စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် တိုက်ပွဲကြောင့် ကျေးရွာ ၃ ရွာမှ ဒေသခံတစ်ထောင်နီးပါး စစ်ဘေးတိမ်းရှောင်နေကြောင်းသိရသည်။
ဗန်းမောက်မြို့အနောက်ဖက် ၂၁ မိုင်ခန့်အကွာတွင်ရှိသည့် ကြောင်လည်ကျေးရွာတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ဇန်နဝါရီလကုန်းပိုင်းမှစတင်ကာ စစ်ဘေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။
“စစ်ရှောင်တွေက စခန်းတွေမှာနေကြတယ်။ စစ်ပွဲမရှိတဲ့ရွာဘက်ပေါ့။ အနီးတဝိုက်ကျေးရွာတွေကလည်း ကျွေးမွေးကြသလို ပြည်သူတွေလှူတာနဲ့ PDF ပကဖ မြို့နယ် ပအဖ တွေကလည်းတတ်နိုင်သလောက်စောင် နဲ့ အသုံးအဆောင်တချို့ကိုထောက်ပံကြပါတယ်” ဟုဆိုသည်။
ကြောင်လည်ကျေးရွာ ဘုရားကုန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲကြောင့် ကြောင်လည်၊ နားပင်၊ ပင်းခါး စသည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ပြီး စစ်ရှောင်ဦးရေတစ်ထောင်ခန့်ရှိကြောင်းသိရသည်။
ကြောင်လည်ကျေးရွာရှိ ဘုရားကုန်းတွင် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်တို့တပ်စွဲထားပြီး ထိုမှတစ်ဆင့် နားပင် နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလှုပ်ရှားမှုများရှိသလို ဗန်းမောက်မြို့မှလည်း စစ်ကူများပို့ဆောင်နေပြီး စစ်ရေးတင်းမာလျက်ရှိကြောင်း ဗန်းမောက်ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
“ကြောင်လည်ဘုရားကုန်းမှာတော့ စကစ(စစ်ကောင်စီ) အနည်းငယ်ရှိနိုင်ပါတယ်။ SNA က အများစုပေါ့။ SNA စစ်ကူတွေတော့ လာတယ်။ ဗန်းမောက်ဘက်ကရော။ ဗန်းမောက်အနောက်ခြမ်း နားနန်ထွန်ဘက်ကလည်း လာပါတယ်။ ဒါပေမယ့် PDF ပကဖ တွေကိုတိုးမပေါက်နိုင်ပါဘူး။ ကြောင်လည် ပင်းခါး ဘက်ကိုမထိုးဖောက်နိုင်ပါဘူးနောက်ပြန်ဆုတ် တယ်လို့သိရပါတယ်” ဟုဆိုသည်။
ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီပူးပေါင်းတပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲများငြိမ်သက်ခဲ့သည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းမှစတင်ကာ မြို့အနောက်ဘက်ခြမ်းကျေးရွာများတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကျေးရွာများကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး ဗန်းမောက်မြို့တွင် စစ်ကောင်စီတပ်မ ၇၇ လက်အောက်ခံ ခြေမြန်တပ်ရင်း ခ.မ.ရ (၈)၊ SNA တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတပ်ဖွဲ့ဝင် များကပူးပေါင်းတပ်စွဲနေထိုင်လျက်ရှိကြောင်းသိရသည်။
သတင်း – Thu Ta
ပုံ – ဗန်းမောက်စစ်ရှောင်များကိုတွေ့ရစဉ်။
သင့်ထင်မြင်ချက်ရေးပေးပါ