မြစ်ကြီးနားမြို့ပြင်တွင် အထိုင်ချထားသည့်စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက် ၇ နာရီခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည် ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

အကျဲကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာမှ တစ်နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ခဏပဲပစ်တာက၊ အကျဲမှာစခန်းချနေထိုင်တဲ့ စစ်ကောင်စီစခန်းကို ပစ်တာဟုတ်တယ်” ဟုပြောသည်။

KIA တပ်ရင်း ၁၁ က သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမျိုးသမီးနှစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အိမ်နှစ်အိမ်ထိတာ တစ်အိမ်ကလုံးဝ အကုန်လောင်သွားတယ်။ နောက်တစ်အိမ်က ဇကာပေါက်တွေ ဖြစ်သွားတယ်။ အမျိုးသမီးက ဗိုက်မှာလက်နက်ကြီးစစိုက်ဝင်သွားလို့ အခုဆေးရုံခွဲခန်းရောက်နေပြီ။ အိမ်မီးလောင်သွားတဲ့ အိမ်ကသက်ကြီးရွယ်အိုအမျိုးသမီးကတော့ ခြေဖဝါးမှာနည်းနည်းလေးထိသွားတယ် စိုးရိမ်စရာတော့မလိုဘူး” ဟု ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း လှုပ်ရှားသွားလာနေပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာသစ်မြစ်ကမ်းနားဘေးဘက် လက်နက်ကြီးကျတာတွေ အစစင်တာတွေရှိတယ်တဲ့။ အခုရွာထဲမှာ စစ်သားတွေလှုပ်ရှားသွားလာနေတာမျိုးရှိတယ်။ လက်နက်ကြီးသံကလည်း တစ်ချက်၊ တစ်ချက်ထွက်သေးတယ်” ဟုပြောသည်။

မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းချတပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကလည်း KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ