ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ အခုရက်ပိုင်းအတွင်း သတင်းတု၊ သတင်းမှားတွေ ဆက်တိုက်ဆိုသလို ထွက်လာနေပြီး ဒေသခံပြည်သူတွေကို အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။

လူဦးရေ လေးသိန်းနီးပါးရှိတဲ့ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၁၀ ရက်လောက်ကစတင်ပြီး သတင်းတုသတင်းမှားတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေတာပါ။

အဲဒီသတင်းတုသတင်းမှားတွေထဲမှာ ကချင်လွတ်မြောက်ရေးတပ် (KIA) က မြစ်ကြီးနားမြို့ကို ဝင်ရောက်တိုက်ခိုက်တော့မှာဖြစ်တဲ့အတွက် ရပ်ကွက်တချို့က လူတွေရှောင်ရှားကြဖို့ တိုက်တွန်းတဲ့စာတစ်စောင်လည်းပါဝင်ပါတယ်။

KIA က ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ကို ဝင်ရောက်တိုက်ခိုက်တော့မှာဖြစ်တဲ့အတွက် လယ်ကုန်း၊ နန်းကွေ့၊ ကြက်ပေါင်ခြံ၊ ရှမ်းရွာနဲ့ အေးမြသာယာရပ်ကွက်က လူတွေ အမြန်ရှောင်ရှားကြဖို့ ကုလသမ္မဂလုံခြုံရေးဌာန (UNDSS) ကို အကြောင်းကြားထားတယ်လို့ ရေးသားပြီး လူထုကြားထဲနည်းလမ်းအမျိုးမျိုးနဲ့ ဖြန့်ချိခဲ့ပါတယ်။

အဲဒီစာထဲမှာ KIA တပ်ဖွဲ့ဝင်တွေ မြစ်ကြီးနားမြို့ထဲမှာ ရောက်ရှိနေရာယူထားတယ်ဆိုတဲ့ ပြောဆိုမှုလည်း ပါဝင်ပါတယ်။

UNDSS ကို တရားဝင်အကြောင်းကြားတာမျိုးမရှိသလို ဒီစာကို ဘာရည်ရွယ်ချက်နဲ့ဘယ်သူက ရေးသလဲဆိုတာကို မသိရဘူးလို့ KIA အကြီးတန်းအရာရှိတချို့က စာရေးသူကို ပြောပါတယ်။

နောက်ထပ်သတင်းမှားတွေထဲမှာ စစ်ကောင်စီတပ်စခန်းရှိတဲ့ ရပ်ကွက်တချို့ကနေအိမ်က လူတွေကို KIA က အမြန်ဖယ်ရှားခိုင်းနေတယ်ဆိုတဲ့ သတင်းတွေပါဝင်သလို မြစ်ကြီးနားမြို့ပေါ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ကစပြီး မြစ်ကြီးနားလေတပ်စခန်း၊ အမှတ် ၃၀ ရဲတပ်ရင်းနဲ့ တခြားစစ်ကောင်စီစခန်းတွေရှိတဲ့နေရာမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ကျောင်းသားတွေကို စစ်ကောင်စီတပ်က ကျောင်းမှာဝင်ဖမ်းသွားတာ၊ ဘယ်သူ့ကိုတော့ ပစ်သတ်လိုက်ပြီ အစရှိတဲ့ အတည်ပြုဖို့ အင်မတန်ခက်ခဲပြီး ဘယ်သူကစဖြန့်မှန်းမသိတဲ့ သတင်းတွေလည်း ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

ဒီလိုသတင်းတု၊ သတင်းမှားတွေကြောင့် ဒေသခံတချို့ ကလေးတွေကို ကျောင်းမပို့တော့တာ၊ စားသောက်ကုန်တွေ အလုအယက်ဝယ်ယူတာတွေ ဖြစ်နေတဲ့အပြင် တိုက်ပွဲကြီးတွေဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အထိတ်တလန့် နေနေကြရပါတယ်။

မြစ်ကြီးနားမြို့သိမ်းတိုက်ပွဲ နိုဝင်ဘာလမှာ တကယ်ပဲဖြစ်နိုင်သလား

===============

မြစ်ကြီးနားမြို့သိမ်းတိုက်ပွဲ ဒီနှစ်ထဲဖြစ်နိုင်သလားလို့ မေးရင် ဖြစ်နိုင်ချေအလွန်နည်းတယ်လို့ ဆိုရမှာပါ။ ဒီလိုပြောရတာဟာလည်း အကြောင်းအရင်း ၃ ခုရှိပါတယ်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ဟာ ၂၀၁၁ ခုနှစ်ကနေ စစ်ကောင်စီတပ်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်တွေကို ဆယ်စုနှစ်တစ်ခုအကြာ ခုခံတိုက်ခိုက်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့နောက်မှာလည်း သူ့မှာရှိတဲ့ လူသူလက်နက်အင်အားကို နွေဦးတော်လှန်ရေးမှာ အတော်လေး အားစိုက်ထားရတဲ့ တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မ.ပ.ခ) အခြေစိုက်ပြီး မြို့ပတ်ပတ်လည်မှာရှိတဲ့ အထိုင်တပ်တွေ၊ လက်ရုံးတပ်တွေ၊ လက်နက်ကြီးတပ်တွေနဲ့ လေတပ်စခန်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားခြင်း မရှိဘဲ မြစ်ကြီးနားမြို့သိမ်းတိုက်ပွဲဖြစ်လာနိုင်ချေ မရှိဘူးလို့ သုံးသပ်နိုင်ပါတယ်။

နောက်ထပ်အကြောင်းအရင်းတစ်ခုက လိုင်ဇာထိုးစစ်ဖြစ်ပါတယ်။ KIO/KIA ရဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ၂၀၂၃ ခုနှစ် ဇွန်လကုန်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ လိုင်ဇာအနီးတဝိုက်မှာရှိတဲ့ ရှေ့တန်းစခန်းတချို့နဲ့ မဟာဗျူဟာကျတဲ့ စခန်းအနည်းငယ်ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ၂၀၁၁ ခုနှစ်ကနေဖြစ်ပွားခဲ့တဲ့ တကျော့ပြန်စစ်ပွဲမှာ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ခယာတောင်စခန်း၊ အင်တတ်ဘွမ်စခန်း၊ ကဂမ်ဘွမ်စခန်း၊ လဂျားယန်စခန်းနဲ့ ဂိဒေါန်စခန်းတို့လို အရေးပါတဲ့ စခန်းတွေအများကြီးကို ပြန်သိမ်းနိုင်တာမျိုး မတွေ့ရသေးပါဘူး။

ဒီစခန်းတွေကို အရင်မသိမ်းဘဲ မြစ်ကြီးနားမြို့မှာ ကြီးမားတဲ့တိုက်ပွဲဖော်ဆောင်နိုင်ချေနည်းတယ်လို့ ဆိုနိုင်ပါတယ်။

နောက်ဆုံးအကြောင်းအရင်းတစ်ခုက စစ်ကောင်စီတပ်ရဲ့ စရိုက်ဖြစ်ပါတယ်။ စာရေးသူလိုင်ဇာမှာ ရှိခဲ့စဉ်က မ.ပ.ခ အနီးတဝိုက်ကို KIA က ပစ်ခတ်တိုက်ခိုက်တာမျိုးနဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ တပ်ရင်းအထိုင်စခန်းကို သွားရောက်တိုက်ခိုက်တဲ့အခါမျိုးမှာ စစ်ကောင်စီတပ်က လူဦးရေထူထပ်တဲ့ KIA ထိန်းချုပ်နယ်မြေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိသလို လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်လေ့ရှိပါတယ်။

ဒါက စစ်ကောင်စီတပ်က အမြဲအသုံးပြုတတ်တဲ့ ဖော်မြူလာလို့ ဆိုနိုင်ပါတယ်။

အပေါ်မှာပြောခဲ့သလိုပဲ လိုင်ဇာအနီးတဝိုက်က မဟာဗြူဟာအရ အရေးပါတဲ့စခန်းကုန်းတွေကို အရင်ရအောင် မတိုက်ဘဲ ဒါမှမဟုတ် မ.ပ.ခ အနီးတဝိုက်က လေတပ်စခန်းနဲ့ တပ်ရင်းတပ်ဖွဲ့တွေကို မချေမှုန်းနိုင်ဘဲ မြစ်ကြီးနားမြို့ပေါ်မှာ ကြီးမားတဲ့ ထိုးစစ်ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုရမှာပါ။

ဒါဆိုမြစ်ကြီးနားမှာ တိုက်ပွဲမဖြစ်နိုင်ဘူးလားလို့မေးရင် ကန့်သတ်တိုက်ပွဲတွေ၊ ရှောင်တခင် တိုက်ခိုက်မှုတွေနဲ့ ပစ်မှတ်အပျော့တွေကို တိုက်ခိုက်တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့လယ်မှာရှိတဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) စခန်းတွေကို အလစ်ငိုက်ဝင်တိုက်တာမျိုး၊ ပ.လ.န ရဲစခန်းကို ဝင်ပစ်တာမျိုးနဲ့ မ.ပ.ခနားက ဂိတ်ကို ဝင်ပစ်တာမျိုးတွေအပြင် နမ့်ပေါင်လေတပ်စခန်းကို ရှော့ခ်တိုက်ဒုံးနဲ့ပစ်တာမျိုးတွေဖြစ်ခဲ့ဖူးတာမို့ ဒီလိုမျိုးဖြစ်စဉ်တွေ ထပ်မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။

ဒီထက်ပိုမိုကြီးမားပြင်းထန်တဲ့ တိုက်ပွဲတွေ လတ်တလောမှာ ဖြစ်နိုင်ချေမရှိဘူးလို့ သုံးသပ်ပါတယ်။

သတင်းတုသတင်းမှားတွေရဲ့နောက်ကွယ်

===============

ကမ္ဘာတဝန်းက စစ်အာဏာရှင်တွေဟာ အကြောင်းအမျိုးမျိုးနဲ့ သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်ကောင်စီတပ်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ စစ်ရေးအရအထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားဒေသခံတွေကို စိုးရိမ်ထိတ်လန့်စေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းမှားဖြန့်နေတယ်လို့ ဆိုရမှာပါ။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရင်ကတည်းက ဆိုးဆိုးဝါးဝါးကျူးလွန်တတ်တဲ့ စစ်ကောင်စီတပ်ဟာ လူထုက စိုးရိမ်ထိတ်လန့်နေမှသာ သူလိုရာကိုဆွဲပြီး သူသာလျင် ကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့ ခံစားချက်ဖြစ်အောင် လုပ်တတ်ကြတယ်ဆိုတာကို သတိမမေ့သင့်ပါဘူး။

စိုးရိမ်ထိတ်လန့်နေတဲ့ လူထုကို ထိန်းချုပ်ရပိုလွယ်ပြီး စစ်ကောင်စီတပ်အနေနဲ့ “စစ်ရေးလိုအပ်ချက်” ဆိုတဲ့ခေါင်းစဉ်အောက်မှာ မထင်ရင်မထင်သလို ဖမ်းဆီးတာ၊ နှိပ်စက်သတ်ဖြတ်တာတွေကို လုပ်ဆောင်လာနိုင်ပါတယ်။

“မလုပ်ရဲတာ ဘာမှမရှိဘူး” လို့ ကြွေးကြော်ထားပြီးဖြစ်တဲ့အတွက် စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ သူ့ရဲ့အာဏာမလျော့သွားဖို့၊ ထိန်းချုပ်နယ်မြေမလျော့သွားဖို့နဲ့ စစ်စခန်းတွေ နောက်ထပ်လက်မလွတ်လိုက်ရဖို့ ဘာမဆိုလုပ်နိုင်တယ်ဆိုတာကို သတိချပ်သင့်ပါတယ်။

သတင်းတုသတင်းမှားတွေကို စီးပွားရေးသမားတွေကလည်း လုပ်ကြံဖန်တီးတတ်ကြပါတယ်။

တိုက်ပွဲကြီးတွေဖြစ်လာမယ်လို့ စိုးရိမ်နေတဲ့လူထုဟာ လိုအပ်တဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို စုဆောင်းဝယ်ယူတတ်ကြတဲ့အတွက် အမြတ်ကြီးစားလိုချင်တဲ့ မသမာတဲ့စီးပွားရေးသမားတွေဟာလည်း သတင်းတုသတင်းမှားတွေဖြန့်တတ်ကြတယ်ဆိုတာကို သတိပြုသင့်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ စက်သုံးဆီနဲ့ပတ်သက်တဲ့ သတင်းတု သတင်းမှားတွေ ပျံ့နှံ့ခဲ့တဲ့အတွက် အစုလိုက်အပြုံလိုက် ဆီဆိုင်တွေမှာ တန်းစီဝယ်ယူခဲ့ကြတဲ့ဖြစ်စဉ်တွေရှိခဲ့ဖူးပါတယ်။

သတိပြုသင့်တဲ့အချက်တချို့

===============

လက်နက်ကိုင်ပဋိပက္ခတွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တခြားနေရာအနှံ့မှာ နေ့စဉ်ဆိုသလို ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပါ။

ဒီလိုအခြေအနေမျိုးမှာ ဘယ်နေရာ ဘယ်ဒေသမှာ ဘာတွေဖြစ်နေသလဲဆိုတာကို အများပြည်သူအနေနဲ့ အချိန်နဲ့တပြေးညီ သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။

ထူးခြားတဲ့သတင်းတွေကြားမိတာရှိရင် ခိုင်ခိုင်မာမာရပ်တည်နေတဲ့ သတင်းဌာနတွေက ရေးသားတာကိုသာ အဓိကစောင့်ကြည့်ဖတ်ရှုသင့်သလို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဘယ်သူမှန်းမသိရေးထားတာကို အမှန်ထင်တာ၊ လူအများမြင်အောင် ထပ်ဆင့်မျှဝေတာမျိုးတွေကို ရှောင်ရှားသင့်ပါတယ်။

တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ဒေသတွေထဲမှာ ကချင်ပြည်နယ်ဟာလည်း တစ်ခုအပါအဝင်ဖြစ်သလို စစ်ရေးစစ်ရာဟာ ရန်သူသတိမပြုမိခင် အလစ်အငိုက် (element of surprise ကိုသုံးပြီး) တိုက်ခိုက်တာမျိုးတွေရှိနိုင်တဲ့အတွက် စစ်ကောင်စီတပ်စခန်းတွေနဲ့ ရုံးတွေကို မလိုအပ်ဘဲ သွားတာမျိုးကို ရှောင်ရှားကြဖို့ လိုပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြစ်တဲ့ကာလဖြစ်တဲ့အတွက် မလိုအပ်ဘဲ ပွဲလမ်းသဘင်ကျင်းပတာ၊ ညရေးညတာမှာ နိုက်ကလပ်တွေ၊ KTV တွေမှာ သွားရောက်ပျော်ပါးတာတွေနဲ့ သောက်စားမူးယစ်ပြီး သွားလာတာတွေကို သတိပြုရှောင်ရှားသင့်ကြောင်းပါ။

ဆောင်းပါးရှင် – Bungshi

သင့်ထင်မြင်ချက်ရေးပေးပါ