ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ရဲ့ ဌာချုပ်တည်ရှိရာ လိုင်ဇာမြို့ရဲ့အနီးတဝိုက်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဟာ ငါးလထဲကို ရောက်နေပြီဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လကနေ လိုင်ဇာမြို့နားက နမ်ဆန်ယန်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး စစ်မြူခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင်လဆန်းမှာတော့ အင်အားအလုံးအရင်းနဲ့ စတင်ထိုးစစ်ဆင်ခဲ့တာပါ။
တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ လိုင်ဇာမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တယ်လို့ ပြောရတာက စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံတပ်တွေအပါအဝင် တပ်မ ၈၈၊ စကခ ၂၁နဲ့ စကခ ၃ က အင်အား ၂၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတဲ့အတွက်ဖြစ်ပါတယ်။
ကြည်းကြောင်းကနေ စစ်ဆင်ရေးဆင်နွဲနေတာအခြေမလှတဲ့အခါ လက်နက်ကြီးပစ်ကူအပြင် လေကြောင်းပစ်ကူတွေကိုလည်း ခပ်စိတ်စိတ်ရယူပြီး လိုင်ဇာကိုထိုးစစ်ဆင်နွဲတယ်လို့ ဆိုနိုင်ပါတယ်။
ဌာနချုပ်လိုင်ဇာကို ကာကွယ်ဖို့အတွက် ကချင်လွတ်မြောက်ရေးတပ် (KIA) ဘက်ကလည်း တပ်မဟာ (၅)၊ တပ်မဟာ (၃)၊ လှုပ်ရှားတပ်မဟာ (ရွှေ့လျားတပ်မဟာ) (၁)၊ လှုပ်ရှားတပ်မဟာ (ရွှေ့လျားတပ်မဟာ) (၂)နဲ့ ဌာနချုပ်လုံခြုံရေးတပ်တွေအပါအဝင် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ကောင်စီတပ်ကို ခုခံစစ်ဆင်နွဲနေတာပါ။
အင်အားအလုံးအရင်းအသုံးပြုထားတဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံနေတဲ့ KIA ဟာ ၂၀၂၀ မတိုင်ခင်ကာလတွေတုန်းကလို မိမိရဲ့စခန်းတွေမှာပဲ အထိုင်ချခုခံနေတာမျိုးတော့မဟုတ်ပါဘူး။
KIA ရဲ့ခံစစ်မှာ ကချင်ပြည်နယ်ရဲ့ အခြားဒေသတွေမှာရှိပြီး အင်အားနည်းတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စခန်းသိမ်းတိုက်ပွဲဆင်နွဲရင်း တန်ပြန်ထိုးစစ်ပါဝင်တဲ့ ခံစစ်ရှင်စနစ်ကို အသုံးပြုနေတာပါ။
စစ်ကောင်စီတပ်စခန်းတွေကို KIA က စီးနင်းတိုက်ခိုက်တာတွေ အများအပြားရှိခဲ့ပြီး အောက်တိုဘာလ တတိယအပတ်ထဲမှာကိုပဲ ရွှေကူမြို့နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ မူဆယ်မြို့နယ်ထဲက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က KIA ကို ဘာကြောင့်တိုက်သလဲ။
======================
စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ရဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာကို ထိုးစစ်ဆင်တာဟာ နွေဦးတော်လှန်ရေးရဲ့ ရေသောက်မြစ်ကိုဖြတ်ဖို့ ကြိုးစားတာလို့ ဆိုနိုင်ပါတယ်။
KIO/KIA ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီတပ်ကအာဏာသိမ်းကတည်းက နိုင်ငံတဝှမ်းထွက်ပေါ်လာတဲ့တော်လှန်ရေးအဖွဲ့တွေကို စစ်သင်တန်း၊ ငွေကြေး၊ လက်နက်ခဲယမ်းနဲ့ နည်းပညာအကူအညီပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ တစ်ခုအပါအဝင်ပါ။
ဒီလိုပံ့ပိုးကူညီမှုတွေအပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေအသုံးပြုတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်နည်းဗျူဟာတွေဟာ KIA ဆီကလာတယ်လို့ စစ်ကောင်စီက ယူဆပါတယ်။
စစ်ကိုင်းနဲ့မကွေးမှာမိတဲ့ လက်နက်တွေဟာ KIA ကိုယ်ပိုင်ထုတ်လုပ်တဲ့ လက်နက်တွေ ပါဝင်သလို ဝပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP/UWSA) ထုတ်လက်နက်တွေလည်း ပါဝင်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေသုံးတဲ့ တရုတ်နည်းပညာသုံး Type 81 ချေမှုန်းရေးရိုင်ဖယ်တွေဟာ UWSA နဲ့ KIA ထုတ်လက်နက်တွေ အများစုဖြစ်ကြပြီး ဒီလက်နက်တွေဟာ နိုင်ငံတဝှမ်းကစစ်ကောင်စီတပ်ကို တိုက်နေတဲ့ စစ်မြေပြင်တွေမှာ နေရာယူထားကြတာပါ။
အခုရက်ပိုင်းအတွင်း ကရင်နီပြည်နယ်ကိုပို့မယ့် လက်နက်တွေဟာလည်း ဝပြည်ကနေလာတယ်လို့ယူဆနိုင်ပေမဲ့ စစ်ကောင်စီကတော့ နာမည်တောင်မတပ်ဘဲ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) ကနေလာတယ်ဆိုတာမျိုးပဲ ပြောခဲ့ပါတယ်။
လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအခြေအနေမှာ စစ်ကောင်စီတပ်နဲ့ အပစ်ရပ်ထားပြီး မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဝတပ် UWSA ကို စစ်ရေးအရပစ်မှတ်ထားရင် စစ်ဘောင်ပိုကျယ်လာနိုင်တဲ့အတွက် နိုင်ငံရေးဩဇာကြီးမားတဲ့ KIO/KIA ကို အမြစ်ဖြတ်ဖို့ ကြိုးစားတာလို့ ဆိုနိုင်ပါတယ်။
KIO/KIA ဌာနချုပ်ကို တိုက်နိုင်ရင် နွေဦးတော်လှန်ရေးကို ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်စက်ရုံတွေကိုသိမ်းပြီးသားဖြစ်မယ်လို့ စစ်ကောင်စီက တွက်ဆထားပုံရပါတယ်။
ဒီထက်ပိုအရေးကြီးတာက KIO/KIA ရဲ့ နိုင်ငံရေးဩဇာကို ဖျက်ပြီးသားဖြစ်မယ့်အပြင် သူပြိုလှဲသွားရင် နွေဦးတော်လှန်ရေးရဲ့ ဥသျှောင်ဖြစ်တဲ့ CRPH နဲ့ NUG ဟာလည်း အင်အားချိနဲ့သွားပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေဟာလည်း ဒိုမီနိုသက်ရောက်မှုမျိုးနဲ့ ပြိုလဲသွားမယ်လို့ ယူဆထားပုံရပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နွဲနေတဲ့အချိန်မှာပဲ မမျှော်လင့်ဘဲ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေဦးစီးတဲ့ “၁၀၂၇ စစ်ဆင်ရေး” ပေါ်ထွက်လာပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” ရဲ့ ထူးခြားချက်များ
======================
“၁၀၂၇ စစ်ဆင်ရေး” ဟာ တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၀၀၀ နဲ့ ၃၀၀၀၀ ကြားရှိနိုင်တဲ့ အင်အားနဲ့ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နွဲနေတာဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးရဲ့ ပထမဆုံးထူးခြားချက်က ချိတ်ဆက်ညှိနှိုင်းမှုအားကောင်းကောင်းနဲ့ တစ်ချိန်တည်းမှာ အင်တိုက်အားတိုက် စစ်ဆင်ရေးဖော်ဆောင်နိုင်တာဖြစ်ပြီး ရလာဒ်အနေနဲ့ မြို့ငယ်လေးတွေကို တိုက်ခိုက်ထိန်းချုပ်လိုက်နိုင်တာဖြစ်ပါတယ်။
စစ်ဆင်ရေးစတင်ပြီး နှစ်ပတ်အတွင်းမှာပဲ ဖောင်းဆိုင်၊ မုံကိုး၊ သန္နီ၊ ချင်းရွှေဟော်နဲ့ ကွမ်းလုံမြို့တွေကို ထိန်းချုပ် ဒါမှမဟုတ် သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်ရဲ့ စခန်းပေါင်း ၁၈၀ ကျော်ကို တစ်လအတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်တာပါ။
သိမ်းထားတဲ့ စခန်းကုန်းတွေနဲ့ မြို့ငယ်တွေကို ဘယ်လောက်ကြာတဲ့အထိ ဆက်လက်ထိန်းထားနိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပေမဲ့ “၁ဝ၂၇ စစ်ဆင်ရေး” ရဲ့ လက်ရှိ အခြေအနေဟာ ဗမာကွန်မြူနစ်ပါတီဦးဆောင်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေပြီးခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ ထူးခြားတဲ့အောင်မြင်မှုလို့ ဆိုရမှာပါ။
“၁ဝ၂၇ စစ်ဆင်ရေး” ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုက စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ မဟာမိတ်တပ်တွေဖြစ်ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရလက်အောက်မှာ မရှိတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA)၊ ဗမာအမျိုးသားတော်လှန်ရေးတပ် (BNRA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အပြင် မိမိဒေသကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်တဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) လို အဖွဲ့တွေနဲ့ လက်ရှိအမည်မဖော်သေးတဲ့ ပါဝင်နေတာပါ။
ဒီလိုအခြေအနေရှိနေပေမဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ MNDAA နဲ့ TNLA ဟာ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေကို ရရှိသွားတဲ့အခါ “၁၀၂၇ စစ်ဆင်ရေး” ဟာ အတိုင်းအတာတစ်ခုအထိ ရပ်သွားနိုင်ပါတယ်။
MNDAA အတွက် လောက်ကိုင်မြို့ကို ပြန်ရသွားတဲ့အခါနဲ့ TNLA အနေနဲ့ တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်ဝှမ်းဒေသကိုထိန်းချုပ်ပြီး ဌာနချုပ်အသစ်တစ်ခုတည်ထောင်ဖို့ လုံလောက်တဲ့ စစ်ရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုရသွားတဲ့အခါ “၁၀၂၇ စစ်ဆင်ရေး” ဟာ အတိုင်းအတာတစ်ခုအထိ ရပ်သွားနိုင်တယ်လို့ ဆိုလိုချင်တာပါ။
ဒါဟာလည်း တရုတ်နိုင်ငံရဲ့မူဝါဒနဲ့ ခွင့်ပြုချက်ကြောင့်လို့ သုံးသပ်ပါတယ်။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ တရုတ်နိုင်ငံရဲ့ မြန်မာ့ရေးရာမူဝါဒ
======================
ဇူလိုင်လကစတဲ့ စစ်ကောင်စီတပ်ရဲ့လိုင်ဇာထိုးစစ်နဲ့ပတ်သက်ပြီး အိမ်နီးချင်းတရုတ်နိုင်ငံဆီက ဘာသံမှမထွက်တာဟာ ထူးဆန်းနေသလို သူကိုယ်တိုင် KIA ကိုတိုက်ဖို့ ခွင့်ပြုထားသလားဆိုတာ မေးခွန်းထုတ်စရာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံဟာသူ့ရဲ့နယ်စပ်ဒေသမှာ လက်နက်ကိုင်ပဋိပက္ခမဖြစ်ဖို့နဲ့ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးကိုဆောင်ရွက်ဖို့ဆိုတဲ့ ရပ်တည်ချက်ကိုကိုင်စွဲထားပါတယ်။
ဒါ့အပြင် တရုတ်ပြည်နယ်စပ်မှာအခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးပြီး နယ်စပ်ဒေသနဲ့ တရုတ်နိုင်ငံရဲ့စီမံကိန်းဧရိယာတွေမှာ တိုက်ပွဲမဖြစ်ဖို့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ဖိအားပေးတတ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှာလည်း တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ ရခိုင့်တပ်တော် (AA) နဲ့ ကိုးကန့် (MNDAA) အဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ပထမရက်အပြီးမှာပဲ ဆွေးနွေးပွဲပျက်သွားခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံရဲ့တိုက်တွန်းမှုနဲ့ နိုင်ငံတကာစီမံကိန်းနယ်မြေတွေကို နှောင့်ယှက်ဖျက်ဆီးတာ၊ အခွန်ကောက်ခံတာတွေကိုပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုတာတွေပါဝင်တဲ့ ကြေညာချက်တစ်စောင်ကို ဒီနှစ်ဇူလိုင်လဆန်းပိုင်းမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအပေါ် တရုတ်ရဲ့ လွမ်းမိုးမှုကို ပြသနေတာပါ။
တရုတ်ပြည်နယ်စပ်ဒေသဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် မဖြစ်ပွားခဲ့တာဟာ ၂၀၂၁ ခုနှစ် ဇွန်လကတည်းကလို့ပြောရင်လည်း မမှားပါဘူး။
ဒီဒေသမှာ ထိတွေ့တိုက်ပွဲတွေအနည်းငယ်ဖြစ်ပွားခဲ့ပေမယ့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေက ထိန်းထိန်းသိမ်းသိမ်းနေခဲ့တဲ့အတွက် သေနတ်သံတွေငြိမ်နေရာကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ စစ်ကောင်စီတပ်ရဲ့ ကြီးမားတဲ့ထိုးစစ်ကြောင့် တိုက်ပွဲတွေပြင်းပြင်းထန်ထန် ပြန်ဖြစ်လာတာပါ။
စစ်ကောင်စီတပ်ရဲ့ လိုင်ဇာထိုးစစ်ကြောင့် ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတာဟာ တရုတ်ပြည်နယ်စပ်နဲ့ငါးမိုင်ပတ်ဝန်းကျင်အတွင်းမှာဖြစ်သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ တရုတ်နိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်တာတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေဟာ လိုင်ဇာအနီးတဝိုက်အထိကို ကျော်လွန်ပျံသန်းနေတာဟာလည်း အရင်က မတွေ့ရဖူးတဲ့ ထူးခြားချက်တစ်ခုပါ။
အထူးခြားဆုံးကတော့ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်ကိုယ်တိုင်ဦးဆောင်ကျင်းပတဲ့ တတိယအကြိမ် ရပ်ဝန်းနဲ့လမ်းအစီအစဉ် (BRI) ညီလာခံကို အောက်တိုဘာလ ၁၇ နဲ့ ၁၈ ရက်တွေမှာ နှစ်ရက်တာကျင်းပခဲ့ပေမဲ့ ကချင်ဒေသက စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေ ရပ်မသွားတာကို တွေ့ရပါတယ်။
၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကာလတွေမှာ ကချင်ဒေသမှာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတစ်ခုလုံးတိုက်ပွဲသံတွေ တိတ်နေတာနဲ့ယှဉ်ရင် တတိယအကြိမ် ရပ်ဝန်းနဲ့လမ်းအစီအစဉ် (BRI) ညီလာခံ ကျင်းပနေတဲ့ကာလတွေမှာ တရုတ်နိုင်ငံနယ်စပ်မျဉ်းနဲ့ ငါးမိုင်ပတ်ဝန်းကျင်အတွင်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာဟာ ထူးခြားတယ်လို့ ဆိုရမှာပါ။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မီးစတစ်ဖက် ရေမှုတ်တစ်ဖက်မူဝါဒကို အမြဲကျင့်သုံးလေ့ရှိပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် သူအဆင်ပြေတဲ့သူကို မုန့်ကျွေးပြီး သူအဆင်မပြေတဲ့သူကို တုတ်ကျွေးတဲ့ မူဝါဒပါ။
ဒီမူဝါဒကိုကိုင်စွဲထားတဲ့အတွက် သူနဲ့အဆင်မပြေတဲ့ ဘယ်အစုအဖွဲ့ကိုမဆို သူ့စကားနားထောင်လာအောင် အနုနည်းနဲ့သော်လည်းကောင်း၊ အကြမ်းနည်းနဲ့သော်လည်းကောင်း လုပ်လေ့ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ထဲ တရုတ်နိုင်ငံက အရေးပါတဲ့နေရာမှာ မရှိတော့ဘူးလို့ ယူဆတဲ့အခါ အတိုင်းအတာတစ်ခုအထိ ချိနှဲ့သွားတဲ့ တရုတ်-မြန်မာနယ်စပ်ဒေသမှာရှိပြီး သူ၏ဩဇာလွမ်းမိုးမှုခံယူတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့မှုတွေပေးပြီး သူ့ရဲ့ဩဇာကိုထိန်းသိမ်းဖို့ ကြိုးပမ်းတာ ဒါမှမဟုတ် မြန်မာ့အရေးမှာ သူမပါရင် မပြီးကြောင်း ပြသတာမျိုး လုပ်လေ့ရှိပါတယ်။
ဥပမာ ပေးရရင်တော့ ၂၀၁၁ ခုနှစ်နောက်ပိုင်း တကျော့ပြန်ဖြစ်ပွားတဲ့ ကချင်ဒေသစစ်ပွဲနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေဖြစ်လာပေမဲ့ အနောက်နိုင်ငံတွေနဲ့ ကုလသမ္မဂကိုယ်စားလှယ်တွေရဲ့ လွှမ်းမိုးမှုပိုလာပြီး တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍနည်းပါးသွားတဲ့အခါ ၂၀၁၅ ခုနှစ်မှာ MNDAA တပ်ဟာ ရုတ်တရက်ကြီးမားတဲ့အင်အားနဲ့ လောက်ကိုင်ကို ထိုးစစ်ဆင်ခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံအတွက်မဟာဗျူဟာအရ အရေးပါတာဖြစ်တဲ့အတွက် မြန်မာ့အရေးမှာ အနောက်နိုင်ငံလွှမ်းမိုးသွားမှာကို မလိုလားသလို သူသာလျင် ဇာတ်လိုက်ဖြစ်နေတဲ့အခြေအနေကိုလည်း ပေါက်ဖော်ကြီးက ထိန်းထားချင်တာပါ။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဟာ တရုတ်နိုင်ငံရဲ့စီမံကိန်းတစ်ခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ပြည်သူနဲ့အတူရပ်တည်ပြီး ကန့်ကွက်ခဲ့တာ၊ ၂၀၁၃ ခုနှစ်ကနေစခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အနောက်နိုင်ငံတွေပါလာအောင် လုပ်ဆောင်ခဲ့တာတွေအပြင် KIO ရဲ့ ထိပ်တန်းခေါင်းဆောင်တွေဟာ အမေရိကန်ပြည်ထောင်စုအစိုးရရဲ့ တရားဝင်ဖိတ်ကြားမှုနဲ့ ၂၀၁၆ ခုနှစ်မှာ အမေရိကန်နိုင်ငံကိုသွားရောက်ခဲ့တာတွေကြောင့် တရုတ်အစိုးရရဲ့ မယုံကြည်မှုနဲ့ ငြိုညင်မှုကို ခံခဲ့ရတဲ့အဖွဲ့အစည်းလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။
ဒီလိုအခြေအနေမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဟာ အနောက်နိုင်ငံနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကို ထောက်ခံတယ် ဒါမှမဟုတ် ကျောထောက်နောက်ခံပြုထားတယ်ဆိုတဲ့ ယူဆချက်နဲ့ KIO ကို တိုက်ခိုက်ဖို့ စစ်ကောင်စီတပ်ကို တရုတ်နိုင်ငံက မီးစိမ်းပြထားတယ်လို့ သုံးသပ်နိုင်ပါတယ်။
KIO ပြိုရင် နွေဦးတော်လှန်ရေးအင်အားချိနှဲ့မယ်။ နွေဦးတော်လှန်ရေးအင်အားချိနှဲ့သွားရင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ လွမ်းမိုးမှုကိုလျှော့ချနိုင်မယ့်အပြင် တရုတ်နိုင်ငံရဲ့ဩဇာကိုထိန်းထားပြီး သူ့အတွက်အရေးပါတဲ့ စီမံကိန်းတွေကို အမြန်အကောင်အထည်ဖော်ဖို့ ရည်မှန်းပုံရပါတယ်။
တရုတ်-မြန်မာကုန်သွယ်ရေးအတွက် အရေးပါတဲ့စခန်းတွေ၊ ရပ်ဝန်းနဲ့လမ်းအစီအစဉ် (BRI) စီမံကိန်းရှိတဲ့နေရာတွေမှာ “၁၀၂၇ စစ်ဆင်ရေး” ဆိုပြီး တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာလည်း တရုတ်နိုင်ငံရဲ့ ခွင့်ပြုချက်မရရင် လုပ်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။
အပေါ်မှာ ပြောခဲ့သလို တရုတ်နိုင်ငံရဲ့ စီမံကိန်းဧရိယာတွေမှာ တိုက်ပွဲမဖြစ်ဖို့ အခွန်မကောက်ဖို့ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ရတဲ့ ညီနောင်မဟာမိတ်အဖွဲ့ဟာ အဲဒီနယ်မြေမှာပဲ မြို့သိမ်းတိုက်ပွဲကြီးတွေဖော်ဆောင်လာတာဟာ တရုတ်နိုင်ငံက တစ်နည်းတစ်ဖုံ ခွင့်မပြုဘဲ လုပ်တာမျိုးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
ဒီစစ်ဆင်ရေးကိုဦးဆောင်တဲ့ MNDAA ဟာ ၂၀၁၅ ခုနှစ်မှာ ရုတ်တရက်အင်အားကြီးလာပြီး လောက်ကိုင်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကို မေ့ထားလို့မရပါဘူး။
တရုတ်နိုင်ငံဟာ သူ့စကားနားမထောင်တဲ့အုပ်စုကို တုတ်ကျွေးတဲ့အနေနဲ့ လိုင်ဇာကို စစ်ကောင်စီက တိုက်ခိုက်ဖို့ခွင့်ပြုခဲ့ပြီး သူနဲ့အဆင်ပြေတဲ့အုပ်စုကို မုန့်ကျွေးတဲ့အနေနဲ့ ရှမ်းမြောက်မှာ ဖော်ဆောင်နေတဲ့ “၁၀၂၇ စစ်ဆင်ရေး” ကို ခွင့်ပြုတာ ဒါမှမဟုတ် မီးစိမ်းပြထားတာလို့ သုံးသပ်နိုင်ပါတယ်။
ဒါကြောင့်လည်း သူ့နိုင်ငံထဲ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာ၊ နှစ်နိုင်ငံနယ်စပ်အနီး ကြီးမားတဲ့ တိုက်ပွဲတွေဖြစ်ပွားတာတွေအပြင် လူအမြောက်အများသေဆုံးခဲ့ရတဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့ တရုတ်နိုင်ငံဟာ စစ်ကောင်စီတပ်ကို ဝေဖန်ရှုံ့ချတာတွေ မရှိတဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ပြင်းပြင်းထန်ထန်သတိပေးတာ ကန့်ကွက်တာတွေ မရှိခဲ့တာလို့ ဆိုရမှာပါ။