၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့သည် အိန္ဒိယနိုင်ငံသားများအတွက် ၂၁ ရာစုတွင် ဂုဏ်ယူစရာအကောင်းဆုံးနေ့တစ်နေ့ဟု ဆိုရမည်။ နိုင်ငံအလံများကိုဝှေ့ယမ်းကာ ခုန်ပေါက်မြူးတူး ပြုံးပျော်ရွှင်နေကြသော အိန္ဒိယနိုင်ငံသားများကို ရုပ်သံများ၌ မြင်တွေ့ချိန်တွင် အပျော်များပင် ကူးစက်မိသည်။

အကြောင်းမှာ ခက်ခဲကြမ်းတမ်းလှသော လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းကို အိန္ဒိယနိုင်ငံ၏ ချန်ဒရာယန်-၃ ဆိုသည့် လွန်းပျံယာဉ်မှ လဆင်းယာဉ်ငယ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

ရုရှားနိုင်ငံနှင့် ပြိုင်တူကြိုးစားနေရာမှ အိန္ဒိယနိုင်ငံက အောင်မြင်ခဲ့ပြီး ပထမဆုံး သမိုင်းမှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။ ရုရှားနိုင်ငံကဲ့သို့ အဆင့်မြင့်နည်းပညာပိုင်ဆိုင်ထားသည့်နိုင်ငံ၏ လကမ္ဘာပေါ် ဆင်းသက်မည့် အာကာသယာဉ်သည် ဩဂုတ်လ ၁၉ ရက်နေ့တွင် ပျက်ကျခဲ့သော်လည်း အိန္ဒိယနိုင်ငံသည် နောက် ၅ ရက်အကြာတွင် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။

အာကာသစူးစမ်းလေ့လာရေးစီမံကိန်းဆိုသည်မှာ အောင်မြင်ရန်ခက်ခဲသကဲ့သို့ နည်းပညာစိန်ခေါ်မှုနှင့် ကုန်ကျစရိတ်အလွန်များသောကြောင့် နိုင်ငံတိုင်း အကောင်အထည်ဖော်ရန် ခက်ခဲသည့် လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်သည်။ လက်ရှိ လကမ္ဘာကို ရောက်ရှိထားသော နိုင်ငံများမှာ အမေရိကန်၊ ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သာဖြစ်သည်။

အိန္ဒိယနိုင်ငံက အောင်မြင်ခဲ့သော လကမ္ဘာစူးစမ်းရေး စီမံကိန်းသည် အိန္ဒိယရူပီး ၆ ဘီလံလျံကျော် ဒေါ်လာဖြင့် ဆိုရသော် ၇၅ သန်းသာ ကုန်ကျခဲ့သည်။

ပြင်သစ်ကြယ်ပွင့်ဘောလုံးသမား အမ်ပါပေကို ဆော်ဒီကလပ်က ခေါ်ယူစဉ် တစ်နှစ်လုပ်အားခ ယူရို သန်း ၇၀၀ ဖြင့် ကမ်းလှမ်းခဲ့သောကြောင့် အဆိုပါစီမံကိန်းသည် ဘောလုံးသမားတစ်ဦး၏ တစ်နှစ်လုပ်အားခမှ ဆယ်ပုံ တစ်ပုံခန့်သာရှိသည်။

အိန္ဒိယနိုင်ငံက လပေါ်သို့ အာကာသယာဉ်ဆင်းသက်နိုင်ခဲ့ခြင်းသည် ကုန်ကျစရိတ်အားဖြင့်လည်း သမိုင်းဝင်ခဲ့သည်ဟုဆိုနိုင်သည်။

အကြောင်းမှာ ဟောလီးဝုဒ်သိပ္ပံဇာတ်ကားများဖြစ်သည့် Interstellar ဇာတ်ကားသည် ဒေါ်လာ ၁၆၅ သန်း နှင့် The Martian ဇာတ်ကားသည် ဒေါ်လာ ၁၀၈ သန်း ကုန်ကျကာ ရိုက်ကူးခဲ့ရသည်ဖြစ်ရာ လက်တွေ့လပြည်သို့ဆင်းသက်သည့် အိန္ဒိယနိုင်ငံ၏စီမံကိန်းမှာ အခြားနိုင်ငံများ၏ အလားတူစီမံကိန်းနှင့်သာမကဘဲ စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ရိုက်ကူးသည့် ကုန်ကျစရိတ်ထက်ပင် နည်းပါးနေသည်။

အိန္ဒိယနိုင်ငံက လကမ္ဘာပေါ်အောင်ပွဲခံခဲ့သည့် ဩဂုတ်လအတွင်းတွင် အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင်လည်း ဒေါ်လာသန်း ၄၀ ခန့်အသုံးပြုသည့် စီမံကိန်းတစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ထိုစီမံကိန်းမှာ နေပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ တစ်ရက်နေ့တွင် ကိုယ်တိုင်ဖွင့်လှစ်ခဲ့သည့် ကမ္ဘာ့အမြင့်ဆုံး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ဖြစ်သည်။

စကျင်ကျောက်ဖြင့်ပြုလုပ်ထားသည့် ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ကို အာဏာသိမ်းခေါင်းဆောင်က ဖွင့်လှစ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသားများအကြား ဂုဏ်ယူဝမ်းမြောက်ခြင်းထက် ဝေဖန်သံများသာ ညံသွားခဲ့သည်။ အဆိုပါရုပ်ပွားတော်ကို မင်းအောင်လှိုင်က ဦးဆောင်ဒကာလုပ်ကာ ခရိုနီသူဌေးကြီးများနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး‌ ဒေါ်လာ သန်း ၄၀ ခန့် ကုန်ကျခဲ့သည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုပ်ပွားတော်၏ ကုန်ကျစရိတ် ဒေါ်လာ သန်း ၄၀ တွင် စကျင်ကျောက်တန်ဖိုးနှင့် အခြား ကုန်ကျစရိတ်များ မပါဝင်သေးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ထို့ကြောင့် ရုပ်ပွားတော်၏ ကုန်ကျစရိတ်သည် ဒေါ်လာ သန်း ၄၀ ထက် ပို၍ ကုန်ကျနိုင်သည်ဟု ဆိုရမည်။

ဗုဒ္ဓရုပ်ပွားတော်နှင့်ပတ်သက်ပြီး ထူးခြားကာ လူအများပြောဆိုနေကြသော ဖြစ်ရပ်များမှာ ယခုနှစ် မတ်လက ရုပ်ပွားတော် မျက်ရည်ကျသကဲ့သို့ ဖြစ်ပေါ်ခဲ့သောကြောင့် ယာယီပိတ်ခဲ့ခြင်း၊ ဝင်ကြေးမြင့်မားလွန်းခြင်း၊ ရေစက်ချ အခမ်းအနားတွင် ကျောက်မဲဆရာတော်က လက်သုံးချောင်းထောင်ကာ တရားဟောခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး အလုပ်ဖြုတ်ခံရခြင်းစသည်တို့ဖြစ်သည်။

ဒေါ်လာ သန်း ၄၀ ခန့် ကုန်ကျခံတည်ဆောက်ထားသော မာရဝိဇယရုပ်ပွားတော် တည်ထားရခြင်း ရည်ရွယ်ချက် (၄) ချက်တွင် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းလင်းရန်၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်ရန်၊ နိုင်ငံတော်ကြီး သာယာဝပြောရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာစေရန်ဟုဆိုသည်။

သို့သော်လည်း စစ်အာဏာရှင် မင်းအောင်လှိုင်က ဗုဒ္စရုပ်ပွားတော် တည်နေစဉ်အချိန်အတွင်း ဘုန်းကြီးကျောင်းများ၊ စေတီများ၊ ဘုရားကျောင်းကန်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ ဗုံးကြဲခြင်း၊ သံဃာတော်များကို သတ်ဖြတ်ခံရခြင်းအပြင် ပြည်သူပေါင်း လေးထောင်ကျော်သတ်ဖြတ်ကာ လူပေါင်း နှစ်သောင်းခွဲခန့်ကို ဖမ်းဆီးထားသောကြောင့် ကောင်းမှုကုသိုလ် အထမြောက်နိုင်၊ မမြောက်နိုင်မှာ မေးခွန်းထုတ်စရာဖြစ်သည်။

မင်းအောင်လှိုင်တည်ထားသော ဒေါ်လာ သန်း ၄၀ တန် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကြောင့် မည်သို့သောအကျိုးကျေးဇူးများခံစားရမည်ကို လက်တွေ့ကျကျမသိနိုင်သေးသော်လည်း ကုန်ကျစရိတ် တစ်ဝက်ခန့်သာ ပိုများသော အိန္ဒိယ၏ ချန်ဒရာယန်-၃ စီမံကိန်း အောင်မြင်မှု၏ အသီးအပွင့်ကို အိန္ဒိယပြည်သူများ လက်တွေ့ခံစားနိုင်တော့မည်ဖြစ်သည်။

အာကာသစူးစမ်းလေ့လာရေးစီမံကိန်းကို ကုန်ကျစရိတ် သက်သာစွာဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည့်အပြင် နည်းပညာအရည်အသွေး ကောင်းမွန်မှုကြောင့် အောင်မြင်ခဲ့သည့်အတွက် နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံလိုသူများ ဝင်ရောက်လာတော့မည်ဖြစ်သည်။

စီမံကိန်းအောင်မြင်မှု အကျိုးဆက်အဖြစ် လာမည့်နှစ်များအတွင်း အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ဒေါ်လာ ၁ ထရီလျံတန်ဖိုးအထိ တိုးတက်လာဖွယ်ရှိပြီး ရင်းနှီးမြုပ်နှံမှုများလည်း မြင့်မားလာနိုင်ကြောင်း အိန္ဒိယသတင်းမီဒီယာများက ရေးသားနေကြသည်။

လက်ရှိ အိန္ဒိယနိုင်ငံတွင် မှတ်ပုံတင်ထားသည့် အာကာသဝန်ဆောင်မှုလုပ်ငန်း ၁၄၀ ခန့်ရှိပြီး ၎င်းတို့မှာ ဂြိုလ်တုများ၊ ယာဉ်ပျံများ ထုတ်လုပ်ခြင်းနှင့် အခြားအာကာသဆိုင်ရာ နည်းပညာ လုပ်ငန်းများပါဝင်သည်။ ယခု စီမံကိန်းအောင်မြင်မှုကြောင့် “Make in India” အမှတ်တံဆိပ်ကို ပိုမိုအားကောင်းလာစေပြီး ပြည်တွင်းကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူဖြစ်စေမည်ဟု အိန္ဒိယပညာရှင်များက ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ကမ္ဘာ့ပဉ္စမမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ပျမ်းမျှအားဖြင့် ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်း S&P Global အဖွဲ့က မျှော်မှန်းထားသည်။

ပြည်သူလူထု၏ စားဝတ်နေရေးသည် နိုင်ငံရေး၊ စီးပွားရေးတို့နှင့် တိုက်ရိုက်အချိုးကျနေသောကြောင့် အရပ်စကားဖြင့်ပြောရသော် တိုင်းပြည်ချမ်းသာလျှင် ပြည်သူများလည်း ချမ်းသာလာမည်ဖြစ်သည်။

နယ်ချဲ့ကိုလိုနီလက်အောက်မှ မြန်မာနိုင်ငံထက် တစ်နှစ်သာစောပြီး လွတ်လပ်ရေးရခဲ့သော အိန္ဒိယနိုင်ငံသည် ၂၁ ရာစု နည်းပညာခေတ်တွင် လကမ္ဘာတောင်ဝင်ရိုးစွန်း ရောက်ရှိနေပြီဖြစ်ပြီး အိမ်နီးချင်း မြန်မာနိုင်ငံမှာမူ စစ်အာဏာရှင် မင်းအောင်လှိုင်ကြောင့် ကျရှုံးနိုင်ငံတစ်ခုဖြစ်နေသည်။

အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးထိုးကျသွားကာ ကုန်ဈေးနှုန်း၊ ဒေါ်လာဈေးနှင့် ရွှေဈေး ထိုးတက်သွားသည့်အပြင် တယ်လီနောနှင့် တိုယိုတာကားကုမ္ပဏီများကဲ့သို့ ကုမ္ပဏီပေါင်း ၂၅ ခုသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခြင်း မပြုတော့ရန် ဆုံးဖြတ်ကာ ထွက်ခွာသွားခဲ့ကြသည်။

ပြီးခဲ့သည့် ဩဂုတ်လက နာမည်ကျော် H&M ဖက်ရှင်ဒီဇိုင်းကုမ္ပဏီက မြန်မာ့အထည်ချုပ်စက်ရုံများတွင် အလုပ်သမားအခွင့်ရေးချိုးဖောက်မှု ပိုများလာသောကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

စက်ရုံ၊ အလုပ်ရုံများထွက်ခွာခြင်းနှင့်အတူ နိုင်ငံတွင်း အလုပ်လက်မဲ့ပြဿနာများရင်ဆိုင်နေရပြီး လူငယ်၊ လူရွယ်များ နိုင်ငံကို စွန့်ခွာကာ တိုင်းတပါးတွင် သွားရောက်လုပ်ကိုင်မှု များပြားခဲ့သည်။ စစ်တပ် အာဏာသိမ်းသည့် နှစ်နှစ်ကျော်ကာလအတွင်း ပြည်သူများ၏ နေအိမ်အဆောက်အအုံ ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရပြီး စစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော်အထိ တိုးလာခဲ့ကာ အဆိုးဝါးဆုံး အခြေအနေများကို ရင်ဆိုင်နေရသော်လည်း မင်းအောင်လှိုင်က ဒေါ်လာ သန်း ၄၀ တန် ဗုဒ္ဓရုပ်ပွားတော်ကို ရအောင်တည်ဆောက်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ လကမ္ဘာ စီမံကိန်းအောင်မြင်မှု သတင်းများအောက်တွင် မြန်မာနိုင်ငံသား အများစုက ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ အားကျမိကြောင်း၊ အိမ်နီးချင်းနိုင်ငံ အောင်မြင်မှုရရှိနေချိန် မြန်မာနိုင်ငံအတွက် ဝမ်းနည်းမိကြောင်း မှတ်ချက်ပေးကြသည်။

ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ BBC ၏သတင်းတစ်ပုဒ်အောက်တွင် “ဆန်ဖွပ်တဲ့အဖိုးအိုကိုတွေ့ရင် မြန်မာပြည်အတွက် ပိုဖွပ်ပေးပါလို့ ပြောပေးပါဗျာ ထမင်းမစားရတဲ့ သူတွေလဲများနေပါပြီ” ဟု မှတ်ချက်ရေးသားထားသည်မှာလည်း အတွေးပွားစရာဖြစ်စေသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သန်း ၅၀ ကျော်သော မြန်မာပြည်သူလူထု၏ ဘဝကို မြင့်တင်ပေးမည့်အစား ပြည်သူ့ဘဏ္ဍများကို စစ်အသုံးစရိတ်အတွက် အများဆုံး အသုံးပြုကာ ပြည်သူများကို ဗုံးကြဲတိုက်ခိုက်နေသည်။

တိုင်းပြည်စီးပွားရေးချွတ်ခြုံကျသဖြင့် အခြေခံလူတန်းစားများ စားဝတ်နေရေးခက်ခဲနေချိန် သာသနာပြုရန်ဆိုသည့်ခေါင်းစဉ်ဖြင့် ဒေါ်လာသန်း ၄၀ ကျော်အသုံးပြုကာ ဘုရားတည်ထားကိုးကွယ်နေသည့် စစ်ကောင်စီသည် ယခုနှစ် ဘဏ္ဍာနှစ်တစ်နှစ်အတွက် စစ်အသုံးစရိတ်ကို ဒေါ်လာ ၂.၆ ဘီလီယံကျော်ဖိုးအသုံးပြုမည်ဟု သိရသည်။

အဆိုပါ ဘတ်ဂျတ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံး အသုံးပြုခဲ့သည် ကာကွယ်ရေးအသုံးစရိတ်ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ထားသည်။

စစ်အသုံးစရိတ်ကို တိုးမြင့်ရယူထားသော်လည်း ပညာရေးအသုံးစရိတ်ကိုမူ ကျပ် ဘီလီယံ ၂၁၀၀ ကျော်နှင့် ကျန်းမာရေးအသုံးစရိတ်အတွက် ကျပ် ဘီလီယံ ၈၆၁  ကျော်ဖြစ်သောကြောင့် ဘတ်ဂျတ်နှစ်ခုအား ဒေါ်လာဖြင့်တွက်လျှင် သန်းတစ်ထောင့်လေးရာတစ်ဆယ်ကျော်သာ သုံးစွဲရန် လျာထားသည်ဖြစ်ရာ ပညာရေးနှင့်ကျန်းမာရေး နှစ်ခုပေါင်း အသုံးစရိတ်သည် စစ်အသုံးစရိတ်ထက် တစ်ဝက်ခန့် နည်းပါးနေသည်။

ဒေါ်လာ ၇၅ သန်းကုန်ကျခဲ့သော အိန္ဒိယနိုင်ငံ၏ ချန်ဒရာယန်-၃ လဆင်းယာဉ်သည် လကမ္ဘာတောင်ဘက်ခြမ်းက မြေမျက်နှာသွင်ပြင်နှင့် ကျောက်ဆောင်များ၊ မီးတောင်များကြားမှ ရေ၊ သတ္တုဓာတ် တည်ရှိနေမှုကို လေ့လာနေပြီး ရှာဖွေတွေ့ရှိမှုများအတွက် ဂုဏ်ယူစွာဖြင့် ဖြတ်သန်းတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ တစ်နိုင်ငံလုံး လျှပ်စစ်မီး ပုံမှန်မရဘဲ အမှောင်ကျနေချိန်တွင် ဒေါ်လာ သန်း ၄၀ ခန့် ကုန်ကျခဲ့သော နေပြည်တော်မှ မင်းအောင်လှိုင်တည်ထားသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်သည် လျှပ်စစ်မီတာခအတွက်ပင် တစ်လလျှင် ကျပ်သိန်း ၁၅၀၀ နှင့် ၂၀၀၀ ကြား အသုံးပြုနေရသည်။

စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းလက်ထက်မှစပြီး မင်းအောင်လှိုင်လက်ထက်အထိ စစ်ဗိုလ်ချုပ်များအားလုံး ပြည်သူ့ဘဏ္ဍာများဖြင့် ဘုရားတည်၊ စေတီတည်ကာ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့သော်လည်း မြန်မာပြည်တွင် အမှန်တကယ် ငြိမ်းချမ်းမှုရရှိခဲ့ခြင်းမရှိသေးပါ။

မြန်မာပြည်သူလူထု အမှန်တကယ်လိုအပ်နေသည်မှာ ဒေါ်လာသန်းချီတန် ဗုဒ္စရုပ်ပွားတော် (သို့မဟုတ်) လော သို့မဟုတ် လျှပ်စစ်မီး၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ လမ်း၊ တံတားလောဆိုသည့် အဖြေသည် မြန်မာပြည်သူများ၏ ရင်ထဲတွင်ရှိမည်ဟု ယုံကြည်ပါသည်။

ကုန်ကျစရိတ်တစ်ဝက်ခန့်သာကွာသော စီမံကိန်းနှစ်ခုတွင် မည်သည့်စီမံကိန်းက တိုင်းသူပြည်သားများကို ကောင်းကျိုးပြုပြီး မည်သည့်စီမံကိန်းက လူတစ်စုအာဏာတည်မြဲရေးအတွက် ခုတုံးလုပ်ပြီးဒေါ်လာသန်းဆယ်ချီအသုံးပြုခဲ့သည်ကို စာဖတ်သူကသာ အဆုံးအဖြတ်ပေးစေလိုပါသည်။

ဆောင်းပါးရှင် – ကောင်းထက်မြတ်

 

 

 

သင့်ထင်မြင်ချက်ရေးပေးပါ