အကြမ်းဖက်သောင်းကျန်းသူဆိုတာဘယ်သူလဲ

ကမ္ဘာပေါ်တွင် အကြမ်းဖက်အဖွဲ့အစည်းအမျိုးမျိုး ရှိကြသည်။ အယ်လ်ခိုင်ဒါး၊ တာလီဘန်နှင့် ISIS တို့သည် မြန်မာပြည်သူများကြားဖူးပြီးဖြစ်သည့် ကမ္ဘာကျော်အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသည်။

ကမ္ဘာ့ကုန်သွယ်ရေးစင်တာအမွှာညီနောင်ကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြန်ပေးဆွဲထားသည့် လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် လူပေါင်း ၃၀၀၀ ကျော်သေဆုံးခဲ့မှုသည် ကမ္ဘာကျော် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းမှု (Terrorism) ကို အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးရှိသော်လည်း ယေဘူယျအားဖြင့် အောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုင်နိုင်သည်။

“အကြမ်းဖက်သောင်းကျန်းမှု (Terrorism) ဆိုသည်မှာ နိုင်ငံရေး၊ ဘာသာရေး၊ အယူဝါဒ သို့မဟုတ် လူမှုရေး ရည်မှန်းချက်တစ်ခုခု ရရှိလာစေရန် အကြမ်းဖက်မှုနှင့် ခြောက်လှန့်ခြိမ်းခြောက်မှုကို တရားမဝင် အသုံးပြုခြင်း၊ အထူးသဖြင့် ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း ဖြစ်သည်။”

တစ်နည်းအားဖြင့်ဆိုရသော် အကြမ်းဖက်သောင်းကျန်းသူဆိုသည်မှာ ပြည်သူလူထု၏အသက်၊ အိုးအိမ်၊ စည်းစိမ်ကိုပဓာနမထားဘဲ နိုင်ငံရေးအာဏာ သို့မဟုတ် ဘာသာရေး သို့မဟုတ် အယူဝါဒတစ်ခုခုကို လူအများလက်ခံလာစေရန် အကြမ်းဖက်မှုများလုပ်ဆောင်ကာ အကြောက်တရားလွှမ်းမိုးစေသူဖြစ်သည်။

အာဖဂန်နစ္စတန်၊ ဆီးရီးယားနှင့် ပါလက်စတိုင်းနိုင်ငံများတွင် အကြမ်းဖက်သောင်းကျန်းသူများသည် အသေခံဗုံးခွဲခြင်း၊ ကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ အများပြည်သူအပန်းဖြေအနားယူသည့်နေရာများကို တိုက်ခိုက်ခြင်း၊ ဘတ်စ်ကားများကို ဗုံးခွဲတိုက်ခိုက်မှုများပြုလုပ်ကာ ၎င်းတို့၏ ဘာသာရေးနှင့် နိုင်ငံရေးအယူဝါဒများကို လူအများလက်ခံလာစေရန် လုပ်ဆောင်ကြသည်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်သောင်းကျန်းသူဘယ်သူလဲ

ပြည်ထောင်စု မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့်နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ နိုင်ငံအနှံ့အပြားတွင် ထွက်ပေါ်လာကာ ယခုအချိန်အထိ နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြနေဆဲဖြစ်သည်။

ထို့အပြင် နိုင်ငံတဝှမ်းမှအစိုးရဝန်ထမ်းများသည် Civil Disobedience Movement (CDM) လှုပ်ရှားမှုများ တွင်ပါဝင်ကာ ရုံးမတက်ဘဲ မတရားအာဏာသိမ်းမှုကို ဆန့်ကျင်ဖီဆန်နေကြသည်။

လူငယ်များဦးဆောင်သည့် ဆန္ဒပြမှုများနှင့် အစိုးရဝန်ထမ်းများ၏ Civil Disobedience Movement (CDM) လှုပ်ရှားမှုများသည် အာဏာသိမ်းစစ်ကောင်စီကို အထိနာစေပြီး စစ်ကောင်စီရည်မှန်းခဲ့သကဲ့သို့ ယနေ့ထိတိုင် နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိဖြစ်နေစေသည်။

ထို့ကြောင့် ဆန္ဒပြပြည်သူများကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြသည့် ကျောင်းဆရာမများကို ပစ်ခတ်သတ်ဖြတ်ခြင်းတို့အပြင် ဆန္ဒပြရာတွင်မပါဝင်သူများကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်သတ်ဖြတ်ခဲ့သဖြင့် ဧပြီလ ၂၅ ရက်နေ့အထိ လူပေါင်း ၇၄၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီထောက်ပံ့ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

ထို့အပြင် လူပေါင်း ၃၀၀၀ ကျော်ကို တရားမဲ့ဖမ်းဆီးတရားစွဲဆိုခြင်းတို့ကိုလုပ်ဆောင်နေသည်။ ဖမ်းဆီးခံရသူများကို ရိုက်နှက်နှိပ်စက်ခြင်းနှင့် အမျိုးသမီးငယ်များကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများလည်း လုပ်ဆောင်နေသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

Civil Disobedience Movement (CDM) တွင်ပါဝင်သူများကို ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ စာပို့ခြိမ်းခြောက်ခြင်းတို့ကို လုပ်ဆောင်မှုသည်လည်း ခြိမ်းခြောက်အကြပ်ကိုင်မှုတစ်ခုဖြစ်သည်။

စစ်ကောင်စီက ထိုကဲ့သို့သောအကြမ်းဖက်မှုများနှင့် ဆိုးဝါးသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ယခင်ကတည်းက တိုင်းရင်းသားနယ်မြေများတွင် လုပ်ဆောင်ခဲ့သည်။

တိုင်းရင်းသားများအများစုနေထိုင်သည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းနှင့် တိုင်းရင်းသူအမျိုးသမီးများကို အဓမ္မပြုကျင့်သတ်ဖြတ်မှုများကို အများအပြား ကျူးလွန်ခဲ့သော်လည်း အပြစ်ပေးအရေးယူမှု မရှိခဲ့ပါ။

စစ်ကောင်စီသည် အကြမ်းဖက်လုပ်ရပ်များနှင့် ဆိုးဝါးသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ကာ ဥပဒေမဲ့ရယူသည့် နိုင်ငံရေးအာဏာတည်မြဲစေရန် လုပ်ဆောင်နေခြင်းဖြစ်သဖြင့် တာလီဘန်၊ အယ်လ်ခိုင်ဒါးနှင့် ISIS အကြမ်းဖက်အုပ်စုများနည်းတူ အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်နေသည်မှာ ငြင်းဆန်ရန် ခက်ခဲသည့် အချက်ဖြစ်သည်။

စစ်ကောင်စီအလိုကျဖြစ်မလာစေဖို့…

စစ်ကောင်စီက လမ်းပေါ်ထွက်ဆန္ဒပြမှုများ မရှိလာစေရန်နှင့် CDM လှုပ်ရှားမှုများရပ်တန့်ပြီး အစိုးရယန္တရားပုံမှန်လည်ပတ်လိုသည်ဖြစ်ရာ ပြည်သူများအနေဖြင့် စစ်ကောင်စီကျူးလွန်သည့် အကြမ်းဖက်မှုများကြောင့် ကြောက်ရွံ့တုန်လှုပ်မသွားရန်လိုပါသည်။

အကယ်၍အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ရပ်တန့်သွားခြင်းနှင့် CDM လှုပ်ရှားမှုများရပ်တန့်သွားပါက စစ်ကောင်စီလိုချင်သည့်အတိုင်း ဖြစ်သွားပေမည်။ တစ်နည်းအားဖြင့်ဆိုရသော် စစ်ကောင်စီ၏ဂွင်ထဲ ဝင်သွားမည်ဖြစ်သည်။

စစ်ကောင်စီက စစ်တပ်နှင့် ရဲတပ်ဖွဲ့ကဲ့သို့သော အဖွဲ့အစည်းများကို အသုံးပြုပြီး အကြမ်းဖက်မှုများကို လုပ်ဆောင်နေသဖြင့် ထိုအကြမ်းဖက်မှုများကို တုံ့ပြန်နိုင်ရန် ပြည်သူများက စည်းလုံးညီညွှတ်စွာ လုပ်ဆောင်ရမည်။

ချိတ်ဆက်ညှိနှိုင်းမှုအားကောင်းရမည်ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးသည့် စနစ်တကျစုဖွဲ့မှုရှိသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို အသုံးပြုပြီး အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည်ဖြစ်ရာ ထိုစစ်တပ်ကို အနိုင်ယူတိုက်ခိုက်နိုင်ရန် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ပံ့ပိုးကူညီမှု၊ အများလက်ခံသည့် နိုင်ငံရေးဦးဆောင်မှုအပြင် ရဲစွမ်းသတ္တိဖြင့် အသက်သွေးချွေးများ စတေးကြရမည်ဖြစ်သည်။

စစ်ကောင်စီက သတင်းအချက်အလက်ဖြန့်ဝေမှုကို တားဆီးပိတ်ပင်နိုင်ရန် ပြည်သူဘက်မှရပ်တည်သည့် သတင်းဌာနများကို ပိတ်သိမ်းခြင်း၊ သတင်းထောက်များကို ဖမ်းဆီးတရားစွဲဆိုခြင်းနှင့် အကြမ်းဖက်ရိုက်နှက်ခြင်းတို့ကို လုပ်ဆောင်နေသည့်အပြင် အင်တာနက်ဖျက်တောက်မှုများကို လုပ်ဆောင်ထားသည်။

သတင်းအချက်အလက်စီးဆင်းမှုနှေးကွေးပါက စိတ်ဓာတ်စစ်ဆင်ရေး (psychological warfare) ပြုလုပ်ရန် ပိုမိုလွယ်ကူနိုင်သဖြင့် နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေများကို အင်တာနက်မရရှိသည့် ဒေသများမှ ပြည်သူလူထုအချိန်နှင့်တပြေးညီ သိရှိနိုင်စေရန် ဆက်လက်လုပ်ဆောင်ကြရမည်။

မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို အများဆုံးအသုံးပြုကြသဖြင့် သတင်းအချက်အလက်ဖြန့်ဖြူးရာတွင် တစ်နည်းတစ်ဖုံအသုံးဝင်သော်လည်း သတင်းမှားများလည်း လျင်မြန်စွာပျံ့နှံ့သွားနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။

စစ်ကောင်စီသည် ပြည်သူလူထုကြား အကြောက်တရားပျံ့နှံ့ပြီး လူထုလှုပ်ရှားမှုရပ်တန့်သွားစေလိုသည်ဖြစ်ရာ သတင်းရင်းမြစ်ခိုင်မာမှုမရှိသည့် အချက်အလက်များ၊ ပြည်သူများစိုးရိမ်ထိတ်လန့်စေနိုင်မည့် အချက်အလက်များအပြင် ရည်ရွယ်ချက်ရှိရှိ သတင်းမှန်နှင့် သတင်းမှားများ ရောထွေးထားသည့် အချက်အလက်များကို ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ထပ်ဆင့်မျှဝေမှုများကို မပြုလုပ်ရန်လိုပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က “တကယ့်စစ်မှန်တဲ့ အကျဉ်းထောင်ဆိုတာ အကြောက်တရားပါ။ ပြီးတော့ စစ်မှန်တဲ့လွတ်လပ်မှုဆိုတာ အကြောက်တရားကနေ လွတ်မြောက်တာပဲဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ဖူးသည်။

သို့ဖြစ်ရာ ပြည်သူအားလုံး အကြောက်တရားမှ လွတ်မြောက်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသည်အထိ ဝိုင်းဝန်းတော်လှန်ကြရန် တိုင်းသူပြည်သားအားလုံး၏ သမိုင်းပေးတာဝန်ဖြစ်ပါသည်။

မင်းနိုင်

သင့်ထင်မြင်ချက်ရေးပေးပါ