တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ယမန်နေ့ နံနက် ၁၁ နာရီခန့်က ဖားကန့်မြို့၊ မော်မောင်းလယန်ကျေးရွာတွင် အမျိုးသမီးသေဆုံးပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အေးမြသာယာအုပ်စု၊ မော်မောင်းလယန်ကျေးရွာ နတ်ကြီးစင်ကုန်းအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး တစ်ဦးသေဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသက် ၂၉ နှစ်အရွယ် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အခုလက်နက်ကြီးမှန်လို့ ဗိုက်ပွင့်ပြီသေသွားတဲ့သူက သက်ကြီးပိုင်းထဲက အမျိုးသမီး ဟုတ်တယ်။ ကျန်တဲ့သူတွေကတော့ ခေါင်းပေါက်ဒဏ်ရာနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ရထားကြတယ်။ ကလေးတွေလည်း ပါတယ်လို့ပြောတယ်။ လောလောဆယ်တော့ရွာထဲက ဆေးခန်းမှာပဲ ပို့ထားကြတယ်” ဟုပြောသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများကို ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများက နေအိမ်ပြင်ပသို့ မထွက်ခိုင်းကြောင်း သိရသည်။

မတ်လ ၃၀ ရက်နေ့က အဆိုပါကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သောကြောင့် ဒေသခံပြည်သူများက တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း ရှရော်ခကျေးရွာတွင်နေ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးက ပြောသည်။

“ကျောက်ရှာနေတုန်း အုန်းခနဲ ဆိုပြီးကြားလိုက်တယ်။ ဘယ်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်လည်းတော့ မသိဘူး။ တိုက်ပွဲဖြစ်လာတော့မယ်ထင်တယ် ရွာထဲကအိမ်တွေအကုန် တံခါးပိတ်ထားကုန်ပြီ” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း ဆိပ်မူကျေးရွာ ရပ်ကွက် ၂ တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး လက်ရှိအချိန်ထိ KIA ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်း ခြောက်ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ