စစ်ကိုင်းတိုင်း၊ ကသာမြို့မရဲစခန်းတွင် မတ်လ ၁၄ ရက်နေ့ ညသန်းခေါင်ယံသည် တိတ်ဆိတ်ငြိမ်သက်နေသည်။

အသက် ၂၄နှစ်အရွယ် ရဲတပ်သားဖြစ်သူ အောင်စိုးဦးတစ်ယောက်အတွက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း နားထဲတွင်လည်း “ပြည်သူ့ရဲ၊ ပြည်သူ့ရဲ” ဆိုသော လူထု၏ ကြွေးကြော်သံများကို ကြားယောင်နေသည်။

တစ်နေ့လုံး ကသာမြို့ပတ်၍ ကင်းလှည့်ခဲ့ရသောကြောင့် ပင်ပန်းနေသော်လည်း သစ်သားကုတင်ပေါ်တွင် လှဲလှောင်းရင်း ဘဝတစ်ခုလုံးနှင့်ဆိုင်သည့် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချလိုက်သည်။

“ငါဒီထဲမှာ ဆက်နေလို့မဖြစ်တော့ဘူး။ ငါ့အတွက်တင်မကဘူး သားစဉ်မြေးဆက်အထိ ငါ့ကြောင့် သမိုင်းဆိုးကြီး ဖြစ်ပြီး လူတကာလက်ညှိုးထိုးခံရမယ့် အခြေအနေ ဘဝမျိုးအရောက်မခံချင်ဘူး”ဟု ထိုညက စဉ်းစားခဲ့သော အကြောင်းများကို ပြောသည်။

ကိုအောင်စိုးဦးသည် တက္ကသိုလ်၊ ဒုတိယနှစ်အောင်မြင်ပြီးနောက် သူ၏မိသားစုနှင့် ပြည်သူလူထုကို အကာကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၆ ခုနှစ် တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ စတင်ဝင်ရောက်ခဲ့သည်။

တောင်ကြီးမြို့ရှိ အမှတ်(၄) ရဲလေ့ကျင်ရေးကျောင်းတွင် ခြောက်လနီးပါး သင်တန်းတက်ပြီးနောက် ကိုယ်ပိုင်အမှတ် လ-၂၆၃၆၃၄ ဖြင့် ရဲဝန်ထမ်းဘဝကိုစတင်ခဲ့သည်။

ရဲဝန်ထမ်းဘဝအစကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အမှတ်(၃၂) လုံခြုံရေးရဲတပ်ရင်းတွင် စတင်ဖြတ်သန်းခဲ့ပြီး ထိုမှတစ်ဆင့် သံတွဲမြို့၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ကျောက်နီမော်နှင့် မြောက်ဦးမြို့များတွင် အလှည့်ကျ တာဝန် ထမ်းဆောင်ခဲ့သည်။

ကိုအောင်စိုးဦး ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သောမြို့နယ်များမှာ အခြားမြို့နယ်များကဲ့သို့ ပဋိပက္ခဖြစ်ပွားသည့် ဒေသမဟုတ်သည့်အတွက် တိုက်ပွဲများတွင် ပါဝင်ဖူးခြင်း မရှိခဲ့။ ရခိုင်ပြည်နယ်တွင် နှစ်နှစ်နီးပါး တာဝန်ကျပြီးနောက် စစ်ကိုင်းတိုင်းတွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ရဲလေ့ကျင့်ရေးကျောင်းတွင် သင်ကြားခဲ့ရသော ရဲကျင့်ဝတ်များအပြင် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀) ပါးနှင့်လည်း ဆန့်ကျင်ဘက် လုပ်ရပ်များ အခြားမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ ကျူးလွန်နေသည်ကို ဖေ့စ်ဘုတ် လူမူကွန်ယက်စာမျက်နှာမှတဆင့်  နေ့စဉ်မြင်တွေ့လာသည်။

ထိုအချိန်က ကိုအောင်စိုးဦးသည် ကသာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသောနေရာများတွင် လုံခြုံရေးတာဝန်ကျခဲ့သော်လည်း အကြမ်းဖက်ဖြိုခွင်းခဲ့ရသည့် အဆင့်ထိမရောက်ရှိခဲ့ပါ။ အကယ်၍ စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းရန် အမိန့်ပေးလာပါက နာခံမည်မဟုတ်ဟု စိတ်ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

“တကယ်လို့ ပြည်သူကို ပစ်ခိုင်းရင် ပစ်ခိုင်းတဲ့ကောင်ကို အရင်ပစ်သတ်မှာ”ဟု သူ၏ ခံယူချက်ကို ရှင်းပြသည်။

စစ်တပ်နှင့်ရဲတပ်ဖွဲ့များက ကျင့်ဝတ်များဖောက်ဖျက်ကာ ပြည်သူလူထုအား ဦးခေါင်းတွင်ချိန်၍ပစ်သတ်ခြင်း၊ အကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးခြင်း၊ ဥပဒေလေးစားလိုက်နာမှုမရှိခြင်းနှင့် ရန်သူသဖွယ်ဆက်ဆံနေခြင်းက ကိုအောင်စိုးဦးကဲ့သို့ လူထုကို အကာအကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် ရဲတပ်ဖွဲ့အတွင်းသို့ ဝင်ရောက် လာသူများအတွက်တော့ စိတ်နာစရာဖြစ်ခဲ့သည်။

ထို့ကြောင့် ကိုအောင်စိုးဦးသည် သူ၏သမိုင်းကြောင်းလှပရန်အတွက် စစ်အာဏာရှင် လက်အောက်မှ ရုန်းထွက်ရန် ဆုံးဖြတ်ခဲ့သည့်နောက်တစ်ရက် မတ်လ ၁၅ ရက်နေ့ နံနက် ဝေလီဝေလင်းအချိန် သူတာဝန်ကျရာ ကသာမြို့မရဲစခန်းကို စွန့်ခွာခဲ့သည်။

ပြည်သူ့နှင့်အတူရပ်တည်လိုသဖြင့် ရဲစခန်းကို စွန့်ခွာခဲ့သော်လည်း မည်သည့် လက်နက်၊ ရဲတပ်ဖွဲ့အသုံးအဆောင်တစ်ခုကို မျှယူဆောင်ခြင်းမရှိဘဲ သာမန် အရပ်ဝတ်ဖြင့် သူပိုင်ဆိုင်သော ဆိုင်ကယ်စီးကာ ရဲစခန်းမှ တိတ်တဆိတ် ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကသာမြို့မှ ဧရာဝတီမြစ်တစ်ဖက်ကမ်းကို ဇက်(စက်လှေ) ဖြင့်ကူးကာ သူ၏ မိခင်ရဲကင်းဖြစ်သော ကျောက်ထုံးကြီးရဲကင်းစခန်းရှိ လိုင်းခန်းမှ အဝတ်အစားများကို ထုတ်ပိုးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကျောခိုင်းခဲ့ သည်။

ပြည်သူနှင့်အတူ ရပ်တည်လိုသည့်စိတ်ဖြင့် ရဲတပ်ရင်းကိုစွန့်ခွာခဲ့ခြင်းဖြစ်သဖြင့် နောင်တမရကြောင်း သူက ပြောသည်။

“ကျွန်တော် လုပ်ခဲ့တဲ့ ကိစ္စအတွက် နောင်တရခဲ့တာမရှိဘူး။ ကျေနပ်တယ်ဗျ။ ကိုယ့်သမိုင်းကို အကောင်းဆုံးဖြစ်ချင်တယ်”ဟု ဆိုသည်။

ထိုကဲ့သို့ CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီးနောက်ပိုင်း ပုဂ္ဂိုလ်ရေး လုံခြုံမှုမရှိတော့သည့်အတွက် စစ်ကိုင်းတိုင်းကို စွန့်ခွာကာ ကချင်ပြည်နယ်သို့ ဆိုင်ကယ်တစ်စီးဖြင့် ခြေဆန့်ခဲ့သည်။

ထိုစဉ်အချိန်က လမ်းတစ်လျှောက်ရှိ စစ်ကောင်စီဂိတ်များတွင် ယခုအချိန်ကဲ့သို့ ပိုက်စိပ်တိုက်ရှာဖွေ စစ်ဆေးခြင်းများ မပြုလုပ်သေးသည့်အတွက် လမ်းတွင် ဖမ်းဆီးစစ်ဆေးမှုများ မခံခဲ့ရပေ။

ကိုအောင်စိုးဦးကဲ့သို့ စစ်အာဏာရှင်၏ လက်ပါးစေအဖြစ်မှ ရုန်းထွက်ခဲ့သည့် မြန်မာနိုင်ငံ ဒေသအသီးသီးမှ ရဲဝန်ထမ်း သုံးထောင်ဦးထက်မနည်းရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်များ အရသိရသည်။

CDM တပ်နှင့်ရဲများကို အကူအညီပေးနေသော ပြည်သူ့ရင်ခွင်အဖွဲ့ (People’s Embrace) ၏ စာရင်းများအရ လူထုနှင့်ပူးပေါင်းလာသော တပ်နှင့်ရဲတပ်ဖွဲ့ဝင် နေ့စဉ်နှင့်အမျှရှိနေပြီး အောက်တိုဘာ ၇ ရက်နေ့ တစ်ရက်တည်းတွင် CDM ပြုလုပ်ခဲ့သော တပ်နှင့်ရဲ  ၂၂ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ကိုအောင်စိုးဦးတာဝန်ကျခဲ့သည့် စစ်ကိုင်တိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေပြီး မြေဇာပင်ပြည်သူလူထုများ သတ်ဖြတ်ခံရခြင်း၊ ပြည်သူများ၏ နေအိမ်များ ဖျက်ဆီးခံရခြင်း၊ မီးရှို့ခံရခြင်းတို့ဖြစ်ပွားနေသည်။

ယခင်က ငြိမ်းချမ်းခဲ့သော စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက လေကြောင်း၊ ကုန်းကြောင်းအသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး ထောင်သောင်းချီသည့် ဒေသခံပြည်သူလူထုသည်လည်း မိမိနေရပ်ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“ရှင်းရှင်းပြောရရင် မလုပ်သင့်ဘူးပေါ့ဗျာ။ ဒါဟာ ယောင်္ကျားမဆန်တဲ့လုပ်ရပ် ရှုံ့ချတယ်လို့ပြောချင်တယ်”ဟု စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်စီးခြင်းအပေါ် ကိုအောင်စိုးဦးက မှတ်ချက်ပေးသည်။

NUG အစိုးရ၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့သည့် စက်တင်ဘာလ တစ်လအတွင်း တိုက်ပွဲနှင့်ပဋိပက္ခဖြစ်စဉ်ပေါင်း ၁၈၃ ခုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအများဆုံးဖြစ်ပွားသည့် ဒေသတစ်ခုဖြစ်လာသည်။

ကိုအောင်စိုးဦးကဲ့သို့ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင် ပါဝင်လာပြီး ပြည်သူ့ရင်ခွင်ထဲကို ခိုလှုံလာကြရန် နိုင်ငံတဝှမ်းလုံးရှိပြည်သူများက မျှော်လင့်နေကြသည်။

ကိုအောင်စိုးဦးသည် အာဏာမသိမ်းခင်က ဒုရဲအုပ်စာမေးပွဲဖြေဆိုရန် မုံရွာမြို့အထိ လျှောက်လွှာသွားယူခဲ့သော်လည်း စစ်အာဏာရှင်၏လုပ်ရပ်ကြောင့် ဒုရဲအုပ် အိပ်မက်ပျက်သုဉ်းခဲ့ပြီးဖြစ်သည်။

“အာဏာရှင်လက်အောက်မှာ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရင်လည်း ရဲရဲဝံဝံထွက်လာခဲ့ကြပါ။ ပြည်သူလူထုနဲ့ပူးပေါင်းပါ။ ထမင်းတလုပ်အတွက်ကတော့ ရုန်းကန်လုပ်စားလို့ရတာပဲ” ဟု သူက တိုက်တွန်းသည်။

ပြည်သူလူထုတစ်ရပ်လုံးလိုပင် နွေဦးတော်လှန်ရေးအောင်မြင်မည်ဟု ယုံကြည်နေပြီး အနာဂါတ် မြန်မာနိုင်ငံကို တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှအခွင့်အရေးရရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ပေါ်လာရန် ကိုအောင်စိုးဦးက မျှော်လင့်နေသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မျှမျှတတနဲ့တန်းတူအခွင့်အရေးနဲ့အုပ်ချုပ်စေချင်တယ်။ မြန်မာနိုင်ငံမှာ တိုင်ရင်းသားအားလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်တယ်ဆိုရင်ရော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖြစ်စေချင်တယ်။ဒါက ဖြစ်သင့်ဖြစ်ထိုက်တယ်”ဟု ဆိုသည်။

ပြည်သူလူထုကို အကာအကွယ်ပေးရန် ရည်ရွယ်ချက်ကောင်းများဖြင့် ရဲတပ်ဖွဲ့သို့ဝင်ရောက်ခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် ပြည်သူနှင့်အတူရပ်တည်ခဲ့သည့် ကိုအောင်စိုးတစ်ယောက် အနာဂါတ်အတွက် ထင်မှတ်မထားသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ထားသူဖြစ်သည်။

“အရပ်သားအစိုးရ ပြန်တက်လာတဲ့အချိန် နုတ်ထွက်စာ သွားတင်မယ်။ အပြင်မှာပဲ အေးအေးချမ်းချမ်းနဲ့ တောင်ယာလုပ်မယ်၊ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းသွားတော့မယ်”ဟုဆိုသည်။

သင့်ထင်မြင်ချက်ရေးပေးပါ