ဖေဖော်ဝါရီလ (၁) ရက်နေ့သည် မြန်မာပြည်သူများ၏ အနာဂါတ်ကို ရိုက်ချိုးဖျက်စီးပစ်လိုက်မည့် သွေးစွန်းသော နေ့တစ်နေ့ဖြစ်လာမည်ကို မသိရှိသေးသော ဆေးရုံဝန်ထမ်းအိမ်ရာမှ မလှမွန်တို့မိသားစုသည် ပုံမှန်နေ့ရက်များလိုပဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် ရုံးတက်ချိန်အမှီ သူသူငါငါ အိမ်မှုကိစ္စကိုယ်စီဖြင့် အလုပ်များနေကြသည်။

သားသမီးများကို နံနက်စာကျွေးကာ အိမ်မှုကိစ္စများ ပြီးစီးသည်နှင့် တစ်ပြိုင်နက် မလှမွန်သည် မိသားစုကို နှုတ်ဆက်ကာ လုပ်ငန်းခွင်ဖြစ်သော မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ တက်ကြွသောခြေလှမ်းများဖြင့် ဦးတည်လာခဲ့သည်။

ဆေးရုံရောက်သည်နှင့် ပထမဦးစွာ သတိထားမိသည့် မြင်ကွင်းမှာ ကျန်းမာရေးဝန်ထမ်းများ၏ မျက်နှာ အမူအရာပင်ဖြစ်သည်။ အားလုံး၏ မျက်နှာတွင် တစ်ခုခုအား ဆုံးရှုံးလိုက်ရသည့်အတွက် ခံပြင်းနေသော မျက်နှာများဖြစ်နေပြီး အမျိုးသားဝန်ထမ်းအချို့မှာမူ မျက်စိမျက်နှာပျက်ကာ ဒေါသထွက်နေသောကြောင့် မလှမွန် အံအားသင့်နေသည်။

ဖုန်းကို စစ်ဆေးကြည့်လိုက်ချိန်တွင်လည်း ဖုန်းလိုင်းမရှိ။ ဝန်ထမ်း တစ်ယောက်စ နှစ်ယောက်စမှ “အာဏာသိမ်းလိုက်ပြီ” ဟု ပြောဆိုလိုက်ချိန်တွင်မူ မလှမွန်၏ ရင်ထဲတွင် တုန်လှုပ်ခြင်းများစွာဖြင့် ကမ္ဘာပျက်သလို ခံစားလိုက်ရသည်။

“မိန်းမသားဆိုတော့ ဒေါသထွက်တာထက် အရမ်းဝမ်းနည်းသွားတယ်။ လုံးဝ မတရားဘူးလို့ ခံစားရတယ်” ဟု ပြောဆိုသော စကားလုံးများတွင် နာကျည်းချက်များဖြင့် ဖုံးလွှမ်းနေသည်။

မလှမွန်(အမည်လွဲ) သည် ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး သူနာပြုတစ်ဦးတော့မဟုတ်။ အာဏာမသိမ်းခင်က ကချင်ပြည်နယ်ရှိဆေးရုံတစ်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး တိုင်းရင်းသူတစ်ဦးဖြစ်သည်။

အောက်ခြေဝန်ထမ်းဘဝမှ စတင်ကာ ဆယ်စုနှစ် နှစ်စုခန့် ကြိုးစားခဲ့ပြီးနောက် ဆေးရုံတွင် အလယ်အလတ်ရာထူး တစ်ခုကို ရယူနိုင်ခဲ့ကာ ဖခင်ဖြစ်သူမှာလည်း အဆိုပါ ဆေးရုံတွင် အောက်ခြေဝန်ထမ်း အငြိမ်းစားတစ်ဦးဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရဝန်ထမ်းများ၏ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) သည် စစ်အာဏာသိမ်းအုပ်စုကို အထိနာစေခဲ့ပြီး ၎င်းတို့မျှော်မှန်းခဲ့သလို တိုင်းပြည်ကို အလွယ်တကူအုပ်ချုပ်ခွင့်မရရှိစေခဲ့။

မလှမွန်သည်လည်း “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုသည့် ကြွေးကြော်သံများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး ယနေ့အချိန်အထိ CDM ဝန်ထမ်းတစ်ဦးအဖြစ် ရပ်တည်နေသည်။

“CDM လုပ်တယ်ဆိုတာ ကိုယ်ရဲ့ခံယူချက်ကြောင့်လုပ်တာ သူများလုပ်လို့ လိုက်လုပ်တာမဟုတ်ပါဘူး။ ထာဝရဘုရားကလည်း မကောင်းတဲ့ဘက်ကို သက်သေမခံနဲ့လို့ ပြောထားတယ်။ စစ်အာဏာရှင်ဆိုတာ ဘယ်တော့မှ မကောင်းခဲ့လို့ မကောင်းတဲ့ဘက်က ဘယ်တော့မှ ရပ်တည်မှာမဟုတ်ဘူး” ဟု သူ၏ ခံယူချက်ကို ရှင်းပြသည်။

အိမ်ပိုင်မရှိသော ကျန်းမာရေးဝန်ထမ်း မလှမွန်သည် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလကုန်အထိ ဝန်ထမ်းအိမ်ယာတွင် စိုးရိမ်စိတ်များစွာဖြင့် နေထိုင်ခဲ့သည်။ မတ်လ လဆန်းပိုင်းတွင်မူ ကြေကွဲဖွယ် သတင်းစကားများကို ဖုန်းဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း ကြားခဲ့ရသည်။

“ဒု-တိုင်းမှူးက အိမ်ကို ချိတ်ပိတ်တော့မှာမလို့ အခုချက်ချင်းဖယ်ပေး၊ တစ်နာရီအတွင်း ဖယ်ပေးလို့ လာပြောတယ်” ဟု မလှမွန်က အဖြစ်အပျက်ကို ပြန်လည်ပြောပြသည်။

CDM တွင်ပါဝင်ခဲ့သောကြောင့် ဝန်ထမ်းအိမ်ရာမှ ချက်ချင်းဖယ်ပေးရန် သက်ဆိုင်ရာကြီကြပ်ရေးမှူးများက အတင်းအကျပ် ဖိအားပေးကာ ပြောင်းရွှေ့ခိုင်းတော့သည်။

ငယ်စဉ်ကတည်းက နေထိုင်လာသောအိမ်ဖြစ်သည့်အပြင် ချို့တဲ့သော ဝန်ထမ်းဘဝဖြစ်သည့်အတွက် စုမိဆောင်းမိထားသော ငွေကြေးမရှိပါ။ နောက်အိမ်လုံးသို့ အဆင်သင့် ပြောင်းရွှေ့ရန်အတွက်လည်း နေအိမ် ပိုင်ဆိုင်ထားခြင်းမရှိသည့်အတွက် မိသားစုဝင်များအားလုံး စိတ်ထိခိုက်ခဲ့ကြသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာသည် ဖခင်အောက်ခြေဝန်ထမ်း လက်ထက်ကတည်းက နေထိုင်လာခဲ့သောကြောင့် မလှမွန်ထက် ဖခင်ဖြစ်သူမှာ ပို၍ စိတ်ထိခိုက်ခဲ့ရသည်။

“အမှန်က ကိုယ့်အိမ်တော့မဟုတ်ဘူး။ ဝန်ထမ်းလုပ်နေလို့ အစိုးရကပေးတဲ့ အိမ်ပေါ့။ တစ်သက်လုံးနေခဲ့တဲ့ အခါကျတော့ သံယောဇဉ်ရှိတယ်။ ချက်ချင်းကြီး မနေနဲ့ဖယ်ပေးလို့ ပြောခံရတဲ့အခါမှာတော့ အရမ်း ဝမ်းနည်းတယ်။ ကိုယ့်ထက် ကိုယ့်အဖေနဲ့အမေက အသက်ကြီးနေပြီဆိုတော့ ပိုပြီး ဝမ်းနည်းကြတယ်”ဟု ပြောဆိုကာ ပါးပြင်တွင် မျက်ရည်များ စီးကျလာသည်။

သို့သော်လည်း မလှမွန်၏ အမျိုးသားဖြစ်သူက ဝါးထရံကာ သွပ်မိုးထားသော ဈေးဆိုင်အသေး တစ်ခုအား ငွေကြေးအနည်းငယ်ဖြင့် ဝယ်ယူကာ ဆွေမျိုးတော်စပ်သူတစ်ဦး၏ အိမ်ခြံဝင်းတစ်နေရာတွင် ခွင့်တောင်းကာ ပြန်လည်တည်ဆောက်ခဲ့ကာ နေထိုင်နေကြသည်။

ငွေရေးကြေးရေးကြောင့် နေအိမ်အသစ်မဆောက်လုပ်နိုင်ခဲ့သော်လည်း အိမ်အဖြစ်ပြောင်းထားသော ဝါးထရံကပ် ဈေးဆိုင်တစ်ခုက မလှမွန်မိသားစုကို မိုးတွင်းကာလ၏ မိုးဒဏ်လေဒဏ်မှ ကာကွယ်ပေးထားသည်။

CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သောကြောင့် ဝန်ထမ်းအိမ်ယာမှ နှင်ထုတ်ခံရပြီး မြို့ပြင်တွင် တဲထိုးနေထိုင်နေသူများ၊ ဈေးရောင်းစားနေသူများ၊ နေ့စား လုပ်ကိုင်နေသူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများနှင့် PDF တပ်သား ဖြစ်သွားသူများလည်းရှိနေသည်။

CDM ဝန်ထမ်းတွေရဲ့ယုံကြည်ချက်

မလှမွန်၏ လက်ရှိ အဖြစ်ချင်ဆုံးဆန္ဒကတော့ NUG အစိုးရအား နိုင်ငံတကာမှ အသိအမှတ်ပြုခံရသည့် အစိုးရတစ်ရပ် ဖြစ်စေရန်ဖြစ်သည်။

လက်ရှိအချိန်အထိ NUG အစိုးရကို တရားဝင်အသိအမှတ်ပြုသည့် နိုင်ငံအချို့ရှိနေပြီး နိုင်ငံအချို့၏လွှတ်တော်အချို့က တရားဝင်အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆိုဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

မလှမွန်ကဲ့သို့ နိုင်ငံတစ်ဝှမ်းလုံးမှ အခြားသော CDM ဝန်ထမ်းများသည်လည်း နွေဦးတော်လှန်ရေး အောင်ပွဲဆင်နိုင်မည်ဆိုသော ယုံကြည်ချက်ဖြင့် မိမိတို့၏ ဘဝများကို စတေးကာ တိုက်ပွဲဝင်နေကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော်လည်း မိသားစုစားဝတ်နေရေး အခက်အခဲကြောင့် ဝန်ထမ်းအချို့မှာ လုပ်ငန်းခွင်သို့ ပြန်ဝင်သွားကြသူများလည်းရှိသည်။

မလှမွန်မှာမူ မည်ကဲ့သို့ အခက်အခဲကိုမဆို ရင်ဆိုင်သွားမည်ဖြစ်ပြီး နွေဦးတော်လှန်ရေးအောင်မြင်သည့် အချိန်အထိ တိုက်ပွဲဝင်သွားမည်ဟု သန္နိဌာန် ချထားသည်။

“ဘယ်လိုပဲ ခက်ခဲနေပါစေ ကောင်းတဲ့ဘက်ကို ရပ်တည်မယ်။ ကိုယ့်မှာလည်း သားသမီးတွေရှိတော့ သူတို့တွေရဲ့ အနာဂါတ်သာယာဖို့အတွက် လုပ်တယ်လို့ပဲခံယူတယ်။ CDM လုပ်လို့ နောင်တလုံးဝမရပါဘူး” ဟု သူ၏ ယုံကြည်ချက်ကိုပြောသည်။

နွေဦးတော်လှန်ရေး အောင်မြင်ခဲ့သော အချိန်တွင် မလှမွန်သည် သူချစ်သော လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပျော်ပျော်ရွှင်ရွှင်ဖြင့် သူတစ်ပါး အသက်ကယ်သော လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်နေသလို အိမ်ရှင်ကင်းမဲ့နေသော ဝန်ထမ်းအိမ်ရာမှ မလှမွန်တို့၏ အိမ်ကလေးသည်လည်း အိမ်ရှင်ပြန်အလာကို စောင့်မျှော်နေသည်။

နွေဦးတော်လှန်ရေးတိုက်ပွဲတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်ပါဝင်နေသော မလှမွန်နှင့် သူမကဲ့သို့သော မြန်မာနိုင်ငံအနှံ့အပြားရှိ CDM ဝန်ထမ်းများ၏ စွန့်လွတ်အနှစ်နာခံမှုများသည် ဖက်ဒရယ်ဒီမိုကရေစီကို တွန်းပို့မည့် နွေဦးတော်လှန်ရေးသမိုင်းတွင် ထာဝရထင်ကျန်နေပေတော့မည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ