မိုးမောက် – လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တရုတ်နိုင်ငံက မိုင်ဂျာယာန်မြို့နှင့် လွယ်ဂျယ်မြို့တစ်လျှောက်ရှိ နယ်စပ်ခြံစည်းရိုးကို အနီရောင်ပိတ်စဖြင့် အမှတ်အသားပြုလုပ်နေကြောင်း သိရသည်။

လွယ်ဂျယ်မြို့တွင် တိုက်ပွဲဖြစ်ပွားလာပါက တရုတ်နိုင်ငံသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်သောကြောင့် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်မှစတင်ကာ အမှတ်အသားများ လိုက်လံပြုလုပ်နေခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လွယ်ဂျယ်ကိုဖြိုတော့မယ်၊ တိုက်တော့မယ်ဆိုပြီး တရုတ်တွေခန့်မှန်းလို့နေမှာ ပိတ်စအနီလာတန်းထားတာ။ သူတို့ဘက်က အန္တာရာယ်ရှိတဲ့ စိုးရိမ်ရတဲ့နေရာဖြစ်တယ်။ မထိရဘူးဆိုတဲ့အဓိပါယ် သူတို့ကိုထိရင် ပြန်ပစ်မယ်ဆိုတဲ့ သဘောဖြစ်မယ်။ မိုင်ဂျာယာန် လောင်းကစားရုံနောက်မှာ တန်းထားကြတယ်” ဟုပြောသည်။

နယ်စပ်တစ်လျောက်တိုက်ပွဲဖြစ်ပွားလျှင် တရုတ်နိုင်ငံသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိသဖြင့် တရုတ်နိုင်ငံမှစာထုတ်ပြန်ထားပြီး ရဟတ်ယာဉ်ဖြင့် ပတ်ကင်းလှည့်ခြင်းများရှိကြောင်း အသက် ၂၅ နှစ်ခန့်အရွယ် လွယ်ဂျယ်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“သူတို့စာထုတ်ပြန်တာတွေလည်း ရှိတယ်လေ။ လက်နက်နောက်တစ်ခါပြန်ကျလာခဲ့ရင် သူတို့ပြန်ပစ်ချမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ထုတ်ထားတာ။ ဘာကြောင့်လဲတော့ ကျွန်တော်တို့လည်း အတိအကျတော့ မပြောတတ်ဘူး။ ရဟတ်ယာဉ်တွေနဲ့ နယ်စပ်တွေမှာ ကင်းလှည့်တာတွေတောင်ရှိတယ် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ” ဟုပြောသည်။

ပြီးခဲ့သည့်မတ်လ ၂၇ ရက်နေ့က မိုးမောက် –  လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ချိန် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးနှစ်လုံး မိုင်ဂျာယန်မြို့တစ်ဖက်ရှိ တရုတ်နိုင်ငံတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယမန်နေ့ မတ်လ ၂၈ ရက်နေ့က နေပြည်တော်တွင် စစ်ကောင်စီပြည်ထောင်စုဝန်ကြီး  ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် မစ္စတာချန်းဟိုင်တို့ တွေ့ဆုံကာ တရုတ် – မြန်မာ နယ်စပ်ဖြတ်ကျော်လာမှုနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် လွယ်ဂျယ်မြို့ကို KIA ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ထားကာ မြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချရန်‌ ပြောနေပြီး စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းနှင့် မိသားစုဝင် ၃၀၀ ခန့် တရုတ်နယ်စပ်ဂိတ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

သတင်း – Dureng, Pan Soon

ပုံ – မတ်လ ၂၈ ရက်နေ့ညနေက တရုတ်နိုင်ငံမှ နယ်စပ်ခြံစည်းရိုးတစ်လျောက်တွင် အမှတ်အသာများ လိုက်လံပြုလုပ်နေ

သင့်ထင်မြင်ချက်ရေးပေးပါ