စစ်ကောင်စီတပ်က ကောက်စိုက်သမများကို ဖမ်းဆီးကာ PDF အလိုမရှိကြောင်း အော်ခိုင်းပြီး ခြိမ်းခြောက်မှုများ ပြုလုပ်နေသောကြောင့် ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာတွင် ကောက်မစိုက်ရဲဖြစ်နေကြောင်း သိရသည်။

ထန်းတပင်ကျေးရွာမှ ရွာသစ်ကျေးရွာသို့ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ကောက်စိုက်သွားသည့် ကောက်စိုက်သမ ၂၆ ဦးကို ဇီးကုန်းကျေးရွာအဝင်တွင် ဖမ်းဆီးကာ အကြမ်းဖက် PDF အလိုမရှိဟု အော်ခိုင်းပြီး သတ်မည်ဟုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း လယ်လုပ်သည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆန္ဒပြခိုင်းတယ်လို့ခေါ်မလား၊ လူတွေကို တန်းစီခိုင်းပြီးတော့ ပထမတော့ တို့ပြည်သူတွေ ညီရဲ့လာဟေ့ ညီတယ်ဟေ့၊ ညီတယ်ဟေ့ဆိုပြီး။ နောက်ထပ်တစ်ခါ အော်ခိုင်းတာကတော့ အကြမ်းဖက် PDF အလိုမရှိပေါ့ အဲ့လိုအော်ခိုင်းပြီး ဓာတ်ပုံတွေရိုက်ပြီး လိုင်းပေါ်တင်မယ်ဆိုပြီး ရိုက်တာဗျာ။ မင်းတို့ကို အခုပစ်သတ်လိုက်လို့ရတယ်နော် ဘာညာပေါ့ဗျာ ခြိမ်းခြောက်တာတွေ လုပ်တယ်ဗျာ” ဟုပြောသည်။

အဆိုပါကောက်စိုက်သမများမှာ အုပ်စုဖွဲ့ကောက်စိုက်၊ ကွမ်းခူးသည့်လုပ်ငန်း လုပ်ကိုင်ကြသူများဖြစ်ပြီး ထိုနေ့ညနေက ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူနယ်တစ်လျှောက်တွင် ယခုရက်ပိုင်း စစ်ကောင်စီစစ်ကြောင်းထိုးနေသောကြောင့် ဒေသခံပြည်သူများက လယ်လုပ်ငန်း၊ ခြံလုပ်ငန်းများကို လုပ်ကိုင်ရန်အခက်အခဲကြုံနေရကြောင်း ကွမ်းစိုက်တောင်သူတစ်ဦးက‌ပြောသည်။

“စစ်ကြောင်းတွေရှိရင်တော့ ကောက်စိုက်တာတွေ ကွမ်းခူးတာတွေ လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး၊ လုပ်လည်း မလုပ်ရဲကြဘူး။ အခုလည်း သူတို့ (ကောက်စိုက်သမ) ကို ပျူတွေဖမ်းပြီး ခြိမ်းခြောက်ပြီး အော်ခိုင်းတာ။ ဟိုတခါလည်း ကွမ်းခူးတဲ့သူတွေဖမ်းသွားတာ အခုထိ ပြန်မလွတ်သေးဘူး။ စစ်ကြောင်းတွေရှိလို့ သူတို့(ကောက်စိုက်သမ)တွေ မရှိရင် လုပ်ငန်းမသွင်လို့ ရာသီချိန်ပြီးအောင်မလုပ်နိုင်ဘူးလေ” ဟုပြောသည်။

အသက်မွေးကျောင်းအတွက် စိုက်ပျိုးရေးလုပ်ငန်းဖြင့်သာ အဓိကထားလုပ်ကိုင်ကြသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီစစ်ကြောင်းထိုးလျှင် ဒေသခံပြည်သူတို့၏ စိုက်ပျိုးခြံများကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးလေ့ရှိကြောင်း ဒေသခံများ ပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိသည့် စစ်ကိုင်းတိုင်းအတွင်း ဝင်ရောက်ခဲ့သည့် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းများက ဒေသခံပြည်သူများကိုလည်း ဖမ်းဆီးသတ်ဖြတ်လေ့ရှိပြီး ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာမှ ဒေသခံအမျိုးသားနှစ်ဦးကို စစ်ကောင်စီပူးပေါင်းတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – ကောက်စိုက်သမများကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ