လူဦးရေ ၆၀၀ ခန့်ရှိသော မချမ်းဘော့မြို့နယ်၊ အလန်ဂါးကျေးရွာတွင် အယောက် ၁၀၀ ခန့် စစ်မှုထမ်းရမည့်အမည်စာရင်းတွင်ပါဝင်နေပြီး ထွက်ပြေးတိမ်းရှောင်ပါက ထောင်ချမည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ထံမှ ယမန်နေ့က အမည်စာရင်းများရောက်ရှိလာခြင်းဖြစ်ပြီး ထွက်ပြေးပါက မိဘများကိုဖမ်းဆီးကာ ထောင်ငါးနှစ်ချမည်ဟု ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများက ပြောသည်ဟု လယ်ယာလုပ်ကိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကလေးအဖေတွေရော အသက် ၄၀ အောက်လူတွေအကုန်ပါတယ်။ တချို့အိမ်တွေတော့ လူပျိုတွေရှိပေမဲ့ တစ်ယောက်မှ မပါတဲ့အိမ်လည်းရှိတယ်။ အခုတစ်ရွာလုံး စိုးရိမ်နေကြရတယ်။ နာမည်စာရင်းမှာပါပြီး ထွက်ပြေးသွားတဲ့ သူတွေဆိုရင်တော့ အဖေ၊ အမေတို့ကိုဖမ်းပြီး ငါးနှစ် ထောင်ချမယ်ဆိုတာလည်း ရှိတယ်” ဟုပြောသည်။

စစ်မှုထမ်းရမည့်စာရင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးရှိ အိမ်ထောင်စုစာရင်းအရ ပြုလုပ်ထားခြင်းဖြစ်နိုင်ပြီး အခြားမြို့သို့ပြောင်းရွှေ့သွားသူများ၏ အမည်များလည်းပါဝင်နေကြောင်း ဒေသခံလူငယ်တစ်ဦး ပြောသည်။

“ရွာမှာမရှိတော့တဲ့သူတွေရဲ့ နာမည်စာရင်းတွေအကုန်ပါနေတယ်။ အသက် ၁၈ နှစ်ကျော်ပြီဆို အကုန်ပါတယ် ရွာမှာရှိရှိ၊ မရှိရှိ တချို့မိသားစုကဆိုရင် သုံးလေးယောက်တောင်ပါတယ်။ မနေ့က ရွာအုပ်ချုပ်ရေးမှူးက ရပ်ကွက်မှူးတွေကိုခေါ်ပြီး အစည်းဝေးလုပ်ပြီးတော့ အဲ့အကြောင်းတွေ ပြောကြတာ” ဟုပြောသည်။

စာရင်းတွင်ပါရှိသည်ဟုဆိုသော အမည်များကို စာရွက်စာတမ်းနှင့် အတိအကျတွေ့ရှိရခြင်းမဟုတ်ဘဲ အစည်းအဝေးတက်ရောက်ခဲ့သည့် အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရကြောင်း ဒေသခံပြည်သူများက ပြောသည်။

လက်ရှိအချိန်တွင် ဒေသခံပြည်သူများက အမည်စာရင်းတွင် ပါရှိနေသူများကို နေအိမ်မှ အတင်းအဓမ္မ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံ အခြားလူငယ်တစ်ဦးက ပြောသည်။

“နေဖို့တောင်ကြောက်စရာကောင်းလာတယ်အခုတော့။ တခြားရွာဘက်တွေလည်း နာမည်စာရင်း အရင်ထွက်လာပြီးတော့ အိမ်အထိလာခေါ်သလိုလည်း ကြားလို့ တချို့တွေဆို အိမ်မှာ မအိပ်ရဲတော့ဘူး။ လုံခြုံတဲ့နေရာတွေမှာပဲ အိပ်ပြီး မနက်ပိုင်းမှပြန်လာတဲ့သူတွေလည်းရှိတယ်။ ကျွန်တော်လည်း(တခြား)ရွာမှာပဲ သွားနေတော့မယ်” ဟုပြောသည်။

မချမ်းဘော့မြို့နယ်တွင်သာမက ပူတာအိုမြို့နယ်တွင်လည်း စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ အမည်စာရင်းများ လိုက်လံကောက်ခံနေကြကြောင်း ဒေသခံများထံမှသိရသည်။

မြန်မာနိုင်ငံတွင် တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တ.တ.က) ၁၄ ကျောင်းနှင့် စစ်အခြေခံ လေ့ကျင့်ရေးတပ် (စ.ခ.တ) ၁၁ ခုရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် စုဆောင်းထားသူများကို မတ်လနောက်ဆုံးပတ်မှ စတင်ကာ ဖောင်ကြီး (စ.ခ.တ) – ၁၊ ရွှေမြင်တင်(ပုသိမ်) စ.ခ.တ – ၆၊ တောင်တွင်းကြီး စ.ခ.တ – ၇နှင့် ဂျိုးဖြူ(တိုက်ကြီး) တ.တ.က – ၁၊ မိုးစွေ(ဥတ္တရသီရိ) တ.တ.က – ၂၊ ကွင်းကောက်(အင်္ဂပူ) တ.တ.က – ၅ နှင့် အုတ်တွင်း(တောင်ငူ) တ.တ.က – ၆ တို့တွင် စစ်သင်တန်း စတင်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။

သတင်း – May

ဓါတ်ပုံ – အလန်ဂါးကျေးရွာ

သင့်ထင်မြင်ချက်ရေးပေးပါ