အတွေးအမြင် – ကောင်းထက်မြတ်

မြန်မာလူငယ်များကို သေတွင်းပို့မည့် စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ယခုလအတွင်း လူငယ်များအကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပြီး ဝေဖန်မှုများ၊ ကန့်ကွက်မှုများနှင့် စိုးရိမ်မှုများဖုံးလွှမ်းခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဟုပြောဆိုပြီးနောက်ပိုင်း တရားဝင်လက်မှတ်ရေးထိုးကာ ဥပဒေပြဌာန်းလိုက်သည်။

ဤဥပဒေသည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်ဖြင့် ၂၀၁၀ ခုနှစ်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့စစ်ရှုံးခြင်း၊ သေဆုံးခြင်း၊ အစုလိုက်အပြုံလိုက် လက်နက်ချအလင်းဝင်နေမှုများကြောင့် တပ်သားပြုန်းတီးနေချိန်တွင် လွန်ခဲ့သည့် ၁၄ နှစ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သည်။

စစ်မှုထမ်းဥပဒေသည် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် အာဏာဆက်လက်တည်မြဲနိုင်စေရန်အတွက် နောက်ဆုံးကျည်ဆံဟုဆိုနိုင်ပြီး မြန်မာနိုင်ငံတွင် ပဋိပက္ခများပိုမိုပြင်းထန်လာမည့်အရိပ်အယောင်ဖြစ်သည်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာဘာလဲ

=================

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားများသည် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်၊ အမျိုးသမီးများသည် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အထိ စစ်မှုထမ်းရန် သတ်မှတ်ထားသည်။ ပညာရှင်များဖြစ်သော ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုတက်မြောက်သူများဆိုလျှင် အမျိုးသားသည် အသက် ၄၅ အထိ၊ အမျိုးသမီးဆိုလျှင် ၃၅ နှစ်အထိ သတ်မှတ်ထားသည်။

စစ်မှုထမ်းကာလမှာ ၂ နှစ်ဖြစ်ပြီး ပညာရှင်များဆိုလျှင် ၃ နှစ်ဖြစ်သည်။ အရေးပေါ်အခြေအနေဟုသတ်မှတ်လျှင် အများဆုံးစစ်မှုထမ်းကာလကို ၅ နှစ်အထိတိုးမြှင့်မည်ဟုဖော်ပြထားသည်။ ပြစ်မှုပြစ်ဒဏ်အပိုင်းကို ကြည့်လျှင် အနည်းဆုံးထောင်ဒဏ် တစ်နှစ်မှ အများဆုံး ငါးနှစ်ကျခံရမည်ဖြစ်သည်။

ကင်းလွတ်ခွင့်ရသူများမှာ သာသနာ့ဝန်ထမ်များ၊ အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ကွဲသော်လည်း သားသမီးရှိသူများ)၊ ကိုယ်လက်အင်္ဂါ အမြဲတမ်းမသန်စွမ်းသူများ၊ ဆေးတပ်ဖွဲ့မှ ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်သူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ အမိန့်ထုတ်ပြန်ပြီး ကင်းလွတ်ခွင့်ပြုထားသူများ ပါဝင်သည်။

စစ်မှုထမ်းဥပဒေကို ဧပြီလရုံးပိတ်ရက်နောက်ပိုင်း အကောင်အထည်ဖော်မည်ဖြစ်ကာ တစ်နှစ်ကို လူဦးရေ ငါးသောင်းခေါ်ယူသွားမည်ဖြစ်ပြီး လတ်တလော အမျိုးသမီးများကိုခေါ်ယူရန် အစီအစဉ် မရှိသေးကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနများကိုပြောဆိုထားသည်။

 

စစ်ကောင်စီဘာ့ကြောင့် ဒီဥပဒေကိုပြဌာန်းတာလဲ

================

အာဏာသိမ်းပြီးနောက် သမိုင်းတွင်မကြုံစဖူး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက်သေဆုံးခြင်း၊ လက်နက်ချအလင်းဝင်ခြင်း၊ ထွက်ပြေးခြင်းများကြောင့် စစ်ကောင်စီတပ်တွင် တပ်သားပြုန်းတီးနေသည့်အပြင် လူငယ်များ ၎င်းတို့လက်အတွင်းရောက်ရှိလာပါက စစ်စည်းကမ်းဖြင့် လိုသလို ပုံစံသွင်းနိုင်စေရန် စစ်မှုမထမ်းမနေရ ဥပဒေကိုပြဌာန်းလိုက်ခြင်းဖြစ်နိုင်သည်။

ပထမဆုံးအနေဖြင့် စစ်ကောင်စီတပ်တွင် အင်အားပြုန်းတီးနေသောအချက်ကြောင့်ဖြစ်သည်။ စစ်ကောင်စီတပ်နှင့်ပတ်သက်ပြီး လျှို့ဝှက်ချက်အဖြစ်ရှိနေသော အချက်တစ်ခုမှာ အင်အားမည်မျှရှိသည်ဆိုသော အချက်ဖြစ်သည်။

စစ်ကောင်စီတပ်မှလွဲ၍ မည်သူမှ မသိနိုင်သော်လည်း စစ်သည်အင်အား တစ်သိန်းနှင့် လေးသိန်းကြားရှိနိုင်မည်ဟု သတင်းမီဒီယာများတွင် ခန့်မှန်းရေးသားနေကြသည်။

စစ်ရေးပညာရှင်အချို့ကမူ စစ်ကောင်စီတပ်တွင် အင်အားတစ်သိန်းခွဲခန့်သာရှိပြီး ခုနှစ်သောင်းခန့်ကသာ တိုက်ခိုက်ရေးစစ်သားများဖြစ်သည်ဟု သုံးသပ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီတပ်၏ တပ်ရင်းဖွဲ့စည်းပုံအရ စစ်သည် အင်အား ရှစ်ရာကျော်ရှိရမည် ဖြစ်သော်လည်း ပြီးခဲ့သည့်နှစ် ဩဂုတ်လက ပေါက်ကြားလာသော တပ်တွင်းကြေးနန်းအရ စစ်ကောင်စီ၏ (ခမရ – ၁၁၄) တပ်ရင်းတစ်ခုလုံးတွင် စစ်သား ၁၃၂ ဦး သာကျန်ရှိတော့သည်မှာ စစ်ကောင်စီတပ်၏ အင်အားနှင့်ပတ်သက်ပြီး စဉ်းစားစရာဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများ၊ မိုင်းနှင့် သတ်ဖြတ်ခံရမှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ တရိပ်ရိပ် သေဆုံးနေသော်လည်း စစ်ကောင်စီတပ်၏သမိုင်းတွင် အဆိုးဝါးဆုံး အထိနာခဲ့သည်မှာ ညီနောင်မဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင်ဖြစ်သည်။

ခေတ်မှီတပ်မတော်ဟုကြွေးကြော်နေသော စစ်ကောင်စီတပ်သည် ၁၀၂၇ စစ်ဆင်ရေး အချိန်တစ်ခဏအတွင်း တပ်ရင်းလိုက် လက်နက်ချခြင်း၊ ထွက်ပြေးခြင်းအပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ကိုးကန့်တိုက်ပွဲအတွင်း အင်အားတစ်ရာကျော် အစုလိုက်အပြုံ သေဆုံးနေသည့် ရုပ်သံမှတ်တမ်းမှာလည်း အံဩစရာပင်ဖြစ်သည်။

အာဏာသိမ်းသုံးနှစ်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဆိုထားနှင့် ကရင်နီပြည်နယ်တစ်ခုအတွင်း၌ပင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်နီးပါးသေဆုံးခဲ့သကဲ့သို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ဗိုလ်မှူးချုပ်နှင့်ဗိုလ်မှူးအဆင့်ရှိသူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကာ ၁၁ ဦး အရှင်ဖမ်းဆီးခံခဲ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ယာယီရပ်စဲထားသော်လည်း ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်တွင် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

လက်ရှိအချိန်တွင် AA တပ်က မြို့ ၇ မြို့ကို သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေကို ဆက်လက်ဦးတည်လာခြင်းက အင်အားနည်းပါးနေပြီဖြစ်သော စစ်ကောင်စီအတွက် အိပ်မက်ဆိုးတစ်ခုလိုပင်ဖြစ်နေသည်။

ပြီးခဲ့သည့်  ဇန်နဝါရီလက အငြိမ်းစားစစ်မှုထမ်းဟောင်းများကို မူလရာထူး၊ အဆင့်များဖြင့် စစ်ကောင်စီတပ်တွင် အနည်းဆုံး တစ်နှစ်တာဝန်ပြန်လည် ထမ်းဆောင်ရမည့်စနစ် ပြန်လည်စတင်နေပြီဖြစ်သည်။

တပ်ပြေးများကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိသည့် စစ်ကောင်စီတပ်က ခွင့်မဲ့နှင့် စစ်ပြေးများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးကာ တပ်အတွင်း ပြန်လည်လက်ခံမည်ဟု စစ်တပ်သမိုင်း၌မရှိခဲ့သည့် ကြေညာချက်ကြောင့် စစ်ကောင်စီတပ်၏ စစ်သည်အင်အားလိုအပ်ချက်ကို သုံးသပ်နိုင်သည်။

ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်လက်ထက်တွင် ဒီမိုကရေစီအနှစ်သာရအနည်းငယ်ကို သိရှိခဲ့သော ဂျန်ဇီ (Gen-Z) ဟုခေါ်သည့် လူငယ်များသည် နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်ကို ဦးဆောင်တော်လှန်နေသည်မှာ အားလုံးသိရှိပြီးဖြစ်သည်။

စစ်မှုထမ်းချိန်တွင် လူငယ်များ စစ်စည်းကမ်းနှင့်ဝါဒမှိုင်းသွတ်သွင်းခံရပါက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစိတ်ကူးများ ပျောက်ကွယ်သွားနိုင်မည်ဟု စစ်ကောင်စီက ယူဆထားပုံရသည်။ ဝါဒမှိုင်းမိထားသော လူတစ်ဦးသည် အမှန်တရားကို တော်ရုံနှင့်လက်သင့်ခံနိုင်ရန် အတော်ပင်ခက်ခဲသည်။

ဝါဒမှိုင်းနှင့် စနစ်တကျ ပုံစံသွင်းခံထားရသည့် စစ်ကောင်စီထောက်ခံသူများနှင့်စစ်ကောင်စီအသိုင်းအဝိုင်းများက အကောင်းဆုံးသက်သေဖြစ်သည်။ ထိုနည်းလမ်းမှာ ရှေးယခင်က အသုံးဝင်ကောင်းဝင်နိုင်သော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီအပေါ် လူငယ်များ၏အမြင်မှာ လွန်စွာကွဲပြားသွားပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တစ်နိုင်ငံလုံးတွင် ရန်သူများဝိုင်းနေပြီး စစ်ရေးတွင် ကျရှုံးနေသော စစ်ကောင်စီတပ်က တပ်သားလိုအပ်ချက်နှင့် လူသားဒိုင်းကာပြုလုပ်နိုင်ရန်အတွက် လူငယ်လူရွယ်များကို ဦးတည်ပြီး စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ခြင်းသည်သာ ရာခိုင်နှုန်းအများဆုံးဖြစ်နိုင်သည်။

စစ်မှုထမ်းဥပေဒကိုပြဋ္ဌာန်းရခြင်းသည် PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်ဖျက်ရန်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင် အတိအလင်း ပြောဆိုထားပြီးဖြစ်သည်။

 

မြန်မာလူငယ်တွေ ဘယ်လမ်းကို ရွေးနိုင်လဲ

==============

လူငယ်များကိုဦးတည်ကာ သေတွင်းပို့မည့် စစ်မှုထမ်းဥပဒေကြောင့် လူငယ်များသည် နိုင်ငံကိုစွန့်ခွာခြင်း၊ လွတ်မြောက်နယ်မြေများတွင် သွားရောက်ခိုလှုံခြင်း၊ လက်နက်ကိုင်တော်လှန်ရေးတွင်ပါဝင်ခြင်းစသည့်လမ်းကို လူငယ်အများစုက ရွေးချယ်နိုင်ပြီး စစ်ကောင်စီထောက်ခံသူများနှင့် လူနည်းစုသည်သာ စစ်ကောင်စီတပ်တွင် စစ်မှုထမ်းမည့် လမ်းကိုရွေးချယ်လိမ့်မည်ဖြစ်သည်။

စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက် နိုင်ငံကို စွန့်ခွာမည့် လူငယ်များလည်းရှိနေသည်။ အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးခြင်း၊ ဆင်းရဲမွဲတေမှုများကြောင့် တိုင်းတစ်ပါးတွင် သွားရောက်အလုပ်လုပ်ကိုင်သူ များပြားနေသည့်အချိန်တွင် စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံရပ်ခြားသို့ထွက်ခွာရန် ပြင်ဆင်နေသည့် လူငယ်များ ပို၍ပင် များလာသည်။

ရုရှားသမ္မတပူတင်က ယူကရိန်းကျူးကျော်စစ်ပွဲအတွက် အရန်တပ်သား သုံးသိန်းစုဆောင်းမည်ဟု ကြေညာခဲ့ပြီးနောက် နိုင်ငံတွင်းရှိ လူငယ်လူရွယ်များက ရုရှားနိုင်ငံတွင်းမှနည်းလမ်းပေါင်းစုံဖြင့် စွန့်ခွာသွားသည့်ဖြစ်စဉ်နှင့်တူသည်။

လတ်တလော ဖေ့စ်ဘုတ်ဂရု (Facebook Group) များတွင် နိုင်ငံကူးလက်မှတ်၊ ဗီဇာကိစ္မကို မေးမြန်းမှုအများဆုံးဖြစ်နေပြီး အချို့ဆိုလျှင် ပိုင်ဆိုင်မှုများအားလုံးကို ရောင်းချ၍ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင်နေသူများပင်ရှိနေသည်။

ထိုကဲ့သို့အခြေအနေဖြစ်လာမည်ကို ကြိုတင်ရိပ်မိနေသော စစ်ကောင်စီက လေယာဉ်လက်မှတ်ဝယ်ရန်အတွက်ပင် ရပ်/ကျေးထောက်ခံစာများတောင်းခံရန် ညွှန်ကြားစာများထုတ်ခဲ့ကာ ခရီးသွားလာမှုများကို ကန့်သတ်ရန် ပြင်ဆင်နေသည်။

ဒုတိယဖြစ်နိုင်ချေရှိသည့်ရွေးချယ်မှုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏နယ်မြေများ (သို့) လွတ်မြောက်နယ်မြေများတွင် သွားရောက်ခိုလှုံမှုများရှိလာနိုင်သည်။ လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများအပြင် ၎င်းတို့သိမ်းပိုက်ထားသော မြို့ရွာများစွာရှိနေသည်။

AA တပ်ဆိုလျှင် ၎င်းတို့ထိန်းချုပ်နယ်မြေများသို့ မည်သူမဆို လာရောက်စစ်ရှောင်နိုင်ကြောင်း ဖိတ်ခေါ်ထားသကဲ့သို့ အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ၎င်းတို့နယ်မြေတွင် လာရောက်ခိုလှုံနိုင်ကြောင်း ဖိတ်ခေါ်မှုများရှိနေသည်။

တတိယနည်းလမ်းမှာ တော်လှန်ရေးတပ်ဖွဲ့အတွင်း ဝင်ရောက်ခြင်းဖြစ်သည်။ စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းလိုသူများကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များက တပ်သားသစ်အတွက် အပြိုင်အဆိုင်ခေါ်ယူနေကြသည်။

ရန်ကုန်တိုင်းစစ်ဌာနဆိုလျှင် တော်လှန်ရေးတပ်သားသစ်ခေါ်ယူရာတွင် ၂၄ နာရီအတွင်း လျှောက်လွှာပေါင်း နှစ်ထောင်ကျော် လက်ခံရရှိသည်ဟုဆိုသည်။ ထိုအခြေအနေကိုကြည့်ခြင်းအားဖြင့်စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မည့်လမ်းကိုရွေးချယ်မည့် လူငယ်များစွာလည်းရှိနေသည်။

ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှလည်း တပ်သားသစ်နှင့် ဝင်ရောက်ခိုလှုံလိုသူများအတွက် ကြိုတင်ပြင်ဆင်မှုများရှိနေနိုင်သည်။ ချွင်းချက်တစ်ခုအနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကလည်း ရှမ်းပြည်အတွင်း နေထိုင်သောပြည်သူများ နိုင်ငံခြားကို မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ဥစ္စာများကိုသိမ်းဆည်းသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

နောက်ဆုံးအချက်မှာ ငွေပေး၍ဖြေရှင်းမည့်သူများဖြစ်သည်။ အာဏာသိမ်းပြီးနောက် အကျင့်ပျက်ခြစားမှုများ တစ်စတစ်စ ပိုမိုကြီးထွားလာမှုနှင့်အတူ စစ်မှုမထမ်းလိုသောလူငယ်များအနေဖြင့်လည်း လာဘ်ပေးလာဘ်ယူပြုလုပ်ကာ ငွေနှင့်ဖြေရှင်းမည့် အခြေအနေများလည်းရှိလာနိုင်သည်။

စစ်မှုမထမ်းမနေရဥပဒေက အနာဂါတ်တွင် စစ်ကောင်စီဝန်ထမ်းများအတွက် အာဏာပါဝါအသုံးပြုကာ ငွေညစ်၊ ငွေရှာရန်အတွက် အခြေအနေတစ်ရပ် ဖန်တီးပေးလိုက်သကဲ့သို့ပင်ဖြစ်နေသည်။

 

မိမိရွေးချယ်သောလမ်း မှန်ကန်စေလို

=================

အမျိုးသားရေးတက်ကြွလှုပ်ရှားသူဖြစ်သည့် ဝင်းကိုကိုလတ်က ပြည်သူအားလုံးကို စစ်မှုထမ်းခိုင်းခြင်းထက် စစ်တပ်ထောက်ခံသူများကို စစ်မှုထမ်းခိုင်းခြင်းက ပိုပြီးစိတ်ချရပြီး ထိုကဲ့သို့ မစိစစ်ပါက ရန်သူကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ဖြစ်သွားနိုင်ကြောင်း ၎င်းတို့၏ နောက်ကျောမလုံမှုကို ဝန်ခံထားသည်။

ပြည်သူလူထုကို သံသယမျက်လုံးဖြင့် ရန်သူလိုသဘောထားသော စစ်ကောင်စီတပ်က စစ်မှုထမ်းခြင်း (သို့မဟုတ်) ပေါ်တာဆွဲဖမ်းဆီးထားသော လူငယ်များကို သေနတ်ပေးကိုင်မည်လောဆိုသော အချက်မှာဖြစ်နိုင်ချေ အလွန်နည်းပါးသည်။

အဘယ့်ကြောင့်ဆိုသော် စစ်တပ်တစ်ခုတွင် သစ္စာရှိခြင်းနှင့် အချင်းချင်းယုံကြည်မှုက အလွန်အရေးကြီးသည်။ စစ်ကောင်စီအနေဖြင့် ၎င်းတို့ကိုထောက်ခံသူမှလွဲ၍ အခြားမည်သူ့ကိုမှ ယုံကြည်မှုမရှိသောကြောင့် ရိက္ခာထမ်းခိုင်းခြင်း၊ လူသားဒိုင်းကာပြုလုပ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းတို့သာ ခိုင်းစေနိုင်ဖွယ်ရှိနေသည်။

တစ်ဖက်တွင်လည်း စစ်မှုထမ်းခြင်းဥပဒေကြောင့် စစ်ကောင်စီတပ် အင်အားပိုမိုကြီးထွားလာမည်အစား ၎င်းတို့ကို တော်လှန်နေသည့် နိုင်ငံအနှံ့အပြားရှိ တော်လှန်ရေးတပ်ဖွဲ့များ အင်အားပိုမိုတောင့်တင်းလာရန် ပြုလုပ်ပေးနေသကဲ့သို့ ဖြစ်နေသည်။

စစ်ကောင်စီတပ်အနေဖြင့် စစ်မှုထမ်းဥပဒေကို ကြမ်းတမ်းစွာကိုင်တွယ်လာပါက လွတ်မြောက်နယ်မြေများနှင့် တော်လှန်ရေးအဖွဲ့များထံသို့ လူငယ်များ အစုလိုက်အပြုံလိုက်ဝင်ရောက်လာနိုင်သည်။ အဓိကအားဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားသောမြို့ပြများမှ လူငယ်များနှင့် ငွေမလိုက်နိုင်သော အခြေခံလူတန်းစားမိသားစုများမှ လူငယ်များသည် စစ်မှုထမ်းဥပဒေကြောင့် အခက်ကြုံလာနိုင်သည်။

စစ်မှုထမ်းဥပဒေမှ ကင်းလွတ်နိုင်သော အိမ်ထောင်ပြုခြင်း၊ အသက်အရွယ်ကျော်လွန်ခြင်း၊ သာသနာ့ဘောင်အတွင်း ဝင်ရောက်ခြင်းတို့မှာလည်း တပ်သားလိုအပ်ချက် အသည်းအသန်ဖြစ်နေသော စစ်ကောင်စီတပ်အတွက် အကြောင်းပြချက်ကောင်းမဟုတ်ပေ။

ထိုကဲ့သို့ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်ကွင်းသွားနိုင်မည့် အခြေအနေများ ဖြစ်မလာစေရန်နှင့် အသက်အရွယ်မျိုးစုံကို ဖမ်းဆီးစုဆောင်းနိုင်ရန် စစ်မှုထမ်းဥပဒေနှင့်အပြိုင် အရည်အချင်းနှင့် အသက်အကန့်အသတ်မရှိသော ပျူစောထီးအဖွဲ့ကလည်း လက်တကမ်းတွင်ရှိနေသည်။

စစ်ကောင်စီတပ်သည် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးခြင်းအပြင် လတ်တလော တော်လှန်ရေးရဲဘော်နှစ်ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရသည့် မြင်ကွင်းကိုလည်း ပြည်သူလူထု မေ့ပျောက်နိုင်ဦးမည်မဟုတ်ပါ။

ထိုကဲ့သို့ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော အဖွဲ့အစည်းအတွင်းသို့ စစ်အုပ်စုထောက်ခံသူများမှလွဲပြီး ဆင်ခြင်ထုံတရားရှိသော မည်သူကမျှ ရာဇဝင်အရိုင်းခံ၊ အသက်ပေးခံ၍ ဝင်ရောက်မည်နည်း။

အချုပ်အားဖြင့်ဆိုရသော် မည်သည့်ဘက်မှထောက်ခံခြင်းမရှိဘဲ ကြားနေဝါဒကိုင်စွဲသူများသည် ဤတစ်ကြိမ်တွင် လမ်းတစ်လမ်းကို အမြန်ဆုံးရွေးချယ်ရတော့မည်ဖြစ်ပြီး မိမိရွေးချယ်သောလမ်းသည် အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ချိန်တွင် အုတ်တစ်ချပ်သဲတစ်ပွင့်အစား ဆူးငြောင့်ခလုတ်အဖြစ် သမိုင်းတွင်ကဗ္ပည်းရေးထိုးမခံရစေရန် အထူးဂရုပြုသင့်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ