ဖားကန့်မြို့၊ မရှီကထောင်ကျေးရွာတွင် ယနေ့ နံနက် ၆ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Happy KTV မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၂၀ ခန့်ကြာ ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု အသက် ၃၅ နှစ်ခန့်အရွယ် ယူမာကျေးရွာနေ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်သားတွေ KTV ကအထွက်ကို စောင့်ပစ်တာလို့ပြောနေကြတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းလည်း ထိုးခဲ့သေးတယ်။ လမ်းမပေါ်တစ်လျှောက် ကျည်ဆံခွံတွေပဲ” ဟုပြောသည်။

လက်ရှိအချိန်တွင်လည်း ဖားကန့်မြို့အတွင်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများရှိနေပြီး တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း မြို့မရပ်ကွက်နေ ကျောက်အရောင်းအဝယ်ပြုလုပ်သူ တစ်ဦးကပြောသည်။

“ဒီမနက်တော့ အသားကုန် ဆော်တာပဲ။ စစ်တပ်ဘက်က အထိခိုက်အကျရူံးများနိုင်တယ်။ အခုလည်းမြို့ထဲ ရုတ်ရုတ်သဲသဲတွေဖြစ်နေပြန်တယ်” ဟုပြောသည်။

KTV မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို KIA တပ်ရင်း ၆ မှ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ဖားကန့်ရိုးမ Happy KTV မှာ မနေ့ညက စားသောက်ပျော်ပါးပြီးရှိနေတာ ဒီမနက်ကားနဲ့ထွက်လာတဲ့အချိန်မှာ သေနတ်နဲ့ပစ်ပေးလိုက်တာဟုတ်တယ်။ ထိခိုက်ဒဏ်ရာရတာတွေက မသိရသေးဘူး။  ဒီအတိုင်း သတိပေးသလိုလုပ်တာလားတော့ မပြောတတ်ဘူး” ဟုပြောသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး ထိခိုက်မှုရှိ၊ မရှိကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ဖားကန့်မြို့နယ်တွင် ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ခြောက်ခုထက်မနည်းကို KIA က သိမ်းပိုက်ထားပြီးဖြစ်သည်။

သတင်း – Pe Ti, Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ