ကချင်လွတ်မြောက်ရေးတပ် (KIA) သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာကို ယနေ့ ညနေ သုံးနာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လန်ဆယ်ကျေးရွာ စာသင်ကျောင်း ဘောလုံးကွင်းနှင့် ရွာအစွန်တို့တွင် လေယာဉ်ဗုံး ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လန်ဆယ်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“နှစ်ယောက်ကတော့စိုးရိမ်ရတယ်။ ဂျက်ဖိုက်တာနဲ့ဟုတ်တယ် သုံးလုံးချတာ။ ကြောက်စရာကြီး ကျယ်သလားမမေးနဲ့ အိမ်တောင်တုန်ပြီး ကိုယ်တောင်မြောက်သွားသလိုပဲ” ဟုဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူငါးဦးတွင် ခြေထောက်ပြတ်ဒဏ်ရာနှင့်ရင်ဘတ်တွင်ထိမှန်ခဲ့သူ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သူကဆက်ပြောသည်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လန်ဆယ်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“အခုတလောကတော့ အဲဒီဘက်မှာဘာမှမဖြစ်ဘူး။ ငြိမ်နေတယ်။ ဒီတိုင်းကြီးလာပစ်တာ။ ဂျက်ဖိုက်တာနဲ့ဟုတ်တယ်လာပစ်သွားတာ” ဟုဆိုသည်။
ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာကို KIA ပူးပေါင်းတပ်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေအိမ်များကို ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း တနိုင်းမြို့နယ်၊ လပူခကျေးရွာနှင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ လူနေရပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ စုစုပေါင်း ၃၄ ဦးသေဆုံးခဲ့သည်။
သတင်း – Dureng ၊ Thu Ta