ကြက်ဥခန့်အရွယ်အစားရှိသော မိုးသီးကြွေကျမှုကြောင့် နေအိမ်သွပ်ပြားများပျက်စီးသွားသော ဖားကန့်မြို့တွင် အိမ်မိုးသွပ်ပြားများအပါအဝင် အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ မြှင့်တက်နေကြောင်းသိရသည်။

မိုးသီးကြွေကျစဉ် နေအိမ်အများအပြား၏ သွပ်မိုးများပေါက်ပြဲကြသဖြင့် အိမ်ဆောက်ပစ္စည်းဆိုင်များက ယခင်ဈေးနှုန်းများထက် တိုးမြှင့်ကာရောင်းချနေကြောင်းနှင့် နေအိမ်ပြန်လည်ပြုပြင်စရိတ် ဆယ်သိန်းကျပ်နီးပါး ကုန်ကျကြောင်း ဆိပ်မူကျေးရွာတွင်နေထိုင်သည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သွပ်နဲ့သံတွေက အဓိက ဝယ်ကြတာ။ ဆိုင်မှာ ပစ္စည်းပြတ်တဲ့အထိပဲ။ ဆိုင်ပိုင်ရှင်တွေတွက်တော့ အမြတ်ပေါ့။ ခေါင်မိုးတွေက ဖာလို့လည်းမရဘူး နှစ်လက်မလောက် အပေါက်ကြီးတွေလေ။ အကုန်နီးပါးပေါက်နေတော့ အကုန်လဲရတော့တာပေါ့” ဟုပြောသည်။

ရှရော်ခကျေးရွာရှိ ရပ်ကွက်လူကြီးများက ပျက်စီးသွားသည့်လူနေအိမ်များကို စာရင်းလိုက်ကောက်နေကြောင်း ရှရော်ခကျေးရွာတွင်နေထိုင်သည့်ဒေသခံအမျိုးသမီးတစ်ဦးကဆက်ပြောသည်။

“စီးပွားရေးအဆင်မပြေနေတော့ သွပ်လဲဖို့က မတတ်နိုင်ဘူးလေ။ ရွာကလူကြီးတွေတော့ စရင်းကောက်သွားပြီ။ သူတို့ လုပ်ပေးမယ်လို့လည်းပြောတယ်။ တခြားရွာကလူတွေကိုလည်း အဲ့လိုလေးလုပ်ပေးမယ်ဆို အဆင်ပြေကြမှာ”ဟုဆိုသည်။

ယခင် သွပ်ဈေးနှုန်း တစ်ပေလျှင် ၂၀၀၀ ကျပ်ဖြစ်သော်လည်း ယခုပေါက်ဈေးမှာ ၃၃၀၀ ကျပ်အထိရောင်းချနေကြောင်းသိရသည်။

ဖားကန့်မြို့နယ်အတွင်း မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီခန့်က လေပြင်းတိုက်ခိုက်ပြီး ကြက်ဥခန့်အရွယ်အစားရှိသော မိုးသီးကြွေကျခဲ့သောကြောင့် မြေစာပုံတွင်ကျောက်ရှာနေသူအချို့ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်။

သတင်း – Pe Ti

ပုံ – ဖားကန့်မြို့နယ်အတွင်း မတ်လ ၂၆ ရက်နေ့ ညက မိုးသီးကြွေကျခဲ့သောကြောင့် ပျက်စီးသွားသော နေအိမ်သွပ်ပြားများကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ