မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရပြီးနောက် ယမန်နေ့ ညနေ ၃ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ဘာသာရေးဆရာအပါအဝင် ပြည်သူအများအပြားကို လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဆားမှော်ကျေးရွာ၊ ရပ်ကွက် (၅) ရှိ ICM (လွတ်လပ်သောတိုင်းရင်းခရစ်ယာန်) ဘုရားကျောင်းတွင် သတိုးသမီးအပ်နှင်းပွဲအတွက် ပြင်ဆင်နေသူများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘုရားကျောင်းဝင်းထဲမှာ အလုပ်လုပ်နေတဲသူတွေအကုန်လုံးကို ဖမ်းထားတာ မနေ့ညတစ်ညလုံး ဆရာတွေရော၊ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေအကုန်ပါတယ်။ ကြိုးနဲ့တုတ်ပြီးဖမ်းထားတာ။ ဒီမနက် ကလေးတွေအမျိုးသမီးတွေကို ပြန်လွတ်ပေးပြီပြောပေမဲ့ ကျွန်တော်တို့ဆီရောက်မလာကြသေးဘူး” ဟုပြောသည်။

ဖမ်းဆီးခံရသူများမှ ဘာသာရေးဆရာများနှင့် လူငယ်ခေါင်းဆောင်ကို နယ်မြေခံခြေလျင်တပ်ရင်း (၁၀၅) သို့ ခ.လ.ရ (၁၀၅) သို့ ဖမ်းဆီသွားကြောင်းကနဦး သိရပြီး မည်သူမည်ဝါဖြစ်သည်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဘုရားကျောင်းဝင်းအတွင်း ဖမ်းဆီးခံရသူများကို လွတ်ပေးပြီဟု သတင်းများထွက်ပေါ်နေသော်လည်း ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဖမ်းဆီးခံထားရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ဝမ်းကွဲညီမလေးလည်း ပါသွားတယ်။ သူကယောက်ျားလေးလိုနေတာဟုတ်တယ်။ ဒီမနက်အထိ သတင်းမကြားရသေးဘူး။ ဘုရားကျောင်းဝင်းထဲက လူတွေလည်း တချို့က အမျိုးသမီးနဲ့ ကလေးတွေ ပြန်လွတ်ပေးပြီးပြောပေမဲ့ သူတို့နဲ့အဆက်အသွယ်မရသေးဘူး ဘယ်သူနဲ့မှကိုမရသေးဘူး” ဟုပြောသည်။

ဆားမှော်ကျေးရွာအုပ်ချုပ်ရေးမှူး အသက် (၆၀) နှစ်ခန့်အရွယ် ဦးသန်းအောင်ကြည်ကို ယမန်နေ့ညနေ သုံးနာရီခန့်က အမည်မသိလူတစ်စုက လာရောက်ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ဦးသန်းအောင်ကြည်မှာ လက်ရှိအချိန်တွင် ပျောက်ဆုံးသောကြောင့် စစ်ကောင်စီတပ်က ရပ်ကွက်အတွင်း လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“နိုင်ငံရေးနဲ့ပတ်သက်တာတွေ စစ်ကောင်စီရဲ့အလုပ်တွေ လုပ်ပေးနေတုန်းပဲလို့ ကျွန်တော်တို့မြင်တယ်။ စစ်မှုထမ်းနဲ့ပတ်သက်ပြီး အစည်းအဝေးခေါ်တာတွေ၊ တစ်အိမ်တစ်ယောက် မလုပ်မနေရ၊ စစ်မှုထမ်းတဲ့သူတွေရဲ့ လစာကို ရွာသားတွေက တစ်အိမ်ထောင်တစ်သောင်း ပေးရမယ်ဆိုတာတွေရှိတယ်။ ကျွန်တော်တို့အထင်တော့ သူတို့လူပျောက်နေလို့ ရှိတဲ့သဘောရှိနေတယ်” ဟု ပြောသည်။

ယမန်နေ့ညနေက ဆားမှော်ကျေးရွာတွင် နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခြင်း၊ လမ်းတွင် တားဆီး စစ်ဆေးဖမ်းဆီးခြင်းနှင့် ဘုရားကျောင်းဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းများ ရှိခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူအရေအတွက် အတိအကျကို မသိရသေးပါ။

စစ်ကောင်စီတပ်၏ လိုက်လံဖမ်းဆီးမှုများကြောင့် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံပြည်သူများလည်းရှိကြောင်း သိရသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ