စစ်ကောင်စီ

ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိဘဲ စွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ရင်းစခန်းအပါအဝင် စခန်းငယ် ၆ ခုရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်များထိုးစစ်ဆင်တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့်စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်သည်ဟု  KIA ရှေ့တန်း အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“ဘန်ထန်းကျေးရွာက ကုန်းစခန်း အဲ့ကုန်းကိုတော့ ဒေါ့အင်ခန်ပိုစ် (Daw Nhkang Post) လို့ပြောတာဟုတ်တယ်။ သူတို့ထွက်သွားပြီဆိုတဲ့သတင်းကြားလို့သွားစစ်ဆေးကြည့်တာပေါ့၊ ဗွီဒီယိုထဲမှာမြင်ရတဲ့အတိုင်း အားလုံးမသွားတယ်။ ခွေးတွေပဲကျန်ခဲ့တယ်။ ကျွန်တော်တို့ဘက်ကလည်း စခန်းကိုမီးရှို့ဖျက်ဆီးထားခဲ့တယ်။” ဟုပြောသည်။

အလားတူ လွယ်ခမ်းစစ်ကောင်စီဗျူဟာကုန်းစခန်းအပါအဝင် စခန်းလေးခုသည် KIA ၏စစ်မျက်နှာကြားတွင်ရှိလာပြီဖြစ်သောကြောင့် ထွက်ပြေးသွားခြင်းဖြစ်နိုင်သည်ဟု KIA တပ်ရင်း (၁၂) အရာရှိတစ်ဦးကဆက်ပြောသည်။

“သူတို့ဟာသူတို့ ထွက်ပြေးသွားတာ၊ ထွက်သွားပြီလို့ကြားနေရတာကကြာပြီပေါ့၊ ကျွန်တော်တို့ကနောက်မှသွားကြည့်နိုင်တာ။ အခုတော့စခန်းတွေကိုရှင်းလင်းရေးလုပ်နေပြီ။ သူတို့က မထွက်ရင်လည်းမရတော့ဘူးလေ။ ကျွန်တော်တို့ရဲ့ကြားမှာဖြစ်သွားပြီ။ မန်ဂေါင်ကုန်းက အထက်အောက်ရှိတယ်။ နေရာလေးနေရာမှာအထိုင်ချထားတဲ့ဟာတွေဟုတ်တယ်။ လွယ်ခမ်းမှာက စကခ ၂၁ အထဲက ဗျူဟာမှူးထိုင်တာဟုတ်တယ်၊ ကျွန်တော်တို့စစ်ဆေးစရာရှိတာစစ်ဆေးပြီး ရှင်းလင်းရေးလုပ်ခဲ့ပြီ” ဟုပြောသည်။

စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၁၅) နှင့် (၄၇) ပူးပေါင်းတပ်များစခန်းချနေထိုင်သည့် အဆိုပါတပ်စခန်းလေးနေရာကို မတ်လ ၂၆ ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့များသွားရောက်စစ်ဆေးကာ ရှင်းလင်းရေးပြုလုပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မံစီမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာထွက်ပြေးသွားသည့်စခန်းများမှာ ဘန်ထန်း (Bang Htan Mare) ကျေးရွာအခြေစိုက်ခြေမြန်တပ်ရင်း ခ.မ.ရ (၄၂၆)၊ အင်အား ၁၈၀ ခန့်ရှိသော လွယ်ခမ်းဗျူဟာကုန်းစခန်းအပါအဝင် လအိုက်ကုန်း (La Aik Bum)၊ မန်ဂေါင်ကုန်းအောက် (Man Gau Bum Post Lawu)၊ မန်ဂေါင်ကုန်းအထက် (Man Gau Bum Post Lahta) နှင့် မိုင်းခေါင်ကျေးရွာ (Mung Hkawng Mare) အခြေစိုက်ခြေလျင်တပ်ရင်း ခ.လ.ရ (၁၂၁) စသည့်စစ်ကောင်စီတပ်စခန်းများ စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုစခန်းများထဲမှ မိုင်းခေါင်ကျေးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၁၂၁) တပ်ဖွဲ့ဝင်များလက်နက်ကြီးကျည်၊ ဗုံးသီးများကို ချောင်းထဲစွန့်ပစ်ကာ စခန်းစွန့်ခွာထွက်ပြေးသွားသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ အလန်ဂါးကျေးရွာရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၁၃၇) တပ်ဖွဲ့ဝင်များ လက်နက်များနှင့်အတူ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ –  ၂၀၁၉ခုနစ်က ကချင်ပြည်နယ် နန်ဆန်ယန်​ကျေးရွာတွင် ​​တွေ့ရသော စစ်​ကောင်စီတပ်သားများ။

သင့်ထင်မြင်ချက်ရေးပေးပါ