ကချင်ပြည်နယ် ပူတာအိုမြို့တွင် အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်နေ့၌ ကိုဗစ် ၁၉ ပိုးတွေ့အတည်ပြုလူနာနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လုံးစွတ်ရပ်ကွက်နှင့် လေယာဉ်ကွင်းရပ်ကွက်မှ ပိုးတွေ့အတည်ပြုလူနာနှစ်ဦးသည် ရောဂါအခံရှိသောကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ခရိုင်ဆေးရုံအုပ်ကြီးက The 74 Media ကိုပြောသည်။

“၄ ရက်နေ့ ညက တစ်ယောက်၊ ၅ ရက်နေ့ မနက်မှာ တစ်ယောက်၊ အသက် ၅၇ အမျိုးသမီးနဲ့ ၃၁ နှစ် အမျိုးသား ဆေးရုံတက်နေတာကြာပြီ ရောဂါအခံရှိတွေသူပေါ့” ဟုသူကပြောသည်။

သေဆုံးခဲ့သူများနှင့် ထိစပ် မိသားစုဝင်များကိုလည်း ပိုးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး သက်သာပျောက်ကင်းပြီ ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

သေဆုံးသူနှစ်ဦး၏ နာရေးကို ပူတာအိုမြို့ရှိ လူမှုကူညီရေးအသင်းများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ် မြို့မရပ်ကွက်တွင်လည်း ဇူလိုင်လ ၂၀ ရက်နေ့က အသက် ၈၀ အရွယ် အဘွားတစ်ဦး ကိုဗစ်၁၉ ရောဂါဖြင့် သေဆုံးခဲ့ပြီး ပူတာအိုမြို့နယ်တွင် ကိုဗစ်တတိယလှိုင်း၌ စုစုပေါင်း သေဆုံးသူ ၇ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ