မံစီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများမှ နှစ်ဦးထပ်မံသေဆုံးသွားသဖြင့် သေဆုံးသူ ခုနှစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဂျန်မိုင်ကျေးရွာတွင် ယမန်နေ့ နံနက် ၇ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ချိန် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် သုံးဦးမှ နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ကမနက်မှာ တိုက်လေယာဉ်ဗုံးကျလို့ ငါးဦးသေတယ်။ သုံးဦးဒဏ်ရာရတာ၊ အဲ့မှာနှစ်ဦးက ပြန်သေသွားတာပေါ့နော်။ ဒဏ်ရာအပြင်းအထန်ရသွားပြီး သေသွားတော့ ဗန်းမော်ဆေးရုံကြီးက ရင်ခွဲရုံကိုပို့ထားလိုက်တာ” ဟုပြောသည်။

သေဆုံးခဲ့သည့် မန်ဖာကျေးရွာနေ အသက် ၁၈ နှစ်ခန့်အရွယ် ဦးဝေမင်းဦးနှင့် အသက် ၄၆ နှစ်ခန့်အရွယ် ဦးရင်မောင်ဆိုသူတို့မှာ ဆေးကုသမှုခံယူနေချိန်သေဆုံးခဲ့ခြင်းဖြစ်သည်။

ပြင်းထန်ဒဏ်ရာရရှိထားသည့် ကျန်အမျိုးသားတစ်ဦးမှာ အင်ဘာပါကျေးရွာ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

ယမန်နေ့က စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွယ်ဂျယ်မြို့မှ မိုးမောက်မြို့သို့ ဆင်းလာချိန် ညအိပ်အနားယူနေသည့် ကုန်ကားနှင့် ခရီးသည်ကားများ ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ပြီး ပြည်သူငါးဦး နေရာတွင်သေဆုံးခဲ့သည်။

ယမန်နေ့ည ၈ နာရီခန့်ကလည်း ဗန်းမော်မြို့မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် လေးကြိမ် မိုးမောက်မြို့တွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အလှပြင်ဆိုင်တစ်ခုပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

 

သင့်ထင်မြင်ချက်ရေးပေးပါ