တရုတ် – မြန်မာနယ်စပ်ရှိ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယမန်နေ့ညမှစတင်ကာ ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း ဒေသခံများထံက သိရသည်။

လွယ်ဂျယ်မြို့ပတ်ပတ်လည်တွင် KIA ပူးပေါင်းတပ်ကပိတ်ဆို့ထားခြင်းဖြစ်ကာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများက တရုတ်နိုင်ငံသို့ထွက်ခွာရန် နယ်စပ်ဂိတ်တို့ရောက်ရှိနေပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ကြိုဆိုပါ၏နေရာတွေမှာ မြို့ပတ်ပတ်လည်မှာနေရာယူထားနိုင်ပြီ။ အဲ့အချိန်စစ်ကောင်စီစစ်သားတွေ သေနတ်ဖောက်တာတွေရှိတယ်။ သူတို့ဘက်က တရုတ်ကိုထွက်ဖို့ပြင်နေကြတယ်။ နေရာတိုင်းမှာတော့ ကျွန်တော်တို့နေရာယူထားပြီဟုတ်တယ်။ မနေ့ညကနေစပြီး ရုံးဝန်ထမ်းတွေ၊ မိသားစုဝင်တွေက ထွက်နေပြီ” ဟုပြောသည်။

ယခုအချိန်တွင် လွယ်ဂျယ်မြို့ရှိ တရုတ် – မြန်မာနယ်စပ်ဂိတ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင် ၃၀၀ ခန့်ရောက်ရှိနေကြောင်း KIA သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

မြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန် ပြောဆိုနေကြောင်း KIA အရာရှိတစ်ဦးက ပြောသည်။

“လွယ်ဂျယ်ကမရသေးဘူး။ နည်းနည်းရှုပ်နေသေးတယ်။ နယ်စပ်ဂိတ်ကိုလည်း ကျွန်တော်တို့ ထိန်းချုပ်ထားတယ်။ တရုတ်ဘက်ကိုထွက်ဖို့လည်းခွင့်မပေးသေးဘူးထင်တယ်။ သူတို့ဘက်က မြို့တွင်းမှာရှိတဲ့စစ်သားတွေ လက်နက်မချသေးဘူး” ဟုပြောသည်။

မိုးမောက် – လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှစတင်ကာ KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယော်ယုံတပ်စခန်းအပါအဝင် တပ်စခန်းခြောက်ခုထက်မနည်း သိမ်းပိုက်ထားပြီဖြစ်သည်။

အဆိုပါလမ်းတစ်လျောက်တွင် စစ်ကောင်စီတပ်၏ စိန်လုံတောင်တပ်စခန်းကြီးနှင့် အနီးတစ်ဝိုက်ရှိ စခန်းငယ်များကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ