စစ်ရေးအရှိန်မြင့်လာသည့် ကချင်ပြည်နယ်နှင့်ထိစပ်နေသည့် တရုတ်-မြန်မာနယ်စပ်၊ ယူနန်ပြည်နယ်၊ ယင်ကျန်းမြို့တွင် ယနေ့နံနက်မှစတင်ကာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) က ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်မှုပြုလုပ်နေကြောင်း သိရသည်။

နှစ်စဉ်ပြုလုပ်လေ့ရှိသော စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ ၃ ရက်နေ့ ညနေ ၆ နာရီခန့်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် စစ်ရှိန်မြင့်လာသည့်အချိန်နှင့်တိုက်ဆိုင်စွာ စစ်ရေးလေ့ကျင့်မှုသည် တိုက်ဆိုင်မှုမဟုတ်ဘဲ နယ်စပ်ဒေသတွင်တိုက်ပွဲများပိုမိုပြင်းထန်လာမည်ကို မလိုလားသည်ကိုပြသနေသည်ဟု ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

“PLA က စစ်ရေးလေ့ကျင့်တာက တိုက်ဆိုင်မှုမဟုတ်ဘူး။ နယ်စပ်မှာတိုက်ပွဲပိုပြင်းလာမှာကို မလိုလားလို့ သတိပေးတဲ့သဘောလို့သုံးသပ်တယ်။ တစ်နည်းအားဖြင့်တော့ တိုက်ပွဲဆက်မဖြစ်စေချင်လို့ ဖိအားပေးတဲ့သဘောပေါ့၊ EAO တွေကို သတိပေးတဲ့အနေအထားလို့ မြင်တယ်” ဟုဆိုသည်။

စစ်ကောင်စီတပ်စခန်းအများအပြားကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တစ်လအတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အချိန်တွင် တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုကြောင့် စစ်ရှိန်လျော့သွားနိုင်ချေရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်ရမည်ဟု သူကဆိုသည်။

ဂျိန်းဖော (ကချင်)နှင့် ရှမ်းလူမျိုးစုတို့၏ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Dehong Dai and Jingpo Autonomous Prefecture) တွင် ရွာတစ်ရွာလျှင် နေရာလေးခုသတ်မှတ်ကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ယင်ကျန်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာနှင့် လုံချွန်ခရိုင် (Long Chuan) အတွင်းရှိ ကျေးရွာသုံးရွာ အနီးတစ်ဝိုက်တွင် PLA က စစ်ရေးလေ့ကျင့်နေခြင်းဖြစ်သည်။

အဆိုပါဒေသများမှာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်နယ်စပ်နှင့် ဝင်ရောက်ဖြတ်သန်းသွားလာမည့် ကားများ၊ ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ရေးလေ့ကျင့်မှုပြုလုပ်နေသော နေရာများသို့ မသက်ဆိုင်သူများက မိမိသဘောဖြင့် ဝင်ရောက်သွားလာခြင်း မပြုလုပ်ရန်နှင့် စက်တပ်ပျံသန်းနိုင်သည့်အရာများ ဖြတ်သန်းပျံသန်းခြင်း၊ စစ်ကြောင်း သွားလာလှုပ်ရှားမှုများကို မှတ်တမ်း၊ ဓါတ်ပုံရိုက်ကူခြင်းမပြုလုပ်ရန်နှင့် လူမှုကွန်ယက်စာမျက်နှာ၊ သတင်းစာများတွင် မိမိသ‌ဘောဖြင့် ရိုက်ကူးထုတ်လွင့်ခြင်းများ မပြုလုပ်ရန်ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အတွင်းလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) က ယူနန်ပြည်နယ်တောင်ပိုင်းတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။

သတင်း – Nann

ပုံ – လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသော ရုပ်သံများ (Screenshot)

သင့်ထင်မြင်ချက်ရေးပေးပါ