မြစ်ကြီးနားအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်ပြည်နယ်စည်ပင်ဝန်ကြီး နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ လွတ်ရက်စေ့သဖြင့် ယနေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရစဉ်က ပြည်နယ်ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးနော်လီနှင့် ဦးဝင်းညွန့်တို့မှာ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ရီလ ၁ ရက်နေ့မှစတင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“သူတို့လွတ်ရက်စေ့လို့လွတ်တာပေါ့နော့်။ ရဲတွေလာကြိုတယ်လို့တော့ ကြားလိုက်တယ်။ မနေ့က သူတို့ပြောတဲ့ပုံစံအရဆိုရင်တော့ ရဲတွေလာကြိုမယ်ပေါ့။ သူတို့နောက်ထပ်အမှုရှိမလား၊ မရှိမလားတော့ မပြောတတ်ဘူး။ လွတ်တာတော့ ဒီနေ့သူတို့လွတ်ရက်စေ့လို့ လွတ်တာ” ဟုဆိုသည်။

စည်ပင်ဝန်ကြီး ဦးနော်လီနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉ နှင့်  ၅၀၅ – က စသည့် ပုဒ်မ အသီးသီးဖြင့် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်စီချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံထားရသည့် ဝန်ကြီးနှစ်ပါးသည် ထောင်ဒဏ် ၄ နှစ်စီကျခံရမည်ဖြစ်သော်လည်း လျှော့ရက်ဖြင့်ယနေ့လွတ်မြောက်လာခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့်နီးစပ်သည့် အခြားအမျိုးသားတစ်ဦးက ဆိုသည်။

“ကိုနော်လီနဲ့ ဦးဝင်းညွန့်တို့က ၄ နှစ်စီကျတာ ၅၀၅ – က ထဲက ၆ လစီလျှော့ပြီး ဒီနေ့မှာ ပြည့်သွားတာပေါ့။ သူတို့နှစ်ယောက်တော့ လွှတ်သွားပြီ”  ဟုဆိုသည်။

ဝန်ကြီးနှစ်ပါးနှင့်အတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့က မြစ်ကြီးနားမြို့ ဧဒင်ရပ်ကွက်နှင့် အေးမြသာယာရပ်ကွက်ကြားတွင် ဖမ်းဆီးခံခဲ့ရသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုခရိုင်တိုက်နယ်မှူး ဦးဒွမ်ဒေါ့လဆန်လည်း လွှတ်မြောက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် ဝန်ကြီး (၇) ဦးကို စစ်ကောင်စီက အာဏာသိမ်းစအချိန်မှ ဖမ်းဆီးချုပ်နှောင်ကာ ပုဒ်မအသီးသီးဖြင့် တရားစွဲဆိုခဲ့ပြီးနောက် မြစ်ကြီးနားအကျဉ်းထောင်တွင် လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခဲထားရဆဲဖြစ်သည်။

သတင်း – Thu Ta

ပုံ – စည်ပင်ဝန်ကြီး ဦးနော်လီနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်

သင့်ထင်မြင်ချက်ရေးပေးပါ