မိုးမောက် – လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ထံမှသိရသည်။

စိန်လုံဗျူဟာကုန်း၊ ယော်ယုံတပ်စခန်းကြီးနှင့် ကာကင်းပိုစ့်များအပါအဝင် စခန်း ၁၂ ခုကို တိုက်ခိုက်သိမ်းထားပြီဟု ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကို အတည်ပြုပြောသည်။

“ယော်ယုံ၊ စိန်လုံဒါတွေက သူတို့ရဲ့ အရေးကြီးတဲ့ဗျူဟာစခန်းတွေဖြစ်တယ်။ အဲ့အနီးအနားတစ်ဝိုက်မှာရှိတဲ့ လုံခြုံရေးတပ်စခန်းတွေ၊ ကာကင်းပိုစ့်တွေ အားလုံးပေါင်းရင် ၁၂ ခုရှိပြီ သိမ်းလိုက်တဲ့စစ်တပ်စခန်းတွေက။ ဒါပေမဲ့ အခု အဲ့နားတစ်လျှောက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်နေတုန်း တိုက်ပွဲနေရာဖြစ်နေတုန်းလို့ ပြောချင်ပါတယ်” ဟုပြောသည်။

အဆိုပါလမ်းတွင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှစတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရုတ် – မြန်မာနယ်စပ်ရှိ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ကိုလည်း မတ်လ ၂၈ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ထားပြီဖြစ်သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က မတ်လ ၇ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KIO/ KIA ဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်တို့တွင် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ KIA နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်စခန်း ၆၀ ကျော်ကို KIA က သိမ်းပိုက်ရရှိထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ