ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက KIA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကောင်ရာကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ကျေးရွာမှ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမနက်ကတည်းနေဖြစ်တာ နေ့လည် ၁၂ နာရီလောက်ထိဖြစ်တယ်တဲ့၊ ကောင်ရာဘက်က အသိတွေကို ဖုန်းဆက်မေးကြည့်ပေမယ့် ဖုန်းလိုင်းဖြတ်ထားတာလား မသိဘူး ဆက်လို့မရဘူး။ ကောင်ရာဘက်သွားမယ့် အသိတွေလည်း တိုက်ပွဲဖြစ်တယ်ဆိုလို့ မသွားဖြစ်သေးဘူး။ တိုက်ပွဲက ကောင်ရာမရောက်ခင် လယ်တောတစ်လျှောက်ဖြစ်တာပေါ့” ဟု သူကပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးသူရှိမ/မရှိကိုမူ မသိကြောင်း သူက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က ကောင်းရာကျေးရွာနှင့် နမ့်ခက်ကျေးရွာကြားတွင် စစ်ကောင်စီတပ် ခမရ (၃၉၀)မှ အင်အား (၇၀) ခန့်သည် တနိုင်းဒေသသို့ စစ်ကြောင်းချီတက်လာစဉ် KIA အဖွဲ့က စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ် လီဒိုလမ်းမတစ်လျှောက်ရှိ ကျေးရွာများဖြစ်သည့် တနိုင်း၊ကောင်ရာ၊ နန့်ဖြတ်၊ တိန်ကောက်၊ ဂျဘူတောင်၊ ရှဒူဇွတ်၊ ဝရာဇွပ်၊ နောင်းမီ၊ ဒွန်ဘန်ကျေးရွာများတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ