အားကစားပြိုင်ပွဲတွေမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကြတဲ့အခါ ကိုယ့်ရဲ့နည်းဗျူဟာပြင်ဆင်ပြောင်းလဲဖို့ဖြစ်စေ၊ အချိန်တိုအနားယူဖို့ပဲဖြစ်စေ ‘တိုင်းမ်အောက်’ (Timeout) ခေါ်လေ့ရှိပါတယ်။

‘တိုင်းမ်အောက်’ (Timeout) ဆိုတာဟာ တစ်မိနစ် ဒါမှမဟုတ် တစ်မိနစ်ခွဲလောက်ပေးတဲ့ ခေတ္တခဏအနားယူခြင်းဖြစ်ပြီး အမှတ်တွေဆက်တိုက်ဆုံးရှုံးလာတဲ့အခါ ဒါမှမဟုတ် နည်းဗျူဟာပြန်သုံးသပ်နိုင်ဖို့ လိုအပ်တဲ့အခါ ကစားသမားက ဒိုင်ဖြစ်သူဆီက ခွင့်တောင်းရယူရတာပါ။

လူကြိုက်များတဲ့အားကစားအမျိုးအစားတွေဖြစ်တဲ့ ဘတ်စကက်ဘောနဲ့ ဘေ့စ်ဘောတွေအပါအဝင် စားပွဲတင်တင်းနစ်နဲ့ တခြားအားကစားပြိုင်ပွဲအများအပြားမှာ ‘တိုင်းမ်အောက်’ (Timeout) ပေးလေ့ရှိပါတယ်။

အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ ဗိုလ်လုပွဲလိုအခြေအနေမျိုးမှာ နှစ်ဖက်ကစားသမားတွေဟာ တရားဝင်ရရှိနိုင်တဲ့ ‘တိုင်းမ်အောက်’ (Timeout) ကို အကြိမ်အရေအတွက် အပြည့်ယူတတ်ကြပါတယ်။

‘တိုင်းမ်အောက်’ (Timeout) ယူပြီး ဗိုလ်လုပွဲရဲ့ရလဒ်ကို ပြောင်းလဲပေးခဲ့တဲ့ အားကစားပြိုင်ပွဲ သာဓကတွေ အများကြီးရှိပါတယ်။

‘၁၀၂၇ စစ်ဆင်ရေး’ မှာ အရေးပါတဲ့ဗျူဟာကုန်းတွေအပါအဝင် စခန်းပေါင်း ၂၀၀ ကျော်ကို တစ်လကျော်ကာလအတွင်း လက်လွတ်ဆုံးရှုံးခဲ့ရတဲ့စစ်ကောင်စီတပ်ဟာ နည်းဗျူဟာပြန်လည်သုံးသပ်နိုင်ဖို့နဲ့ လိုအပ်တဲ့ စစ်ဘက်ဆိုင်ရာထောက်ပို့လုပ်ငန်းတွေကိုအလျင်အမြန်လုပ်နိုင်ဖို့အတွက် ဒီစစ်ဆင်ရေးကို တစ်နည်းနည်းနဲ့ ရပ်တန့်နိုင်ဖို့ အရေးတကြီးလိုအပ်ခဲ့တာပါ။

တစ်နည်းအားဖြင့်ဆိုရရင် စစ်ကောင်စီတပ်ဟာ ‘တိုင်းမ်အောက်’ (Timeout) ယူဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ရှာကြံခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

‘၁၀၂၇ စစ်ဆင်ရေး’ ကို အလူးအလဲခံခဲ့ရတဲ့ စစ်ကောင်စီတပ်

================

ညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ ကိုးကန့် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တွေနဲ့ ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၂၇ ရက်နေ့မှာစတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” မှာ စစ်ကောင်စီစခန်းအများအပြားကို သိမ်းယူနိုင်ခဲ့တာ အားလုံးအသိပါ။

ဒီဇင်ဘာလ ဒုတိယအပတ်အထိ “၁၀၂၇ စစ်ဆင်ရေး” မှာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ မုံးကိုးနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ ကွမ်းလုံမြို့တွေကို တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်း၊ သန္နီ၊ သီပေါနဲ့ လောက်ကိုင်တွေကိုလည်း ပိတ်ဆို့ထားနိုင်တဲ့အပြင် စစ်စခန်း ၂၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

ဒီစစ်စခန်းတွေထဲမှာ မုံးကိုးမြို့နဲ့ ကွမ်းလုံမြို့တွေထဲက စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းတွေပါဝင်သလို သံချပ်ကာကား၊ တင့်ကားနဲ့ အတွဲလိုက်ပစ်ဒုံးတင်ယာဉ်တွေကိုလည်း သမိုင်းဝင် သိမ်းပိုက်ထားနိုင်ပါတယ်။

စစ်ကောင်စီတပ်ဟာ ‘၁၀၂၇ စစ်ဆင်ရေး’ ကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့နဲ့ လက်လွတ်လိုက်ရတဲ့ မြို့တွေကို ပြန်ထိန်းချုပ်နိုင်ဖို့အတွက် တခြားစစ်ဆင်ရေးနယ်မြေထဲက လူသူလက်နက်အင်အားတွေကို ထုတ်နုတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကို ပို့ဖို့ပြင်ဆင်နေပါတယ်။

ဒါပေမဲ့ ကျောက်မဲမြို့နယ်ထဲမှာပဲ ပိတ်ဆို့တိုက်ခိုက်ခံထားရပြီး ခဲယမ်းနဲ့ စစ်သည်အင်အားတွေကို လိုအပ်တဲ့စစ်မျက်နှာပြင်ထဲပို့ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တစ်ဖက်မှာလည်း နမ့်ခမ်းမြို့နဲ့အနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအပြင် ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ကောင်စီဗျူဟာစခန်းကို ရက်အတန်ကြာတိုက်ခိုက်ခဲ့တဲ့နောက် သမ်းပိုက်ခံခဲ့ရပါတယ်။

လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက) အနီးမှာရှိပြီး မြို့ကို အပေါ်စီးကနေမြင်ရတဲ့ လေးမျက်နှာစေတီစခန်းကုန်းကို ဒီဇင်ဘာလ (၅) ရက်နေ့ကလက်လွတ်ခဲ့ရတဲ့အတွက် တစ်မြို့လုံးကို လက်လွတ်ဆုံးရှုံးမသွားစေဖို့ ရှိသမျှအင်အားနဲ့ ခုခံနေရတဲ့အချိန်လည်းဖြစ်ပါတယ်။

ဒီလို ‘၁၀၂၇ စစ်ဆင်ရေး’ ကို အလူးအလဲခံနေရတဲ့အချိန်မှာ စစ်ကောင်စီတပ်ဟာ စစ်ရေးဖိအားကိုလျှော့ချနိုင်ဖို့ အိမ်နီးချင်းတရုတ်နိုင်ငံကို တောင်းတောင်းပန်ပန်နဲ့ အကူအညီတောင်းခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ MNDAA တပ်တို့ရဲ့ ယာယီအပစ်ရပ်ရေး ဘာလဲ၊ ဘယ်လဲ

================

စစ်ကောင်စီတပ်နဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ ကိုအဓိကဦးဆောင်နေတဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့် (MNDAA) အဖွဲ့ဟာ ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ တရုတ်နိုင်ငံထဲ တွေ့ဆုံခဲ့ကြပြီး သဘောတူညီမှုတချို့ရခဲ့ကြတယ်လို့ သိရပါတယ်။

သဘောတူညီမှုတွေထဲမှာ လောက်ကိုင်ဒေသအတွင်း နှစ်ပတ်တာအပစ်အခတ်ရပ်စဲရေး၊ စစ်သုံ့ပန်းအပြန်အလှန်လဲလှယ်ရေး၊ ပဋိပက္ခဒေသအတွင်း လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး စတာတွေလည်း ပါဝင်တယ်လို့ အဲဒီအဖွဲ့တွေနဲ့ နီးစပ်တဲ့သူတွေက သတင်းဌာနတွေကို ဖြေကြားထားပါတယ်။

စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက တာဝန်ရှိသူတွေနဲ့ MNDAA၊ TNLA နဲ့ AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့အကူအညီနဲ့ နိုင်ငံရေးအရဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုပေါ်မှာမူတည်ပြီး တိုးတက်မှုအခြေအနေပေါ်မူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံဆွေးနွေးသွားဖို့ ရှိကြောင်း ပြောကြားလိုပါတယ်” လို့ စစ်ကောင်စီဝါဒဖြန့် MRTV ချန်နယ်ကို ဖြေကြားခဲ့ပါတယ်။

စစ်ကောင်စီဘက်က မြန်မာ့အရေးအကူအညီပေးဖို့ တရုတ်နိုင်ငံကိုတောင်းဆိုခဲ့တယ်လို့ အိမ်နီးချင်းနိုင်ငံရဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံမှုဟာ စစ်ကောင်စီဥက္ကဋ္ဌက နိုင်ငံရေးအရအဖြေရှာမယ်လို့ ပြောဆိုခဲ့ပြီး တစ်ပတ်အကြာမှာဖြစ်ပေါ်လာတာဖြစ်သလို တရုတ်နိုင်ငံခြားရေးရာဝန်ကြီးဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေးရာဝန်ကြီးဦးသန်းဆွေနဲ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့အပြီးမှာ ထွက်ပေါ်လာတာပါ။

တရုတ်နိုင်ငံကကြားဝင်ဖြေရှင်းပေးစေဖို့ စစ်ကောင်စီဘက်က ဘာတွေလိုက်လျောပေးခဲ့ရသလဲဆိုတာကို အသေးစိတ်မသိရသေးပေမဲ့ ယမန်နေ့က ဆွေးနွေးမှုအပြီး ၁၅ ရက်တာအပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တာဟာ မဟာဗျူဟာအရရော၊ နည်းဗျူဟာအရပါအဘက်ဘက်က ကျရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ‘တိုင်းမ်အောက်’ (timeout) ဒါမှမဟုတ် ခေတ္တအနားယူဖို့ အခွင့်အလမ်းရဖို့ နည်းလမ်းရှာကြိုးစားတာကို ပြသနေပါတယ်။

အပစ်ရပ်တဲ့ကာလအတွင်း စစ်ကောင်စီတပ်ဟာ အရေးပါတဲ့နေရာတွေကို လေကြောင်းနဲ့ ကုန်းကြောင်းကနေ လူသူ၊ လက်နက်ခဲယမ်းတွေကို ဖြည့်တင်းဖို့နဲ့ စစ်ပန်းနေတဲ့ တပ်ဖွဲ့ဝင်တွေကို အနားယူဖို့ အချိန်ရသွားစေနိုင်ပါတယ်။

ဒါ့အပြင် အရှိန်အဟုန်ကောင်းကောင်းနဲ့ တစ်လှိုင်းပြီးတစ်လှိုင်းစစ်ဆင်နေတဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ ကို စစ်ရေးနဲ့ နိုင်ငံရေးနည်းလမ်းအရ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ နည်းဗျူဟာအခင်းအကျင်းအသစ်တွေ ပြင်ဆင်ဖို့လည်း ရည်ရွယ်ပုံရပါတယ်။

စစ်ကောင်စီတပ်ဟာ ခေတ်အဆက်ဆက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သွေးခွဲပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ တဖြေးဖြေးအင်အားချိနှဲ့သွားအောင် ပတ်တိုက်လေ့ရှိပါတယ်။

နိုင်ငံရဲ့အခွန်ဘဏ္ဍာကို လိုသလိုအသုံးပြုပြီး လူသူ၊ လက်နက်နဲ့ နည်းပညာအသာစီးရယူနေတာမို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သွေးခွဲပြီး တစ်ဖွဲ့ချင်းတိုက်တဲ့အခါ စစ်ကောင်စီတပ်ဟာ အမြဲအသာစီးရယူနိုင်ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးဝိုင်းဝန်းတော်လှန်ကြတဲ့အခါ အလဲလဲအကွဲကွဲအထိနာသွားစေခဲ့ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ နှစ်ဖက်သဘောတူညီမှုရယူခဲ့တဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အရင်လိုပဲသွေးခွဲပြီး နွေဦးတော်လှန်ရေးရဲ့ အရှိန်ကို လျော့နည်းသွားစေမလားဆိုတာဟာလည်း စိုးရိမ်စရာတစ်ခုပါ။

ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ‘၁၀၂၇ စစ်ဆင်ရေး’ ကို ဦးဆောင်ပါဝင်နေတဲ့ ညီနောင်မဟာမိတ်အဖွဲ့ထဲက ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ဗျူဟာကုန်းတွေ၊ ထောက်ပို့စခန်းတွေကို ဆက်လက်သိမ်းပိုက်နေပါတယ်။

ကိုးကန့် (MNDAA) တိုက်ပွဲဖော်ဆောင်တဲ့ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတာတွေ လျော့သွားတယ်လို့ ယူဆနိုင်ပေမဲ့ ကျန်တဲ့နေရာတွေမှာတော့ ပြင်းထန်တဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲပါ။

တရုတ်အားကိုးနဲ့ အပစ်ရပ်ထားဖို့ သဘောတူညီမှုရခဲ့ပေမဲ့ နမ့်ဆန်မြို့နဲ့ ၁၀၅ မိုင်ဗျူဟာကုန်းတွေကို လက်လွတ်လိုက်ရတာမို့ စစ်ကောင်စီတပ်အတွက် မှန်းချက်နဲ့နှမ်းထွက်မကိုင်တဲ့ သဘောတူညီမှုလို့ ဆိုရမှာပါ။

နမ့်ဆန်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်တဲ့အချိန် သိမ်းဆည်းရမိတဲ့လက်နက်တွေကိုကြည့်ရင် စစ်ကောင်စီတပ်ဟာ လူသူလက်နက်အင်အားရှိနေပေမဲ့ တိုက်ပွဲဝင်လိုစိတ်မရှိကြတော့ဘူးလို့ သုံးသပ်နိုင်ပါတယ်။

၁၀၅ မိုင်ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့ပြီးဖြစ်တဲ့အတွက် မူဆယ်မြို့ကိုသိမ်းပိုက်ဖို့ လက်တစ်ကမ်းအလိုမှာ ရှိနေတယ်လို့လည်း ဆိုနိုင်ပါတယ်။

စစ်ရေး၊ စီးပွားရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေးအတွက်အရေးပါတဲ့ မူဆယ်မြို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ရင် ‘၁ဝ၂၇ စစ်ဆင်ရေး’ ဟာ မြန်မာနိုင်ငံရဲ့လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ မှတ်တိုင်သစ်တစ်ခုကို ရေးထိုးထားနိုင်မယ့် အနေအထားသစ်တစ်ခုကို ရောက်လာနိုင်မှာပါ။

စစ်ကောင်စီတပ် မန္တလေးတိုင်းကနေ စစ်ကူပို့ဖို့အတွက် အခက်အခဲဖြစ်နေချိန် နမ့်ခမ်းမြို့နဲ့ နမ့်ဆန်မြို့တွေကို သိမ်းထားပြီးဖြစ်တဲ့အတွက် မူဆယ်၊ ကွတ်ခိုင်၊ မန်တုံနဲ့ နမ္မတူမြို့တွေဟာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ဆက်လက်သိမ်းပိုက်နိုင်ချေရှိတဲ့ မြို့နယ်တွေဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ ရှမ်းမြောက်ဒေသမှာ တော်လှန်ရေးအဖွဲ့တွေဟာ လက်သံပြောင်ပြောင်နဲ့ စစ်ကောင်စီစခန်းတွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း ဆုံးရှုံးသွားတဲ့ စစ်ရေးနဲ့ နိုင်ငံရေးသိက္ခာကို အဖတ်ပြန်ဆည်ဖို့ လိုင်ဇာအနီးတဝိုက်ကို စစ်ရေးပစ်မှတ်ထားပြီး တိုက်ခိုက်နေပါတယ်။

ဒီလိုအခြေအနေမျိုးကို စစ်ကောင်စီတပ်က ဘယ်လိုဆက်လက်လုပ်ဆောင်မလဲ၊ တန်ပြန်ထိုးစစ်တွေကို ဆက်ပြီးဖော်ဆောင်နိုင်ဦးမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

သင့်ထင်မြင်ချက်ရေးပေးပါ