မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် လျှပ်စစ်ဝါယာကြိုးများဖြတ်တောက်ခိုးယူမှု မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

ငွေပျော်ကောင်နယ်မြေရှိ နေအိမ်လေးအိမ်တွင် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ည မိုးသည်းထန်စွာရွာသွန်းချိန် လျှပ်စစ်မီးကြိုးများဖြတ်တောက်ခိုးယူခံခဲ့ရသည်ဟု အိမ်ရှင်တစ်ဦးက The 74 Media ကိုပြောသည်။

“မိုးအရမ်းရွာတဲ့ည မိုးရွာပြီးတဲ့အချိန်ခိုးခံရတာဖြစ်နိုင်တယ်လို့ ထင်တာပဲ။ ကျွန်မတို့အိမ်နဲ့ ဘေးအိမ် သုံးအိမ်နဲ့ဆို လေးအိမ်းလုံးတစ်ခါတည်းခိုးခံရတာ။ အရင်ပတ်ကလည်း ရှေ့အိမ်ကခိုးခံရတယ်။ ဒီနားပတ်ပတ်လည်ပဲ ခဏခဏ ခိုးခံနေရတာ” ဟုပြောသည်။

မကြာခဏခိုးယူခံနေရသော်လည်း အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာသို့ တိုင်ကြားပါက သက်ရောက်မှုရှိမည် မဟုတ်သောကြောင့် တိုင်ကြားခြင်းမရှိကြောင်း မီးကြိုးခိုးယူခံရသည့် အခြားအမျိုးသမီးတစ်ဦးက ပြောသည်။

“အခုချိန်လောက်ခက်ခဲတဲ့ချိန်ကြီးမှာ အခုလိုခိုးခံရတော့ စိတ်လည်းအရမ်းတိုချင်တယ်။ လေးအိမ်ဆက်တိုက် ခိုးခံရတာဆိုတော့ တစ်အိမ်နှစ်သိန်းကျတယ် ပြန်လုပ်ကြရတာ။ ဘယ်ကိုမှလည်းမတိုင်ပါဘူး တိုင်လည်းဘာမှ ထူးမှာမဟုတ်ဘူး အဲ့ဒါကြောင့်တိုင်းကြားတာတွေမလုပ်တော့ဘူး” ဟု ပြောသည်။

ဓာတ်တိုင်မှ နေအိမ်သို့သွယ်တန်းထားသည့် မီးကြိုးများ ဖြတ်ကာခိုးယူခံနေရခြင်းဖြစ်ပြီး စီတာပူရပ်ကွက် ငွေပျော်ကောင်နယ်မြေတွင် မကြာခဏ ခိုးယူခံနေရခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များတွင်ပင် ခိုးဆိုးလုယက်မှုများ နေ့စဉ်တစ်စထက်တစ်စ တိုးလာနေပြီး ကား၊ ဆိုင်ကယ်ခိုးမှုနှင့် ဓားထောက်လုယက်မှုများ ကိုယ်တိုင်ကြုံတွေ့ရသည့်ဖြစ်စဉ်များကို လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသောပိုစ့်များ မကြာခဏတွေ့ရလေ့ရှိသည်။

ကချင်ပြည်နယ်အတွင်း အုပ်စုဖွဲ့ခိုးဆိုးလုယက်မှုအရေအတွက်သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းကာလအစမှ ၂၀၂၃ ခုနှစ် ပထမခြောက်လပတ်အထိ ၅၀ ရာခိုင်နှုန်းခန့် တိုးမြင့်ခဲ့ကြောင်း ဒေသဆိုင်ရာမှုခင်းနှင့် လုံခြုံရေးတာဝန်ရှိသူထံမှ သိရကြောင်း DVB သတင်းဌာနတွင် ရေးသားဖော်ပြခဲ့သည်။

သတင်း – Zami

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ