ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စစ်ကောင်စီအာဏာသိမ်းသည့် ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်ကာ မူးယစ်ဆေးဝါးသုံးစွဲသူများ ပိုမိုများပြားလာပြီး ရပ်ရွာအတွင်း ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာကြောင်း သိရသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲများလည်း ပါဝင်နေသောကြောင့် အိမ်ဖောက်ထွင်းမှုနှင့် ခိုးမှုများကို မထိန်းချုပ်နိုင်ဘဲ ပိုမိုဖြစ်ပွားလာခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ပူတာအိုမှာ အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ လူငယ်ပိုင်းတွေ ပျက်စီးလာကြတယ်။ အိမ်ဖောက်ထွင်းမှု၊ သူခိုးတွေလည်း မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအစွန် မကြားချင်မှ အဆုံးပါ။ ရဲတွေ ကိုယ်တိုင်ကလည်း မူးယစ်ဆေးသုံးနေကြတော့ ထိန်းချုပ်မဲ့သူမရှိဖြစ်နေတယ်” ဟု သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများ မူးယစ်ဆေးဝါးသုံးစွဲနေသည်ဟု စခန်းမှူးကိုယ်တိုင် ဒေသခံလူကြီးများနှင့် တွေ့ဆုံခဲ့ချိန်က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူတာအိုမြို့နယ်ရှိ လူငယ် သုံပုံနှစ်ပုံခန့်မှာ မူးယစ်ဆေးဝါးသုံးစွဲလာသောကြောင့် ထိထိရောက်ရောက် ထိန်းချုပ်ပေးနိုင်ရန် လိုအပ်ကြောင်း မူယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်နေသည့် လူငယ်တစ်ဦးက ပြောသည်။

“ပူတာမြို့နယ် တစ်ခုထဲက လူမျိုးစုတစ်ခုထဲမှကိုတောင် ဆေးသုံးစွဲတဲ့ လူငယ် ၁၀၀၀ ကျော်ရှိတယ် တစ်မြို့နယ်လုံးဆိုရင် လူငယ် သုံးပုံးနှစ်ပုံလောက်က မူယစ်ဆေးဝါးသုံးတဲ့အနေအထားမှာရှိတယ်။ အဲ့တာကြောင့် မူးယစ်ဆေးဝါးကဏ္ဍကို ထိထိရောက်ရောက်ထိန်းချုပ်ပေးနိုင်ဖို့ လိုအပ်နေပြီ” ဟု သူကပြောသည်။

ပူတာအိုမြို့နယ်တွင် လူငယ်ပြုစုပျိုထောင်ရေးသင်တန်းကျောင်းတစ်ခုရှိပြီး ထိုကျောင်းတွင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် လူငယ် ၄၀ ဦးခန့်ကို ဆေးဖြတ်ပေးနေကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ