ပုလဲမြို့နယ်တွင် အရက်သောက်ပြီးပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်းမှူးတစ်ဦးကို ယင်းမာပင်ခရိုင် တပ်ရင်း (၁၉) – Pale Jokers PDF က ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စခန်းမှထွက်ကာ အရက်သွားသောက်တတ်ကြောင်း သတင်းရရှိသဖြင့် ပုလဲ – ဂန့်ဂေါလမ်းရှိ ကန့်ဒေါင့်ကျေးရွာ နယ်မြေရဲစခန်းရှေ့တွင် စောင့်ဆိုင်းကာ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု Pale Jokers PDF မှ တပ်ရင်းမှူးဗိုလ်ပုလဲက The 74 Media ကိုပြောသည်။

“ဖမ်းမိတဲ့အချိန်လည်း သူတစ်ယောက်ထဲထွက်လာတာဗျ၊ အရက်တောင်နည်နည်းမူးနေပြီ၊ကျွန်တော်တို့ နယ်မြေဘယ်ကျွံလာလို့ စောင့်ပြီးဖမ်းလိုက်တာ။ ရဲစခန်းမှာ အထိုင်ချပြီးနေတဲ့ စစ်ကြောင်းပေါ့။ ဖမ်းမိတာကတော့ သူတို့စခန်းရဲ့အရှေ့ဘက်မှာဖမ်းမိတာပါ။ အခုကစစ်ဆေးနေတဲ့ အချိန်ပဲရှိသေး” ဟုပြောသည်။

ဖမ်းဆီးရမိခဲ့သူမှာ သုံးပွင့်ဗိုလ်ကြီး ဟိန်းရဲထက်ဆိုသူဖြစ်ပြီး NUG ၏ စစ်သုံ့ပန်းဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသူကပြောသည်။

ပုလဲမြို့ရှိ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ပစ်ခိုက်တိုက်ခိုက်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။

“တိုက်ပွဲကတော့ ကနီဘက်ကလို စခန်းသိမ်းဝင်ချတာတော့မဟုတ်ဘူး။ ပြောက်ကျား ပြောက်ကျား ဝင်ဆော်တာ။ ဒရုန်းနဲ့ချပြီးတော့ မြေပြင်ကနေလည်း ဝင်ပစ်တယ်။ သူတို့ဘက်က သေဆုံးဘာညာတော့ မကြားမိသေးဘူး” ဟုပြောသည်။

အဆိုပါ ကန့်ဒေါင့်ကျေးရွာနယ်မြေရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကလည်း မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – Pale Jokers PDF Fb page

သင့်ထင်မြင်ချက်ရေးပေးပါ