုပ်ငန်းများမှတဆင့် အခွန်ကောက်ကာ ဖွင့်ခွင့်ပေးနေခြင်း ဖြစ်သည်။

ငွေကြေးသိန်းထောင်ချီဆော့ကစားနိုင်သည့် ဖော်ပြပါ ဒီလောင်းကစားရုံများတွင် စိတ်ကြွစေသည့် မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာလုပ်ငန်းများက ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုသကဲ့သို့ပင် လွယ်လင့်တကူ ရရှိနိုင်သည်။

ရဲနှင့် စစ်သားများကိုယ်တိုင်ကလည်း လာရောက်ဆော့ကစားနေကြသလို ထိုနေရာ တစ်ဝိုက်ကို အထူးလုံခြုံရေး ပေးနေကြောင်း စုံစမ်းသိရှိရသည်။

ပြည့်တန်ဆာလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် အမျိုးသမီးများမှာ အသက်အရွယ်အားဖြင့် (၁၆)၊ (၁၇) အရွယ်များမှ (၂၅)၊ (၃၀) ဝန်းကျင်အရွယ် အမျိုးသမီးလေးများက ဖက်ရှင်ကျကျဝတ်ဆင်ထားကာ မျက်နှာကိုလည်း မော်ဒယ်လ်မင်းသမီးများ အရှုံးပေးရလောက်အောင် ပြင်ဆင်ထားကြပြီး၊ လာရောက်ပျော်ပါးကြတဲ့ ဧည့်သည်များကို ဝန်ဆောင်မှုအသီးသီး ပေးကြသည်။

ငွေသုံးနိုင်သည့် ဧည့်သည်များကို သမီးရည်းစားတစ်ယောက်လို ချွဲနွဲကာလိင်ဖျော်ဖြေရေးအတွက် မြူဆွယ်နေကြသည်။ တချို့က သူတို့၏ လိပ်စာကဒ်နှင့် ဖုန်းနံပါတ်များလည်း ပေးနေတတ်ကြသည်။

“ကျွန်တော်တို့က ဒီနေရာကို ပျော်ချင်လို့လာတာလေ။ ဒီနေရာမှာ ဘာလိုချင်လဲ။ လိုချင်တာ အကုန်လုံးရတယ်ကွာ။ ဘာပြဿနာမှမရှိဘူး။ ဒါကကျွန်တော်တို့အတွက် အရမ်းကောင်းတယ်လေ။ နောက်ပြီး ပြဿနာတက်မှာလည်း ကြောက်စရာမလိုဘူးလေ။ အဓိကတော့ သုံးနိုင်တဲ့ ပိုက်ဆံပါလာဖို့ပဲ လိုပါတယ်။ ဝေါကီလား(ဆေးခြောက်)၊ K လား။ E လား။ နောက်ဆုံး ဖဲဆော့လို့ ညောင်းရင်တောင် အညောင်းအညာနှိပ်ဖို့ လူကလည်း ခေါ်လို့ရတော့ ဒီနေရာကို သွားဖြစ်တယ်ဆိုပါတော့” ဟု လောင်းကစားဝိုင်းကို မကြာမကြာသွားဖြစ်သည့် ကိုမွန်းလီက သူ၏ အယူအဆကို အခုလိုပြောပြ ဖြစ်သည်။

အလုပ်အကိုင် အခွင့်အလမ်း

=============

မြစ်ကြီးနားမြို့တွင် လောင်းကစားရုံများပေါများလာခြင်း၏ တစ်ဖက်မှာတော့ လူမှုရေးပြဿနာ အသီးသီးကို ဒေသခံပြည်သူလုထုက ခံစားနေရသည်။

အသိမိတ်ဆွေများကို ကား၊ ဆိုင်ကယ်များ ခေတ္တခဏဌားပေးလိုက်ရာမှ အပေါင်ဆိုင်နှင့် လောင်းကစားရုံတို့မှာ ပေါင်နှံသွားသည့် ဖြစ်ရပ်များက ခေတ်စားလာနေသည်။ ထို့အပြင် ခိုးဆိုးလုယက်ခြင်းများကလည်း အချိန်မရွေးဖြစ်လာနေသည်။

လောင်းကစားရုံများသည် အကျင့်စာရိတ္တဖျက်ဆီးသည့် နေရာများဖြစ်သည်မှာမှန်သော်လည်း တဖက်မှာ လူအချို့အတွက် အလုပ်အကိုင် အခွင့်အလမ်း အနည်းငယ်ကို ဖန်းတီပေးနေပြန်သည်။

မြစ်ကြီးနားမြို့ထဲက လောင်းကစားရုံတစ်ရုံတွင် အနည်းဆုံးဝန်ထမ်းဦးရေက အယောက် ၂၀ မှ အယောက် ၃၀ ကျော်ထိ ခန့်အပ်ထားကြသည်။

“ဒါက ပစ်ပယ်လို့မရတဲ့အချက်တော့ ဟုတ်တယ်။ ဒါက လတ်တလောပြဿနာတော့ ဖြေရှင်းပြီးသား ဖြစ်တာပေါ့။ ဘာအကျိုးမှတော့ ရှိမှာမဟုတ်ဘူး။ ဒီမှာ အလုပ်ရသွားတဲ့လူတွေထဲမှာလည်း ခေတ်ပညာတတ်တဲ့ လူငယ်တွေလည်း ပါမှာပဲ။ သူတို့အတွက်က ဘာအာမခံချက်ရှိမှာလဲ။ နောက်ပြီး ဒီလောင်းကစားရုံမှာ အလုပ်က နှစ်နှစ်၊ သုံးနှစ်လုပ်ရင် အဲ့ထဲမှာတော့ သူ့ရဲ့ကျွမ်းကျင်မှုက ဆရာအဆင့် ရောက်လာနိုင်ပေမဲ့၊ အပြင်လက်တွေ့ဘဝမှာတော့ နှစ်နှစ်၊ သုံးနှစ်စာ အသိပညာတွေ နောက်ကျသွားပြီ။ ဒီနေရာမှာ တချို့က သူစုဆောင်းတတ်ရင် ရမှာဘဲလေလို့ ကပ်သီး ကပ်တက်တွေးပြီး ပြောကြမှာပဲ” ဟု မြစ်ကြီးနားဒေသခံ ကိုအောင်က လောင်းကစားရုံများတွင် အလုပ်လုပ်တာနှင့် ပက်သက်ပြီး သူ့အမြင်ကို ပြောပြသည်။

ပြည်နယ်အစိုးရအဆက်ဆက်၏ ဒေသတွင်းမှာ အလုပ်အကိုင်အခွင့်လမ်းရဖို့ ဖန်တီးပေးနိုင်ခြင်း ရှိမနေသည့် ကာလတွင် ဒေသအတွင်းရှိ ခေတ်ပညာတတ်လူငယ်များနှင့်လူအချို့အတွက် တရားဝင်လုပ်ငန်းကြီးတစ်ခုအလား ပေါ်ပေါ်ထင်ထင်ဖြစ်လာနေသည့် လောင်းကစားရုံများရှိ အလုပ်အကိုင်များက မိသားစုစားဝတ်နေရေး ဖြေရှင်းဖို့ တခြားရွေးစရာမရှိသည့် အလုပ်အကိုင် အခွင့်အလမ်းဖြစ်လာနေသည်။

လူ့စွမ်းအားအရင်းအမြစ်များ ထိခိုက်ပျက်စီးလာသည့် လောင်းကစားလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းတစ်ခုလို မသတ်မှတ်ကြဖို့ လူ့အခွင့်အရေးလှုပ်ရှားသူများက သတိပေးတိုက်တွန်းနေသော်လည်း အခုချိန်ထိတော့ ထူးခြားလာမနေသေးပါ။

ဒါ့အပြင် လောင်းကစားရုံများက မြစ်ကြီးနားမြို့တွင်း ပေါများလာသော်လည်း ပြည်နယ်အတွက်အခွန်အခ မည်မျှရရှိပြီး၊ ပြည်သူအကျိုးပြု မည်သူ့လုပ်ငန်းများမှာ ကျခံသုံးစွဲနေသည်ကို ချပြနိုင်ခြင်းမရှိကြသည့်အပေါ်  လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အဖွဲ့အစည်းအားလုံးကို မေးခွန်းထုတ်နေကြသည်။

တစ်ဖက်မှာ ဒေသတွင်းက လက်နက်ကိုင်အဖွဲ့များအတွက် လောင်းကစားရုံမှ ဆက်ကြေးအခွန်အ ကောက်က အထူးလိုအပ်နေသည့် ဝင်ငွေကောင်းဆိုတာကိုတော့ ငြင်းပယ်လို့ရမည်မထင်ပါ။

ကေအိုင်အိုအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ကို နည်းလမ်းပေါင်းစုံနှင့် ဆက်သွယ်မေးမြန်ခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိပါ။

နိုင်ငံရေးဆန္ဒရှိမည်ဆိုလျှင် မြစ်ကြီးနားမြို့မှာ မှိုပေါက်သလိုတိုးပွားလာနေသည့် လောင်းကစားရုံများသည်လည်း တချိန်ချိန်တွင် ပိတ်သိမ်းပြီး၊ လောင်းကစားရုံနေရာမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပေါ်လာနိုင်ပါသည်။

သို့သော် လက်ရှိအခြေအနေတွင် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် NDA – K ခေါင်းဆောင် ဦးဇခုန်တိန်းယိန်း၊ ကေအိုင်အေခွဲထွက်အဖွဲ့ဖြစ်သည့် ဦးလဆန်အောင်ဝါတို့အပြင် စစ်ဖက်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လူကြီးအချို့ရဲ့ စီးပွားရေးမိတ်ဖက်များပါဝင်သည့်အပြင် ဒေသခံလုပ်ငန်းရှင်များ စုဖွဲ့ပြီး၊ ပြည်နယ်အရေးထက် ကိုယ်ကျိုးစီးပွားရေးကိုသာ ရှေ့တန်းတင်နေတာဖြစ်နေတော့ မြစ်ကြီးနားမြို့ဟာ “ဒုတိယကချင်မကာအို” ဟု အမည်တွင်လာမယ့်ကိန်းဆိုက်နေပါသည်။

သင့်ထင်မြင်ချက်ရေးပေးပါ