KIA အဖွဲ့

မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့ ညနေ ၆ နာရီခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ထမ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မိုးမောက် – လွယ်ဂျယ်သွားလမ်း၊ ကျောက်စခန်း(Hka Wan Bang) ကျေးရွာအဝင် အူဒန်ဘွမ် (Udang Bum) ရှိ စစ်ကောင်စီတပ်စခန်းကို နာရီဝက်ခန့်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင် တစ်ဦးက The 74 Media ကိုပြောသည်။

“အဲဒီတပ်စခန်းကိုတော့ ဒီနေ့မှ တောင်ပေါ်တက်ပြီးတိုက်တာဟုတ်တယ်။ စစ်ကောင်စီတွေတော့ မရှိတော့ဘူးလို့လည်း ပြောတယ်။ KIA တပ်ဖွဲ့ဝင်တွေ အရမ်းပစ်လို့နေမှာ၊ ကျောက်စခန်းမှာထိုင်တဲ့ စကစတွေလည်း ပြေးသွားတာကြာပြီ” ဟုဆိုသည်။

အဆိုပါစစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရပြီးနောက် မိုးမောက်မြို့အတွင်းရှိ ခ.မ.ရ ၄၃၇ တပ်စခန်းက လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီညနေ ငါးနာရီခွဲလောက်က တိုက်ပွဲဖြစ်တာ၊ အခုတော့ လက်နက်ကြီးနဲ့ပြန်ထုနေပြီ ဆယ်ကြိမ်လောက်ရှိပြီ ပစ်နေတာ။ အူဒန်ဘွမ်စခန်းသိမ်းလိုက်လို့နေမှာ လက်နက်ကြီးပြန်ထုနေတာ” ဟုဆိုသည်။

ထို့အပြင် ကျောက်စခန်းအပန်းအဖြေစခန်းသို့သွားရာလမ်းခွဲအနီးရှိ ချောင်းကူးတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကိုလည်း ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းအဖွဲ့က ယမန်နေ့တွင် သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က မိုးမောက် – လွယ်ဂျယ်သွားလမ်းရှိ စိန်လုံတောင်နှင့် ယော်ယုံတောင် စစ်ကောင်စီတပ်စခန်းကြီးများအပါအဝင် စခန်း ၁၂ ခုလုံးကို တိုက်ခိုက် သိမ်းပိုက်ထားသည့်အပြင် မိုးမောက်မြို့အနီးရှိတပ်စခန်းများကိုလည်း ဆက်လက်သိမ်းပိုက်နေသောကြောင့် မြို့အတွင်း တိုက်ပွဲဆက်လက် ဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများ စိုးရိမ်နေကြသည်။

သတင်း – Thu Ta

ဓါတ်ပုံ – ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှ KIAတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ