မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံပြည်သူများ ယမန်နေ့ နံနက် ၇ နာရီခန့်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ဒေသခံပြည်သူ ၂၀ ခန့်ကို နယ်မြေခံခြေလျင်တပ်ရင်း ခ.လ.ရ(၁၀၅) သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မေးမြန်းခြင်းများပြုလုပ်ပြီး ဘာသာရေးဆရာများနှင့် လူငယ်ခေါင်းဆောင်တို့ကို အုပ်ချုပ်ရေးမှူးအား ရှာခိုင်းခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘုရားကျောင်းမှာ ဖမ်းခံရတဲ့သူတွေက နောက်နေ့မနက်အစောပိုင်းမှာ ပြန်လွတ်လာကြတယ်။ သူတို့ဘက်က တရားဝင်လွတ်လိုက်တာတော့မဟုတ်ဘူး သူတို့ပြန်သွားလို့ ပြန်လာကြတာတဲ့။ မေးမြန်းတာတွေ လုပ်ပြီး အုပ်ကြီးကိုသွားရှာခိုင်းလို့ သူတို့ကဆောင်းခါဘက်ကိုသွားရှာကြတာတဲ့။ ဒီညနေပိုင်းကျ မလိုတော့ဘူးလို့ ပြန်ကြတော့လို့ပြောလို့ ပြန်လွတ်လာကြတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ညနေပိုင်းက ICM (လွတ်လပ်သောတိုင်းရင်းခရစ်ယာန်) ဘုရားကျောင်းဝင်းတွင် သတို့သမီးအပ်နှင်းပွဲအတွက် ပြင်ဆင်နေကြသည့် ဒေသခံ ၁၅၀ ခန့်မှ အချို့နှင့် ကျေးရွာအတွင်းရှိ နေအိမ်များမှ ဖမ်းဆီးခံရသည့် ပြည်သူ စုစုပေါင်း (၂၀) ခန့်ကို စစ်ကောင်စီတပ်က ခ.လ.ရ (၁၀၅) သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ဘုရားကျောင်းဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးချိန် အမျိုးသားများကို မျက်လုံးကို Mask ဖြင့်အုပ်ကာ လက်ပြန်ကြိုးတုတ်ခြင်း၊ အမျိုးသမီးနှင့် ကလေးများကို စားပွဲခုံပေါ်တွင် မှောက်ခိုင်းထားခြင်းနှင့် ဆဲဆိုအော်ဟစ်ခြိမ်းခြောက်ပြီး ဗီဒီယိုများရိုက်ယူသွားကြောင်း ဖမ်းဆီးခံခဲ့ရသူတစ်ဦးကပြောသည်။

“ခေါင်းမမော့နဲ့ လှုပ်ရင်သတ်ပစ်မယ် ဘာညာဆိုပြီးခြိမ်းခြောက်တာ။ သူတို့ကိုယ်တိုင်ကလည်း မျက်နှာဖုံးတွေနဲ့။ အုပ်ကြီးကို အမြန်ရှာပေးကြ၊ နင်တို့မရှာပေးနိုင်စရာအကြောင်းမရှိဘူး အိမ်တိုင်းမှာ နင်တို့ဘက်က တာဝန်ထမ်းဆောင်ကြတဲ့သူတွေပဲ အခုချက်ချင်းမရှာပေးနိုင်ရင် သတ်ပစ်မယ်ဆိုပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်တာ။ KIA နဲ့ PDF တွေကိုလည်း သူတို့ဆဲခိုင်းတဲ့အတိုင်း လိုက်ဆဲ၊ အော်ခိုင်းပြီး ဗီဒီယိုရိုက်ယူကြတယ်။ ဘုရားကျောင်းဝင်းမှာကို ဆဲခိုင်းအော်ခိုင်းတာ” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ဘာသာရေးဆရာနှင့် လူငယ်ခေါင်းဆောင်များကို ပျောက်ဆုံးနေသည့် ဆားမှော် အုပ်ချုပ်ရေးမှူးအား လိုက်လံရှာဖွေခိုင်းခဲ့ကြောင်း ဘာသာရေးဆရာတစ်ဦးပြောသည်။

“သွားရှာတဲ့သူတွေကလည်း သူတို့ဘက်က စေလွတ်လို့ သွားရှာခိုင်းလို့ အတင်းသွားရှာပေးရတဲ့သဘောပါ။ အသင်းတော်အနေနဲ့ အပြည့်အဝတွေ့အောင်ရှာပေးမယ်လို့‌ ကတိပေးတာမျိုးမရှိပါဘူး။ အကယ်လို့ မေးပေးပါ ရှာပေးပါဆိုရင်တော့ ကျွန်တော်တို့ဘက် မေးပေးရုံပဲတက်နိုင်တယ်လို့ပဲပြောတာပါ။ အုပ်ကြီးဖမ်းခံရတာလည်း ကျွန်တော်တို့တကယ်မသိဘူး သူတို့ပြောမှသိတာ” ဟုပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးကိုပြန်လည်တွေ့ရှိသောကြောင့် ဖမ်းဆီးခံထားရသူများ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ဘုရားကျောင်းဝင်းထဲ ဖမ်းခံရတဲ့သူတွေထဲက တချို့တော့ ကန်ခံရတာတွေရှိတယ်တဲ့။ အခုလို လိုက်ဖမ်းတာက လူငယ်တစ်ယောက်ကို (စစ်ကောင်စီလက်အောက်ခံ) ပြည်သူ့စစ် စစ်သားက ပစ်သတ်လိုက်တဲ့ ပြဿနာကို ကောင်းကောင်းမဖြေရှင်းပေးလို့ အုပ်ကြီးဖမ်းခံရပြီး အခုလိုတွေ ဖြစ်လာတယ်လို့ထင်တယ်။ အဲ့ဒီ ပြည်သူစစ်စစ်သားကို အခု ၁၀၅ မှာခေါ်ထားတယ်လို့ကြားရတယ်။ အုပ်ကြီးကိုလည်း တွေ့ခဲ့ကြတယ်တဲ့” ဟုပြောသည်။

ဆားမှော်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အမည်မသိလူတစ်စုက လာရောက်ဖမ်းဆီးသွားခဲ့သည်။

မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လမှစတင်ကာ စစ်မှုထမ်းရန် တစ်လလျှင် နှစ်ဦးနှုန်း စေလွတ်နေရပြီး စစ်မှုမထမ်းသည့် အိမ်ထောင်စုများက တစ်အိမ်လျှင် ငွေကျပ်တစ်သောင်း ပေးဆောင်နေရကြောင်း သိရသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ