ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး၏ တူတော်စပ်သူနှင့် စကားများရန်ဖြစ်သည့် လူငယ်တစ်ဦး ယနေ့ နံနက် ၉ နာရီခန့်က မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာတွင် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

မြဇေယျာရပ်ကွက်ရှိ ရွှေပြည်သာဘုန်းကြီးကျောင်းရှေ့တွင် စကားများရန်ဖြစ်နေချိန် ပြည်သူ့စစ်တပ်ဖွဲ့ဝင်က သေနတ်နှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသား တစ်ဦးက The 74 Media ကိုပြောသည်။

“ပြည်သူ့စစ်မျိုးသူဆိုတဲ့သူရဲ့ တူဖြစ်သူနဲ့ အခုပစ်ခံရတဲ့သူနဲ့ ရွှေပြည်သာဘုန်းကြီးကျောင်း မုခ်ဦးမှာ စကားများကြရင်း ပြည်သူ့စစ်မျိုးသူကပစ်လိုက်တာ။ နှစ်ချက်ပစ်ခံရတယ်။ မိုးကောင်းဆေးရုံပို့တာ မမှီလိုက်ဘူး” ဟုဆိုသည်။

သေဆုံးခဲ့သူမှာ အသက် ၂၈ နှစ်ခန့်အရွယ်ရှိ ကိုသားငယ်ဆိုသူဖြစ်ပြီး ဝမ်းဗိုက်နှင့် နှလုံးတို့တွင် ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ကိုသားငယ်ကို အခင်ဖြစ်ပွားပြီးနောက် မိုးကောင်းပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံအမျိုးသား အခြားတစ်ဦးက ပြောသည်။

“သေနတ်နဲ့ပစ်သတ်တဲ့သူ ပြည်သူ့စစ်ရဲ့ အိမ်ရှေ့လမ်းပေါ်မှာ တခြားသူနဲ့ သေတဲ့ကလေး စကားများကြတာ။ ၁၁ နာရီလောက်မှာ ဆားမှော်ကို အလောင်းပြန်ယူလာခဲ့ပါပြီ” ဟုပြောသည်။

အဆိုပါသေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်မှာ ကျေးရွာအတွင်းသွာလာချိန်နှင့် ဈေးထွက်ဝယ်ချိန်တို့တွင် သေနတ်ကိုင်ဆောင်သွားလေ့ရှိပြီး ကြမ်းတမ်းစွာပြောဆိုဆက်ဆံတတ်သူဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအုပ်စုတွင် လူဦးရေစုစုပေါင်း တစ်သောင်းနှစ်ထောင်ကျော် နေထိုင်ကြောင်း သိရသည်။

 

သတင်း – Thu Ta

ဓါတ်ပုံ – ရင်ငြိမ်းပန်းပရဟိတအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ