တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကအကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မံစီမြို့နယ်တွင် ယနေ့နံနက် ၁ နာရီခန့်က ပြည်သူငါးဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျန်မိုင်ဘွမ်ကျေးရွာအနီး လမ်းမပေါ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကုန်ကားမောင်းသည့် အမျိုးသားငါးဦး သေဆုံးသွားသည်ဟု ဖြစ်စဉ်ကိုသိရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲလည်းဖြစ်တာမဟုတ်ဘဲ ဗုံးလာကြဲချသွားတယ်။ စိတ်မကောင်းလိုက်တာ။ ဗုံးကလမ်းမပေါ်မှာ မြေကြီးတောင်ချိုင့်သွားတယ်။ တစ်လုံးပဲဟုတ်တယ်။ အဲ့ပတ်ပတ်လည်ကတော့ ပါသွားတာပေါ့ အနီးဆုံးက ကားတော့ပျက်စီးသွားပြီ။ အဲ့ကားပေါ်မှာ အိပ်နေတဲ့ကားသမားသုံးဦးကပွဲချင်းပြီးသေသွားတယ်။ သေသွားတာတောင် ခြေထောက်တစ်ခြမ်းကိုယ်တစ်ခြမ်းဖြစ်တာတွေပါတယ်” ဟုပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားသူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ရန် The 74 Media က ဆက်လက်စုံစမ်းနေသည်။

စစ်ကောင်စီတပ်က လွယ်ဂျယ်မြို့မှဆင်းလာသည့် ကုန်ကားများကို တိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက သုံးသပ်သည်။

“လွယ်ဂျယ်ကနေ ထွက်ပြေးလာတဲ့ကုန်ကားကြီးတွေ။ ကားသေးတွေလည်းပါတယ်။ ပြည်သူတွေထွက်ဖို့လမ်းက အဲ့နေရာပဲရှိတော့ အဲ့နေရာကိုချိန်ပြီးပစ်တာနေမှာ။ စစ်မြေပြင်လည်းမဟုတ်တဲ့နေရာတွေ။ ပြည်သူတွေထွက်လာတဲ့နေရာကို တမင်ဗုံးကြဲတိုက်ခိုက်တာဖြစ်နိုင်တယ်” ဟုပြောသည်။

ပြင်းထန်ဒဏ်ရာရှိထားသည့် ပြည်သူသုံးဦး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ကလည်း ဗန်းမော်မြို့နယ်အတွင်းရှိ နောင်လိုက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးငါးလုံးကြဲချသောကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ