ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယမန်နေ့ည ခုနှစ်နာရီခန့်က သံဃာတော်တစ်ပါးနှင့်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

မိုးလုံးကျေးရွာအနီးတစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်းနှင့်ကျောင်းအရှေ့ရှိ ဈေးတန်းအနီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာနားမှာဘာမှမဖြစ်ဘူး။ တိုက်ပွဲလည်းမဖြစ်ဘူး။ ဒီတိုင်းလေယာဉ်နဲ့လာကြဲသွားတာ။ ရွာနားမရောက်ခင် တစ်မိုင်လောက်ကနေ ပစ်လာတာ။ ရွာအမြီးပိုင်းပေါ့ ဘုန်းကြီးကျောင်းထဲမှန်သွားတာ။ လူသားငါးယောက်နဲ့ ဦးဇင်းတစ်ပါးတော့ သေဆုံးသွားတာပေါ့” ဟုဆိုသည်။

သေဆုံးသူများမှာ မိုးလုံးကျေးရွာဒေသခံများဖြစ်ပြီး ၅ နှစ်အရွယ် မောင်ဖူဆယ်၊ ၁၆ နှစ်အရွယ် မောင်လင်းခန့်နိုင်၊ ၂၇ နှစ်အရွယ် ဦးတိမ်ယံမိုး၊ ၃၆ နှစ်အရွယ် ကိုနိုင်ဝင်းချိုနှင့် ၃၇ နှစ်အရွယ် ကိုချစ်ထွေးတို့ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဘုန်းကြီးကျောင်းအတွင်းကျရောက်ခဲ့သည့် လက်နက်ကြီးကြောင့် အသက် ၄၀ ကျော်အရွယ် သံဃာတော်တစ်ပါး ပျံလွန်တော်မူသွားကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးကဆက်ပြောသည်။ ‌

“ဦးဇင်းက မန္တလေးက အာဂန္တု။ ပေါက်မွန်ကျောင်းတိုက်က။ အသက်က ၄၀ ကျော်။ ရေချိုးနေတဲ့အချိန် သူတို့ဘေးနားကိုလာကျတာ၊ ရေချိုးကန်ဘေးပေါ့။ ရေကန်လည်းပျက်စီးသွားတယ်။ ဘုန်းကြီးကျောင်းဝရန်တာဘေးကနေ တောက်လျောက်မှန်တာ မျက်နှာကျက်တွေရော ပျက်စီးသွားတယ်။ ကျောင်းရှေ့က ဈေးလည်း တစ်ဝက်လောက် မီးလောင်သွားတယ်” ဟုဆိုသည်။

စစ်ကောင်စီက မိုးလုံးကျေးရွာဘုန်းကြီးကျောင်းနှင့်အနီးတစ်ဝိုက်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်ဖြင့်လည်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်အရသိရသည်။

မိုးလုံးကျေးရွာမှာ မဘိမ်းမြို့နှင့်မိုင်၂၀ ကျော်အကွာ ရွှေလီမြစ်ကမ်းဘေးတွင်တည်ရှိပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းနယ်နိမိတ်တွင်တည်ရှိသည့် ကျေးရွာဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း မံစီမြို့နယ်၊ စီအူကျေးရွာရှိဘုန်းကြီးကျောင်းကို စစ်ကောင်စီက အကြောင့်မဲ့ လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ၂ ဦးထိမှန်ဒဏ်ရာရခဲ့ပြီး ကျောင်းဆောင်များလည်း ပျက်စီးခဲ့သည်။

သတင်း – Thu Ta

ဓါတ်ပုံ – စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ