မြစ်ကြီးနားမြို့နယ်ရှိ အကျဲကျွေးရွာနေ ဒေသခံပြည်သူများကို ကချင်လွတ်မြောက်ရေးတပ် (KIA) က တိမ်းရှောင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်ပြောကြောင်း ဒေသခံပြည်သူများထံက သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့မှစတင်ကာ တိမ်းရှောင်ရန် အကြောင်းကြားလာသဖြင့် ဒေသခံပြည်သူများက သက်ကြီးရွယ်အို၊ ကလေးငယ်များနှင့် စပါးများကို နီးစပ်ရာဆွေးမျိုးများထံ ပြောင်းရွှေ့နေကြသည်ဟု ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“ရှောင်သည်ဖြစ်စေ အကာကွယ်ယူဖို့ပြင်ဆင်သည်ဖြစ်စေ ကြိုတင်ပြင်ဆင်ကြဖို့ နင်တို့ကို သုံး၊ လေးရက် အချိန်ပေးမယ်တဲ့။ ဒီနေ့နဲ့ဆိုငါးရက်ရှိနေပြီ ရွာသားအများစု စပါးရှိတဲ့သူတွေလည်း နီးစပ်ရာ အမျိုးတွေဆီ ပြောင်းပြီး အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေကိုလည်း ပြောင်းရွှေ့ထားကြပြီ” ဟုပြောသည်။

လက်ရှိအချိန်တွင် ဒေသခံအများစုက ကျေးရွာမှထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ပြီး အိမ်စောင့်ရန် အနည်းငယ်သာကျန်ရှိတော့ကြောင်း ရပ်မိရပ်ဖအခြားတစ်ဦးက ပြောသည်။

“ရွာမှာလူတွေမရှိတော့သလောက်ဘဲ ကျွန်တော်မြင်သလောက်တော့ အကုန်ရှောင်သွားကြပြီ။ အနည်းစုပဲရှိတော့တယ်။ ဘယ်အချိန် ဘာထဖြစ်မယ်မှန်းမသိ၊ ဘယ်အချိန်အသံထွက်လာမယ်မှန်း မသိလို့ စိုးရိမ်တာနဲ့ ဂရုတစိုက်နေနေကြရတာပေါ့” ဟုပြောသည်။

ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်စခန်းတွင်လည်း ယနေ့ နံနက် ၇ နာရီခန့်က တပ်ဖွဲ့ဝင် အင်အား ၇၀ ခန့်က စစ်ကားနှစ်စီးဖြင့်ရောက်ရှိလာပြီး အင်အားဖြည့်တင်းမှုများပြုလုပ်နေကြောင်း သူကဆက်ပြောသည်။

“မြို့ဘက်ကတက်လာတဲ့ ကားနှစ်စီးရောက်လာတယ်။ အစကတော့ ရွာမှာချမလိုလို ခဏရပ်နေကြပြီး နောက် သူတို့တပ်စခန်းဘက်ကို ပြန်ထွက်သွားကြပြီ။ ပြီးခဲ့တဲ့လကတည်းက ရွာထဲမှာစခန်းချနေတဲ့ စစ်သားတွေလည်း အခုထိရှိကြတယ်။ အရပ်ဝတ်နဲ့များတော့ တစ်ခါတစ်လေတောင် မကြည့်တတ်ဘူး” ဟုပြောသည်။

ထို့အပြင် ပြီးခဲ့သည့်လမှစတင်ကာ ဒေသခံပြည်သူတို့၏ နေအိမ်များတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ကတုတ်ကျင်းများတူးကာ ဝင်ရောက်နေထိုင်နေကြပြီး ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားလာပါက ကျေးရွာအတွင်းရှိ နေအိမ်မီးလောင်မှုများရှိလာနိုင်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကပြောသည်ဟု အုပ်ချုပ်ရေးမှူးထံမှတစ်ဆင့် ဒေသခံများက သိရှိခဲ့ရပြီး ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်နှစ်အိမ်လုံးမီးလောင်ပျက်စီးခဲ့သည်။

မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာတွင် ပြီးခဲ့သည့် မတ် ၁၀ ရက်နေ့မှစတင်ကာ စခန်းချတပ်စွဲနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မတ်လ ၁၃ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ