မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
စစ်ကောင်စီ၊ ပြည်သူ့စစ်နှင့် SNA ပူးပေါင်းတပ်တို့ စစ်ရေးလှုပ်ရှားနေသည့်အတွက် မိုင်းနောင်၊ မမုန်ကိုင်နှင့် လုံးတုံစသည့်ကျေးရွာများမှ ဒေသခံအချို့တိမ်းရှောင်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။
“သက်ကြီးရွယ်အိုတွေ အရင်ရှောင်နေကြတယ်။ တောထဲ၊ တောင်ယာတွေကို ပို့နေကြတယ်” ဟုဆိုသည်။
နန့်မွန်း – အင်းတော်ကြီးလမ်းပိုင်းတွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေသောကြောင့် ထိုလမ်းပိုင်းကို နှစ်ဖက်လက်နက်ကိုင်တပ်များကလည်း မကြာခဏပိတ်လေ့ရှိကြောင်း သတင်းရင်းမြစ်အမျိုးသားတစ်ဦးကပြောသည်။
“နန့်မွန်းမြို့ အခြေနေမကောင်းတော့ပါ။ သွားလာမှုကိုပိတ်ထားပါတယ်။ နန့်မွန်းတောင်ထိပ်နဲ့ တောင်ခြေ SNA ဂိတ်တွေလည်း ပိတ်ထားပါတယ်။ မမုန်ကိုင်ရွာထဲမှာလည်း PDF ဂိတ်တွေကပိတ်ထားပါတယ်” ဟုဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ နန့်မွန်းမြို့တွင် စစ်ကောင်စီ၊ ပြည်သူ့စစ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့များက အင်အား တစ်ထောင်ခန့် ဖြည့်တင်းခဲ့ပြီးနောက် KIA ပူးပေါင်းတပ်နှင့် စစ်ရေးတင်းမာနေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှုပ်ရှားကာ လက်နက်ကြီးပတ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
သတင်း – Thu Ta