တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် မိုးမောက်မြို့နယ်အတွင်းမှ ဒေသခံပြည်သူများ ယမန်နေ့မှစတင်ကာ ထွက်ပြေးတိမ်ရှောင်နေကြောင်း သိရသည်။

မိုးမောက်မြို့ရှိ မံပုံရပ်ကွက်၊ ခါနန်ရပ်ကွက်နှင့် အလင်းကောင်ရပ်ကွက်တို့မှ ဒေသခံပြည်သူ ၂၀၀ ကျော်က ဗန်းမော်မြို့သို့ တိမ်းရှောင်နေပြီး တောတောင်များတွင် ပုန်းရှောင်နေသူများလည်းရှိသည်ဟု မိုးမောက်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်တပ်ကိုကြောက်လို့လည်းဟုတ်တယ်။ နှစ်ဖက်စစ်ဖြစ်လာရင် ခံရမှာကပြည်သူတွေပဲဆိုတော့။ မိုးမောက်မှာက အခုလည်းပစ်တာခတ်တာတွေရှိနေတာ။ လက်နက်ပစ်တာ ကြားနေရတော့ မနေချင်လို့ ဒီဘက်ကစစ်ရှောင်ကြတာ။ ဒီအချိန်ဆိုအားလုံးရှောင်ကြပြီထင်တယ်” ဟုပြောသည်။

စစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်သူများရှိသကဲ့သို့ နီးစပ်ရာတောတောင်များသို့ ခေတ္တတိမ်းရှောင်သူများလည်းရှိကြောင်း KIA အရာရှိတစ်ဦးက ပြောသည်။

“အနီးအနားတွေမှာ ဆိုင်ကယ်နဲ့ ခဏရှောင်တာဟုတ်တယ်။ ရှောင်လိုက် ပြန်လာနေလိုက်လုပ်နေတာ ကြာပြီ။ အခုလည်း ပြန်ရှောင်နေတာ။ စစ်ကောင်စီက လက်နက်ကြီးတွေ သေနတ်တွေနဲ့ လှမ်းပစ်တာတွေ လုပ်တာဟုတ်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ယမန်နေ့ ည ၈ နာရီခန့်ကလည်း အလှပြင်ဆိုင်တစ်ခု ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“မြို့အလယ်က အလှပြင်ဆိုင်မှာ တစ်လုံးကျတယ်။ လူထိတာတော့ မရှိဘူး။ ဗန်းမော်လက်ကနေ လေးကြိမ်ပစ်တာ ဘုန်းကြီးကျောင်းရှေ့ လမ်းပေါ်မှာကျတာ။ ပြီးရင် လူနေအိမ်ခြံဝင်းထဲမှာ တစ်လုံး၊ တစ်ခုက နောင်ပေါင်းဘက် လယ်ကွက်ထဲမှာကျတယ်။ တစ်နေရာနဲ့တစ်နေရာ သိပ်မဝေးဘူး” ဟုပြောသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က မိုးမောက် – လွယ်ဂျယ်သွားလမ်းရှိ စိန်လုံတောင်နှင့် ယော်ယုံတောင် စစ်ကောင်စီတပ်စခန်းကြီးများအပါအဝင် စခန်း ၁၂ ခုလုံးကို တိုက်ခိုက် သိမ်းပိုက်လိုက်သဖြင့် မိုးမောက်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြခြင်းဖြစ်သည်။

ထို့အပြင် KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသည့် စခန်းများမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုကို လိုက်လံတိုက်ခိုက်နေသဖြင့် မိုးမောက်မို့အနီးတစ်ဝိုက်တွင် စစ်ရေးတင်းမာနေကြောင်း သိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ