အမေရိကန်နိုင်ငံ၊ မီနီဆိုတားပြည်နယ်ရဲ့ မြို့တော်မှာ ၂၀၂၀ ခုနှစ်၊ မေလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ကုန်စုံဆိုင်ဝန်ထမ်းတစ်ဦးဆီကို လူမဲအမျိုးသားတစ်ဦးက ဒေါ်လာ ၂၀ တန်လေးနဲ့ ဆေးလိပ်လာဝယ်ပါတယ်။

ဈေးဝယ်တဲ့သူပေးတဲ့ ဒေါ်လာ ၂၀ တန်ဟာ ပိုက်ဆံအတုဖြစ်နိုင်တယ်လို့ သံသယရှိတဲ့အတွက်  ဈေးရောင်းပေးတဲ့ ကုန်စုံဆိုင်ဝန်ထမ်းက ရဲတိုင်ခဲ့ပါတယ်။

ရဲတွေရောက်လာပြီး ၁၇ မိနစ်အကြာမှာတော့ ပိုက်ဆံအတုနဲ့ ဈေးဝယ်တယ်လို့ သံသယနဲ့ဖမ်းဆီးခံခဲ့ရတဲ့ ဂျော့ချ်ဖလွိုက်ဆိုတဲ့ အသက် ၄၆ နှစ်အရွယ်အမျိုးသားဟာ ရဲသုံးယောက်ရဲ့ အကြမ်းဖက်ဖမ်းဆီးမှုကြောင့် အသက်ပျောက်သွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ ဂျော့ချ်ဖလွိုက်ရဲ့ လည်ပင်းကိုဒူးနဲ့ ရှစ်မိနစ်လောက် ဖိနင်းခံထားရတဲ့အတွက် အသက်ရှူကြပ်ပြီး သေဆုံးခဲ့ရတာပါ။

ဒီဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိသူတွေ ရိုက်ကူးထားတဲ့ဗွီဒီယိုရိုဟာ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့သွားခဲ့တာကြောင့် လူအများကိုဒေါသထွက်စေခဲ့ပြီး ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဒေသခံအများအပြားဆန္ဒပြခဲ့ကြပါတယ်။

ဂျော့ချ်ဖလွိုက်မသေဆုံးမီ ပြောခဲ့တဲ့ ‘ကျွန်တော်အသက်ရှူလို့မရဘူး’ ဆိုတဲ့ ညည်းတွားသံကို ဆန္ဒပြသူတွေက ကြွေးကြော်သံအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။

လူဦးရေ လေးသိန်းကျော်နေထိုင်တဲ့ မီနီဆိုးတာပြည်နယ်ရဲ့မြို့တော် မီနီရယ်ပိုလိစ့်မှာဖြစ်ခဲ့တဲ့ဒီဖြစ်ရပ်ကြောင့် ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို တစ်နိုင်ငံလုံးက ဝေဖန်ထောက်ပြလာကြပြီး လက်နက်ကိုင်ထားတဲ့ ရဲတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

လက်နက်ကိုင်ထားတဲ့သူတွေအနေနဲ့ လက်နက်မဲ့တဲ့ပြည်သူတွေကို အကြောင်းအမျိုးမျိုးကြောင့် အကြမ်းဖက်ကြတာဟာ နေရာတိုင်းမှာရှိပါတယ်။

ကမ္ဘာအနှံ့က လူထုထောက်ခံတဲ့လက်နက်ကိုင်အဖွဲ့တွေပဲဖြစ်ဖြစ်၊ လူထုမထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့တွေပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် လက်နက်မဲ့ပြည်သူတွေကို ရိုက်နှက်တာ၊ သတ်ဖြတ်တာတွေ ဖြစ်လေ့ဖြစ်ထရှိကြပေမယ့် တရားမျှတကိုလိုလားတဲ့အဖွဲ့တွေကသာ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်တာပါ။

လဝါးလူသတ်မှု

ဖားကန့်မြို့နယ်၊ လဝါးကျေးရွာမှာ ဒီနှစ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က ပြည်သူ (၉) ဦးကို ဒလန်ရယ်လို့ စွပ်စွဲပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိုးကောင်းမြို့ပြပျောက်ကျားအဖွဲ့ (UG Black K) အဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ကြပါတယ်။

အသတ်ခံရသူ (၉) ဦးဟာ ဆားမှော်၊ နမ္မတီးနဲ့ ဗန်းမော်ဒေသခံတွေဖြစ်ကြပြီး မအင်ဒေါင်နန်လွမ်၊ ဒေါ်ဖောင်မခေါန်ဘူ၊ ဦးဖိုးတုတ်၊ ဦးထွန်းယုံ၊ ဦးလဇွမ်ထွယ်ရှောင်၊ ဦးလဇွမ်တူးလွမ့်၊ ဦးကျော်စိုး၊ ဦးကျေးနဲ့ ဦးယောဟန်တို့ဖြစ်ကြပါတယ်။

KIA တပ်ရင်း ၂၀ က တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီပြည်သူကိုးဦးကို သတ်ဖြတ်ခဲ့တာဟာ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ရှစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။

ဒီသတ်ဖြတ်ခံရတဲ့သူတွေထဲက ဗန်းမော်ဒေသခံငါးဦးဟာ မိသားစုဝင်တွေဖြစ်ကြပြီး သတ်ဖြတ်ခံရသူဦးကျော်စိုးရဲ့မြေကိုငှားရမ်းကာ မြေတောက်ပဲစိုက်ပျိုးရေးလုပ်ကိုင်နေချိန် သတ်ဖြတ်ခံကြရတာပါ။

ကိုယ်ဝန်ဆောင်ထားတဲ့အမျိုးသမီးတစ်ဦးအပါအဝင် သတ်ဖြတ်ခံရသူတွေဟာ အသက် ၂၃ နှစ်ကနေ ၅၀ ကျော်အရွယ်တွေဖြစ်ကြပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် လူသတ်မှုကျူးလွန်တာကို စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အရပ်ဖက်အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်ဖွဲ့စည်းထားပေမယ့် ပြစ်မှုကျူးလွန်တာကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ KIA ဘက်ကပဲ အဓိကလုပ်ဆောင်နေတယ်လို့လည်း ကော်မရှင်အဖွဲ့ဝင်တွေက ပြောဆိုထားပါတယ်။

KIA တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တာဖြစ်ပေမယ့် KIA တပ်ဖွဲ့ဝင်တွေကပဲ စုံစမ်းစစ်ဆေးအရေးယူနေတာအပြင် ဖေဖော်ဝါရီလထဲမှာ အရပ်ဖက်အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်မှာပါဝင်တဲ့သူတွေက လိုင်ဇာကိုသွားပြီး အမှုမှန်ပေါ်ပေါက်ဖို့ တောင်းဆိုခဲ့ပေမယ့် (၈) လကြာတဲ့အထိ အမှုမှန်ပေါ်တာမျိုး မရှိသေးပါ။

လဝါးလူသတ်မှုဖြစ်စဉ်ကို အထူးခုံရုံးဖွဲ့စစ်ဆေးခဲ့ပေမဲ့ လိုင်ဇာနဲ့အနီးတဝိုက်မှာ ဇူလိုင်လကတည်းက တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ရပ်တန့်သွားခဲ့ရတာပါ။

KIA တပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့ လဝါးလူသတ်မှုဟာ အရပ်ဘက်နဲ့ စစ်ဘက်ဖြစ်တဲ့ ပြဿနာဖြစ်တာ ကြောင့် အများပြည်သူသိရှိဖို့လိုအပ်တဲ့ အမှုကိစ္စတစ်ခုဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဖြေရှင်းရမယ့်အမှုတစ်ခုလည်း ဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အတွက် အခွင့်အရေးတစ်ခု

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အဖွဲ့ဟာ ဒီလိုအမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးတာ အခုမှတော့ မဟုတ်ပါဘူး။

ကြွေးမှီကိစ္စ၊ မြေယာပြဿနာ၊ ငွေကြေးနဲ့စီးပွားရေးအငြင်းပွားမှု၊ ကျောက်မျက်နဲ့သတ္တုတူးဖော်ရေးဆိုင်ရာအငြင်းပွားမှုတွေအပြင် လူမှုရေးပြဿနာတွေကို သက်ဆိုင်ရာ တိုက်နယ်၊ ခရိုင်နဲ့ တိုင်းရုံးတွေမှာ တိုင်ကြားမှုပေါ်အခြေခံပြီး ကြားနာဖြေရှင်းပေးလေ့ရှိပါတယ်။

စစ်အာဏာရှင်ကို နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်နေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အတွက် လဝါးကျေးရွာမှာဖြစ်ပွားခဲ့တဲ့လူသတ်မှုဟာ အခွင့်အရေးတစ်ခုလို့ပြောရင်လည်း မမှားပါဘူး။

စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပေမဲ့ တရားမျှတမှုကိုလိုလားပြီး ကျောသားရင်သားမခွဲခြားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုတာကို ပြသနိုင်မယ့်အခွင့်အရေးရရှိထားတာပါ။

တရားမျှတမှုလို့ပြောတဲ့အခါ လူသတ်မှုကျူးလွန်တဲ့သူတွေကို မျှတတဲ့တရားစီရင်ရေး (fair trial) ပေးဖို့ လိုအပ်သလို သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ တရားမျှတမှုကို လက်လှမ်းမီရရှိနိုင်ဖို့ (access to justice) လည်းအရေးကြီးပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် မျှတတဲ့တရားစီရင်ရေးစံနှုန်းတွေကို အားလုံးလိုက်နာဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်ရှိနိုင်ပေမဲ့ တရားစွဲဆိုမှုမတိုင်ခင် ခွဲခြားဆက်ဆံမှုမရှိဘဲ စုံစမ်းစစ်ဆေးတာ၊ ထိရောက်ပြီး လုံလောက်တဲ့သက်သေတွေကို စုဆောင်းတာ၊ ပြစ်မှုကျူးလွန်သူနဲ့ ကျူးလွန်ခံရသူတွေကို လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးနဲ့အညီ ပြောဆိုဆက်ဆံပြီး ဖိအားပေးအကြပ်ကိုင်တာမျိုး မရှိတာတွေကိုတော့ လိုက်နာလို့ရနိုင်ပါတယ်။

KIO ဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့မှာ တရားသူကြီးအဖွဲ့ ဒါမှမဟုတ် တရားရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီလို့ သတင်းတွေမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

ဘယ်ဥပဒေကိုအခြေခံပြီး ဘယ်လိုလုပ်ထုံးလုပ်နည်းတွေနဲ့ ဒီတရားသူကြီးအဖွဲ့ ဒါမှမဟုတ် တရားရေးအဖွဲ့က စီမံမလဲဆိုတာကို တရားဝင်ထုတ်ပြတာမျိုးမရှိသေးပေမဲ့ KIO အုပ်ချုပ်တဲ့နယ်မြေထဲက ပြည်သူတွေအနေနဲ့ တရားမျှတမှုကို လက်လှမ်းမီရရှိဖို့ ခြေလှမ်းသစ်တစ်ခုလို့ ဆိုရမှာပါ။

လဝါးလူသတ်မှုကို အသစ်ဖွဲ့စည်းလိုက်တဲ့ တရားသူကြီးအဖွဲ့ ဒါမှမဟုတ် တရားရေးအဖွဲ့က စီရင်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာမို့ သံသယတရားခံတွေကို သံသယရဲ့အကျိုးခံစားခွင့် (benefit of the doubt) ပြုတာ၊ စွမ်းဆောင်ရည်ပြည့်ဝပြီး ဘက်မလိုက်တဲ့ တရားသူကြီးက ကြားနာစစ်ဆေးတာ၊ တရားစီရင်တာကို သိရှိသင့်သိရှိထိုက်သူတွေသိရှိစေဖို့ ပွင့်လင်းမြင်သာမှုရှိတာ၊ သင့်တော်တဲ့သက်သေခံပစ္စည်းနဲ့ မျက်မြင်သက်သေတွေကို ကြားနာစစ်ဆေးတာတွေဟာလည်း အရေးကြီးတဲ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်မှုရှိသလား မရှိဘူးလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

တရားမျှတမှုကို လက်လှမ်းမီရရှိတဲ့လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့စံနှုန်းတစ်ခုက သင့်တော်တဲ့အချိန်ကာလအတွင်း အမှုကိုစစ်ဆေးကြားနာတာဖြစ်ပါတယ်။

လဝါးလူသတ်မှုဟာ အချိန်ကြာလာပေမဲ့ သက်ဆိုင်ရာမိသားစုတွေ တရားမျှတမှုရရှိတာမျိုးတော့ မရှိသေးဘူးလို့ ဆိုရမှာပါ။

ဘယ်လောက်ပဲလူစိတ်ဝင်စားတဲ့အမှုဖြစ်ပါစေ အချိန်အတိုင်းအတာတစ်ခုအထိ ကြာလာတဲ့အခါ လူစိတ်ဝင်စားမှု လျော့နည်းသွားတတ်တာဟာ သဘာဝတစ်ခုဖြစ်ပါတယ်။

လူစိတ်ဝင်စားမှုလျော့နည်းသွားပြီး လူတွေပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြတာနည်းသွားတာဟာ တရားမျှတမှုရသွားတာမဟုတ်သလို လူစိတ်ဝင်စားတာနည်းသွားတဲ့အချိန်အထိ စောင့်ပြီး ဥပက္ခာပြုထားတာဟာလည်း တရားမျှတမှုရရှိတာ မဟုတ်ပါဘူး။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဟာ တော်လှန်ရေးအဖွဲ့ဖြစ်ပေမဲ့ တရားမျှတမှုကို လိုလားတဲ့အဖွဲ့အစည်း၊ တရားမျှတမှုရရှိဖို့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့အဖွဲ့အစည်း၊ ကချင်လူမျိုးအကျိုးအတွက် ရည်ရွယ်ပြီးလုပ်နေပေမဲ့ ကျောသားရင်သားမခွဲခြားတဲ့အဖွဲ့အစည်း၊ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေနဲ့ တရားမျှတမှုဆိုင်ရာအခြေခံမူဝါဒတွေကို လိုက်နာစောင့်စည်းတဲ့အဖွဲ့အစည်းအဖြစ် ပြသနိုင်ဖို့ ဒီလူသတ်မှုနှစ်ခုက အခွင့်အရေးပေးနေတယ်လို့ပြောရင် မှားနိုင်မယ် မထင်ပါဘူး။

တရားမျှတမှုရရှိဖို့နှောင့်နှေးကြန့်ကြာနေတာဟာ တရားမျှတမှုကို ငြင်းပယ်တာပါ

“တရားမျှတမှုရရှိဖို့နှောင့်နှေးကြန့်ကြာနေတာဟာ တရားမျှတမှုကို ငြင်းပယ်တာပါ (justice delayed is justice denied” ဆိုတာဟာ ဥပဒေရေးရာ ဆိုရိုးတစ်ခုဖြစ်ပြီး တရားမျှတမှုရရှိဖို့ တရားဥပဒေနည်းအရနှောင့်နှေးကြန့်ကြာနေတာဟာ တရားမျှတမှု မရအောင်လုပ်တာ ဒါမှမဟုတ် တရားမျှတမှုကို ငြင်းပယ်တာလို့ ဆိုလိုတာဖြစ်ပါတယ်။

တရားမျှတမှုရရှိရမယ့် နစ်နာသူဟာ ဥပဒေကြောင်းအရကုစားမှုနဲ့ ထိရောက်မြန်ဆန်စွာတရားမျှတမှု ရရှိရမှာဖြစ်ပြီး အချိန်လွန်မှထိရောက်တဲ့လျော်ကြေး ဒါမှမဟုတ် နစ်နာကြေးတွေရတာ ဒါမှမဟုတ် အချိန်လွန်မှ ကျူးလွန်သူကို ပြစ်ဒဏ်ချမှတ်နိုင်တာဟာ တရားမျှတမှုမရတာနဲ့ အတူတူပဲလို့ ဥပဒေရေးရာစာပေတွေမှာ ဖော်ပြထားပါတယ်။

ဒီဥပဒေရေးရာဆိုရိုးကို ၁၈ ရာစုလောက်ကတည်းက စတင်အသုံးပြုခဲ့ကြပြီး ၂၀ ရာစုရဲ့ လူမဲအခွင့်အရေးကြိုးပမ်းသူ ဒေါက်တာမာတင်လူသာကင်းဂျူနီယာကလည်း ဘာမင်ဟန်ထောင်ကနေရေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ “တရားမျှတမှုကို အလွန်အမင်းကြန့်ကြာစေတာဟာ တရားမျှတမှုကို ငြင်းပယ်တာ (justice too long delayed is justice denied)” လို့ ဖော်ပြခဲ့ပါတယ်။

လဝါးကျေးရွာမှာသတ်ဖြတ်ခံရတဲ့ ပြည်သူ (၉) ဦးရဲ့ မိသားစုဝင်တွေက တရားမျှတမှုကို အမြန်ဆုံးလိုလားနေပြီး သူတို့ တရားမျှတမှုလိုလားနေတယ်ဆိုတာကိုလည်း မီဒီယာတွေမှာ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

အရပ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ အရပ်ဖက်အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်ကလည်းပဲ ဒါကို အကြိမ်ကြိမ်တင်ပြခဲ့ပြီးဖြစ်တယ်လို့ သတင်းမီဒီယာတွေဆီက သိရပါတယ်။

နိဂုံး

အမေရိကန်နိုင်ငံသားဂျော့ချ်ဖလွိုက်ကို ဖမ်းဆီးစဉ်မှာ အကြမ်းဖက်ခဲ့တဲ့အတွက် ဖြစ်စဉ်မှာအဓိကတာဝန်ရှိသူ ဒါမှမဟုတ် လူမဲအမျိုးသားကိုဒူးနဲ့ဖိထောက်ခဲ့တဲ့ ရဲအရာရှိကို စစ်ဆေးတဲ့အမှုဟာ ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်ကနေ ဧပြီလ ၂၀ ရက်အထိ တစ်လကျော်ပဲကြာခဲ့တာပါ။

ဒီအမှုကို ကြားနာစစ်ဆေးတဲ့အခါ အများပြည်သူကြည့်ရှုနိုင်ဖို့ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ခဲ့ပြီး ရဲအရာရှိကို ပြစ်ဒဏ်ချမှတ်တဲ့နေ့မှာ တိုက်ရိုက်ရုပ်သံကြည့်ရှုသူ ၂၃ သန်းကျော်ရှိတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

ရဲအရာရှိဟာ ကြိုတင်ကြံစည်မှုမရှိဘဲ လူသတ်ဖြတ်မှု (second-degree murder) နဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ ထောင်ဒဏ် ၂၂ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။

တခြားရဲအရာရှိသုံးဦးဟာလည်း အမှုရင်ဆိုင်ခဲ့ရပြီး တချို့ကို ထောင်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

လဝါးမှာ ပြည်သူ (၉) ဦးသတ်ဖြတ်ခံရတဲ့အမှုဟာ အချိန်ကြာလာခဲ့ပြီဖြစ်တဲ့အတွက် တရားမျှတမှုနှောင့်နှေးကြန့်ကြာပြီး အရပ်ဖက်အမှုမှန် ပေါ်ပေါက်ရေးကော်မရှင်အဖွဲ့ဝင် တစ်ဦး ပြောခဲ့သလို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ကို ပြည်သူလူထုက ယုံကြည်မှုလျော့နည်းပြီး ထောက်ခံမှုတွေလျော့ကျလာမှာ စိုးရိမ်စရာဖြစ်နေပါတယ်။

 

 

 

 

 

 

 

 

သင့်ထင်မြင်ချက်ရေးပေးပါ