ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ထားသည့် လွယ်ဂျယ်မြို့ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားကြောင်း သိရသည်။

တရုတ် – မြန်မာနယ်စပ်ရှိ လွယ်ဂျယ်မြို့ရှိ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ယမန်နေ့ညနေ ၅ နာရီခန့်က ထွက်ပြေးသွားသဖြင့် ယနေ့ နံနက် ၇ နာရီခန့်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်း KIA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဝိုင်းထားတာတော့ကြာပြီပေါ့ မနေ့ညကတော့ ရဲတွေထွက်ပြေးသွားပြီ။ ကျွန်တော်တို့ဘက်ကတော့ ဒီမနက်မှစခန်းကို ဝင်ရောက်နိုင်ခဲ့တယ်။ သူတို့ဘက်ကစစ်တပ်စခန်းကို ပူးပေါင်းသွားတယ်။ အခုထိတော့ မြို့ထဲမှာက ငြိမ်နေတယ်ပေါ့” ဟုပြောသည်။

ထွက်ပြေးသွားသည့် ရဲတပ်ဖွဲ့ဝင်များက မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းသို့ ပူးပေါင်းသွားခြင်းဖြစ်ပြီး မြို့အတွင်း တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် မကြာခဏ တိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုစစ်သားတွေကမထွက်ပြေးသေးဘူး။ အခုထိရှိနေသေးတုန်းပဲဟုတ်တယ်။ ရဲစခန်းကိုတော့ KIA တွေဝင်ပြီဟုတ်တယ်။ ရဲတွေက အားလုံးပူးပေါင်းပြီး ဒီလွယ်ဂျယ်ကစစ်ကောင်စီစခန်းမှာရှိနေကြတယ်။ စစ်ပွဲဖြစ်လာရင်တော့ ကျွန်တော်တို့လည်းထွက်ပြေးမယ်လို့ ပြင်နေတာ။ ဟိုနေ့ကလည်း ကျွန်တော်တို့ တစ်ခါရှောင်ပြီဟုတ်တယ်။ မနေ့ညကတော့မရှောင်ဘူး။ တရုတ်တွေမပစ်ခိုင်းတော့ ရှောင်စရာ မလိုဘူးလားလို့လည်း စဉ်းစားနေတယ်” ဟုပြောသည်။

လွယ်ဂျယ်မြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားဆဲဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မသိမ်းသေးပါဘူး အခုပဲ ကျွန်တော်လွယ်ဂျယ်မြို့ပတ်ပြီး ပြန်လာတာ။ စစ်တပ်က နယ်စပ်နားမှာလေး၊ သူတို့အကုန်စစ်တပ်ထဲမှာပဲ အရပ်ဝတ်နဲ့ သေနတ်လည်း မကိုင်ထားကြတော့ဘူး။ တရုတ်တွေက သေနတ်အသံ မထွက်ခိုင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း သေနတ်အသံမထွက်ရင်က မထွက်လာဘူးလေ။ လက်နက်ချရင်လည်း အပေါ်ကနေ သူတို့ကိုထောင်ချမှာကို စိုးရိမ်လို့နေမှာ” ဟုပြောသည်။

KIO သတင်းနှင့်ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူကို The 74 Media က ယနေ့ညနေပိုင်းတွင် ဆက်သွယ်မေးမြန်းရာတွင်လည်း “ဘာမှထူးခြားတာမရှိသေးဘူး” ဟုဖြေကြားခဲ့သည်။

လွယ်ဂျယ်မြို့ကို ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ထားခြင်းဖြစ်သည်။

မိုးမောက် – လွယ်ဂျယ်လမ်းပေါ်ရှိ ယော်ယုံစစ်ကောင်စီတပ်စခန်းနှင့် စိန်လုံတပ်စခန်းကြီး အပါအဝင် တပ်စခန်းအားလုံးကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

သတင်း – Doi Awng, Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ