မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်များ ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင် ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

မိုင်ဆပ်ကောင် (Maisak Kawng) စစ်ကောင်စီရှေ့တန်းစခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု KIA အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ညကတော့ ကျောက်စခန်းအနီးကစခန်းကိုသိမ်းပိုက်နိုင်ခဲ့တာ၊ ဒီမနက်တော့ မဒါဘွမ်လို့ပြောတဲ့ မိုင်ဆပ်ကောင်စခန်းကို ပြန်သိမ်းပိုက်နိုင်ခဲ့တာဟုတ်တယ်” ဟုပြောသည်။

အဆိုပါတပ်စခန်းမှာ မိုးမောက်မြို့နယ် စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၄၃၇) ၏ ရှေ့တန်းကာကင်းစခန်းဖြစ်ကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျောက်စခန်းနဲ့ မိုင်ဆပ်ကောင်စခန်းက ခ.မ.ရ ၄၃၇ ရဲ့ကာကင်းစခန်းတွေဟုတ်တယ်။ အခု အဲ့နှစ်ခုကိုတော့ရပြီ။ ကျောက်စခန်းကိုတော့ မနေ့ညကရတာ မိုင်ဆပ်ကောင်ကိုတော့ ဒီမနက်မှာမှ ရသွားတယ်။ အခုလောလောဆယ်တော့ ပြန်ငြိမ်နေပြီ။ သေနတ်သံဘာတွေမကြားရသေးဘူး” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေပြီး တပ်စခန်းများသိမ်းပိုက်ခံနေရသောကြောင့် စစ်ကောင်စီတပ်က မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။

မိုးမောက်မြို့ အနီးရှိ ကျောက်စခန်းကျေးရွာ အူဒန်ဘွမ်ရှိ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ညနေက နာရီဝက်ခန့်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

မိုးမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ဒေသခံပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံက သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က မိုးမောက် – လွယ်ဂျယ်သွားလမ်းရှိ စိန်လုံတောင်နှင့် ယော်ယုံတောင်စစ်ကောင်စီတပ်စခန်းကြီးများအပါအဝင် စခန်း ၁၂ ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မိုးမောက်မြို့အနီးရှိ တပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း – Doi Awng

ဓါတ်ပုံ – KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ