ကချင်လွတ်မြောက်ရေးတပ် (KIA)ပူးပေါင်းတပ်က ယမန်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မိုးမောက်-လွယ်ဂျယ်လမ်းမပေါ်ရှိ ယော်ယုံတောင်စစ်ကောင်စီတပ်စခန်းအပါအဝင် တပ်စခန်းခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

လက်နက်ကြီးရမ်းသမ်းပစ်ခတ်လေ့ရှိသည့် လွယ်ဂျယ်မြို့အထက် ယော်ယုံတောင်တပ်စခန်းကို ယနေ့နေ့လယ် ၁၁နာရီခွဲခန့်က KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ယော်ယုံစခန်းတော့ သိမ်းပြီလို့ပြောတယ်၊ အခုလေယာဉ်ပြန်လာနေတယ်။ ပစ္စည်းသိမ်းရတာတော့ ကားနဲ့သွားသယ်နေတာ ဒါပေမဲ့ လေယာဉ်လာတော့ ဘယ်လိုအခြေအနေဖြစ်နေပြီလဲတော့ သတင်းမရသေးဘူး။ ဘာတွေ သိမ်းရလဲဆိုတာ အသေးစိတ်မသိရသေးဘူး။ ဖလန်းဘွမ် (Hpalang Bum) ဆိုတဲ့ တပ်စခန်းလည်း ခုနကပဲ သိမ်းထားပြီ” ဟု ပြောသည်။

ယော်ယုံတောင်ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးခဲ့ပြီး KIA ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပစ်ခတ်နေကြောင်း တခြားKIAတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ယော်ယုံတောင် သိမ်းပြီ၊ အဲဒီနေရာက စစ်သားတွေက လွယ်ဂျယ်မြို့ထဲ ပြေးဝင်နေကြပြီ၊ ပြေးသွားတဲ့သူတွေကို နောက်ကနေ ဝိုင်းပစ်နေကြတယ်” ဟုပြောသည်။

မိုးမောက်-လွယ်ဂျယ်လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်းအများပိုင်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းအများပြား သိမ်းဆည်းရမိခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနက်ပိုင်းမှာ ၁၁ နာရီခွဲလောက်အထိတော့ လောမွန် (Law Mun) စခန်းကို သိမ်းပိုက်နိုင်ခဲ့တာဟုတ်တယ်။ လက်နက်အကြီးအငယ်တော်တော်လေးရခဲ့တယ်။ လေယာဉ်ကတော့ပြောမနေနဲ့တော့ တစ်ခါလာကြဲရင်တစ်နာရီလောက်ကြာအောင်ဗုံးလာကြဲတယ်” ဟုပြောသည်။

စခန်းသိမ်းတိုက်ပွဲများမှ ဟောင်ဝှစ်ဇာလက်နက်ကြီးနှစ်လက်၊ လက်နက်ခဲယမ်းများနှင့် အစားအသောက်ရိက္ခာ အများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မိုးမောက်-လွယ်ဂျယ်လမ်းမ၊ စိန်လုံတောင်ကြောရှိ ဖလန်းဘွမ် (Hpalang Bum)၊ လော့မွန် (Law Mun)နှင့် ယော်ယုံတောင်ရှိ စစ်ကောင်စီတပ်စခန်းတို့ကို ယနေ့နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဘန်ယောင် (Bang Yau)တပ်စခန်း၊ လောဒန်ကျေးရွာရှိ အူဒန်ဘွမ် (Udang Bum)တပ်စခန်းနှင့် ရှန်တိုင် (Shang Tai) တပ်စခန်းတို့ကို ယမန်နေ့က KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Pan Soon, Doi Awng

ပုံ – ယော်ယုံတောင် စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအချို့

သင့်ထင်မြင်ချက်ရေးပေးပါ