ဆွမ်ပရာဘွမ်မြို့တွင် နောက်ဆုံးကျန်ရှိသည့် တပ်စခန်း အသိမ်းမခံရရေးအတွက် စစ်ကောင်စီတပ်က အပြင်းအထန်ခုခံနေပြီး နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့ကိုမူ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားပြီး နောက်ဆုံးကျန်ရှိသည့် ပူတာအိုအခြေစိုက် ခြေလျင်တပ်ရင်း ခ.လ.ရ (၄၆) လက်အောက်ခံ တပ်စခန်းကိုဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု KIA အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ညမှာ အကြိမ် ၂၀ကျော် လာကြဲသွားတယ်။ မနေ့ကပဲ အားလုံးပေါင်းရင် ဗုံးအရေအတွက်က ၁၀၀ ကျော်မယ်ထင်တယ်။ သူတို့လာကြဲတာက ဆွမ်ပရာဘွမ်မြို့အနီးမှာတောင်မဟုတ်ဘူး။ အနီးက ရွာတွေကိုလည်းလာကြဲတယ်။ အပြင်းအထန်ကိုခုခံနေတာ။ လေယာဉ်ကနေ့တိုင်းကိုလာနိုင်တယ်။ လေယာဉ်ကြောင့်လည်း ကျွန်တော်တို့ကြန့်ကြာနေတာ” ဟုပြောသည်။

 

စစ်ကောင်စီတပ်က ၎င်းတို့စခန်းအတွက် Y 12 လေယာဉ်ဖြင့် ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ရိက္ခာနှင့်လက်နက်ပစ္စည်းများလာကြဲချသွားကြောင်း KIA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီနေ့လည်းလာချတယ်။ ဒီနေ့ကလေသိပ်မတိုက်လို့ဒီဘက်တော့မကြဲလာဘူး။ အရင်နေ့ကတော့ ကျွန်တော်တို့ဘက်ကတောင်ရသေးတယ်။ သူတို့ရဲ့အစားအစာတွေ၊ ပေါ့တဲ့ဟာတွေဆိုရင် လေတိုက်ရင်ကျွန်တော်တို့ဘက်ကျလာတာဟုတ်တယ်။ သူတို့ကဗုံးတစ်ခါလာကြဲရင် နှစ်နာရီလောက်ကြာတယ်” ဟုပြောသည်။

ဆွမ်ပရာဘွမ်မြို့တွင် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး မြို့အတွင်းရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို မတ်လ ၁၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ရက် ၂၀ ကျော်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုများရှိသည်။

တိုက်ပွဲကြောင့် မြစ်ကြီးနား – ပူတာအိုလမ်းပိတ်နေပြီး မိုင်ထောင်ကျေးရွာ၊ ခဂရန်းကျေးရွာနှင့် တောတောင်များတွင် ဒေသခံပြည်သူ တစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ